မြောက်ကိုရီးယားဘက်က အဆင့်အမြင့်ဆုံး ဒုံးကျည် စမ်းသပ်မှုကို စမ်းသပ်လိုက်တယ်လို့ ကြေညာပြီး တပတ်အကြာမှာပဲ အမေရိကန်ပြည်ထောင်စုနဲ့ တောင်ကိုရီးယား နှစ်နိုင်ငံ လေတပ် ပူးတွဲပြီး ကြီးမားတဲ့ စစ်ရေးလေ့ကျင့်မှုကြီး တောင်ကိုရီးယားနိုင်ငံမှာ စတင်လိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်မှုကြောင့် ကမ္ဘာတ၀ှမ်း တင်းမာမှုတွေ တိုးနေတဲ့အချိန် စတင်လိုက်တဲ့ ဒီ စစ်ရေးလေ့ကျင့်မှုမှာ တိုက်လေယာဉ် မျိုးစုံ ပါဝင်ပါတယ်။
တိုက်လေယာဉ် အစင်းရေ ၂၃၀ ပါဝင်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ F-22 တိုက်လေယာဉ် ၆ စင်း၊ F-35As တိုက်လေယာဉ် ၆ စင်းနဲ့ F-35Bs တိုက်လေယာဉ် ၁၂ စင်း ပါဝင်တယ်လို့ အမေရိကန် စစ်တပ်က ပြောပါတယ်။
စစ်ဆင်ရေးကို နိုးကြားမှု အမြင့်ဆုံး အဆင့် လို့ အဓိပ္ပါယ်သတ်မှတ်တဲ့ Vigilant Ace လို့ နာမည်ပေးထားပြီး လာမယ့် ဒီဇင်ဘာလ ၈ ရက်၊ သောကြာနေ့အထိ ဆက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယား တပ်စခန်း ၈ ခုမှာ ဆက်လက် လေ့ကျင့်သွားမယ်လို့လည်း ဆိုပါတယ်။
မြောက်ကိုရီးယားဘက်ကတော့ ဒီ စစ်ရေးလေ့ကျင့်မှုဟာ ကိုရီးယားကျွန်းဆွယ်မှာ စစ်မီးတောက်လောင်အောင် တွန်းအားပေးတဲ့ လေ့ကျင့်မှုဖြစ်တယ်လို့ ဝေဖန်ထားပြီး တင်းမာမှုတွေ ပိုတိုးလာတာနဲ့ပတ်သက်လို့ အမေရိကန် သမ္မတ Donald Trump ကို အပြစ်တင်ထားပါတယ်။