သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တောင်ကိုရီးယား ၁ဝရက်ကြာ ပူးတွဲစစ်ရေးလေ့ကျင်မှု စတင်


ကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင်မှု (ဧပြီလ ၂၀၁၇)
ကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင်မှု (ဧပြီလ ၂၀၁၇)

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ၁၀ ရက်ကြာ ပူးတွဲ စစ်ရေးလေ့ကျင့်မှုကြီးကို ဒီကနေ့ တနလာၤနေ့မှာ စတင်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ကနဲ့ စာရင်တော့ တပ်ဖွဲ့ဝင် အရေအတွက်ရော၊ လက်နက်ကိရိယာတွေကိုပါ လျှော့ချထားပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား နှစ်စဉ် နွေရာသီတိုင်းမှာ ပြုလုပ်တဲ့ Ulchi Freedom Guardian ပူးတွဲစစ်ရေးလေ့ကျင့်မှုကတော့ မြောက်ကိုရီးယားဘက်က တိုက်ခိုက်လာနိုင်ခြေတွေကို ကွန်ပြူတာနဲ့ ဖန်တီးထားပြီး ဒီအခြေအနေကို ဘယ်လို တုံ့ပြန်ကိုင်တွယ်မလဲ ဆိုတဲ့ အပေါ် စစ်ရေး စီမံကိန်းတွေချမှတ်ပြီး ပူးပေါင်းစစ်ဆင်ရေးကို ကျယ်ကျယ်ပြန့်ပြန့် လေ့ကျင့်တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား တပ်ဖွဲ့ဝင် ၅ သောင်းနဲ့ အတူ အမေရိကန် တပ်ဖွဲ့ဝင် ၁ သောင်း ၇ထောင့် ၅ ရာ ပါဝင်လေ့ကျင့်မှာပါ။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ အမေရိကန် တပ်ဖွဲ့ဝင် ၂ သောင်းခွဲ ပါဝင်လေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။ စစ်ရေးဆိုင်ရာ အဆင့်သင့် ရှိနေစေရေး အတွက် အခုလို ခုခံကာကွယ်ရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေ လိုအပ်တယ်လို့ စစ်ဘက် ခေါင်းဆောင်တွေက အလေးထား ပြောဆိုကြပါတယ်။ ဒါပေမယ့်လည်း အမေရိကန် ပိုင်နက် Guam ဒေသကို ပစ်မှတ်ထားပုံရတဲ့ ဒုံးကျည် စမ်းသပ်မှုကြောင့် အမေရိကန်နဲ့ မြောက်ကိုရီးယားကြား ပြဿနာ တက်တော့မယ့် အခြေအနေထိ မကြာခင်က ဖြစ်ခဲ့ပြီး နောက်မှာတော့ အခုလို စစ်ရေးလေ့ကျင့်မှုကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ ပိုဆိုးလာနိုင်ခြေ အပေါ် စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်ဖို့ အတွက် အစမ်းလေ့ကျင့်တာလို့ ပြောဆိုပြီး မြောက်ကိုရီးယားဘက်က အစဉ်တစိုက် ကန့်ကွက်နေတာ ဖြစ်ပါတယ်။ တောင်ကိုရီးယား သမ္မတ မွန်ဂျေးအင်းကတော့ ပူးတွဲစစ်ရေးလေ့ကျင့်မှုက ခုခံကာကွယ်ရေး အတွက်ဖြစ်ပြီး ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ တိုးလာဖို့ ရည်ရွယ်တာ မဟုတ်ဘူးလို့ ဒီကနေ့ ပြောပါတယ်။ တရုတ်နဲ့ ရုရှားတို့ကလည်း ဒီပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ဆိုင်းငံ့ဖို့၊ နောက် မြောက်ကိုရီးယားဘက်ကလည်း ဒုံးကျည်တွေနဲ့ နျူးကလီးယား စမ်းသပ်မှုတွေကို ရပ်ဖို့ ပြောဆိုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG