သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကြုံစဖူး ဆိုးရွားတဲ့ အမေရိကန်နှင်းမုန်တိုင်း


အမေရိကန်ပြည်ထောင်စုက ပြည်နယ်တော်တော်များများမှာ ဒီနှစ်ပိုင်းတွေမှာ ထူးထူးခြားခြား လွန်ကဲတဲ့ ရာသီဥတုဆိုးရွားတဲ့ဒဏ်ကို ခံနေရပြီး၊ နှင်းတွေဖုံးလွှမ်းပြီး ရေခဲသွားတဲ့အထိ အန္တရာယ်ကြီးတဲ့ နှင်းမုန်တိုင်း တိုက်ခတ်မှုတွေ ကြုံနေရပါတယ်။ ဆိုးရွားလွန်းလှတဲ့ နှင်းမုန်တိုင်းဒဏ်ခံနေရတဲ့ အမေရိကန်ရောက် မြန်မာနိုင်ငံသားတွေရဲ့ မကြုံစဖူး အတွေ့အကြုံတွေနဲ့ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု အရှေ့တောင်ပိုင်း ပြည်နယ်တွေမှာ မကြုံစဖူး နှင်းမုန်တိုင်းကြီး ပြင်းပြင်းထန်ထန် တိုက်ခတ်တဲ့အတွက် လူပေါင်းသုံးသိန်းကျော်လောက် လျှပ်စစ်မီးမရဘဲ နေထိုင်နေကြရပါတယ်။ ဗုဒ္ဓဟူးနေ့ညပိုင်း နှင်းမုန်တိုင်း စပြီးတော့ တိုက်ခတ်တဲ့အတွက် ကြာသပတေးနေ့မှာတော့ ဗွီအိုအေမြန်မာပိုင်းရုံးစိုက်ရာ ဝါရှင်တန်ဒီစီမြို့တော်မှာလည်း အစိုးရရုံးအကုန်လုံးနဲ့ စာသင်ကျောင်းတွေကို အရေးပေါ် ပိတ်လိုက်ရပါတယ်။

ဝါရှင်တန်ဒီစီမြို့တော် အနီးတဝိုက်၊ မယ်ရီလန်းပြည်နယ်နဲ့ ဗာဂျီးနီးယားပြည်နယ်တွေမှာလည်း နှင်းထုက အမြင့်ပေ တစ်ပေကျော်နေပြီး တချို့နေရာတွေမှာ တစ်ပေခွဲအထိ မြင့်တက်နေတာမို့ လမ်းမတော်တော်များများ နှင်းတွေ ဖုံးလွှမ်းနေပါတယ်။

နယူးယောက်မြို့မှာတော့ နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် လမ်းပမ်းဆက်သွယ်ရေးတွေ ခက်ခဲပြီး လုပ်ငန်းတော်တော်များများ ရပ်နားထားရပေမဲ့ ကုလသမဂ္ဂရုံးမှာ လုပ်ကိုင်နေတဲ့ ဝန်ထမ်းအချို့ကတော့ နေအိမ်ကနေ အလုပ်လုပ်ကိုင်ခဲ့ရပါတယ်။ ၁၅ နှစ်တာကာလအတွင်း ဆိုးရွားလွန်းတဲ့ရာသီဥတုဒဏ်ကို မကြုံစဖူး ခံရတာဖြစ်တယ်လို့ ကုလသမဂ္ဂမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာဝန်ထမ်း မဝေဝေနိုင်က ပြောပါတယ်။

“အမေရိကားရောက်ပြီး ၁၅ နှစ်သက်တမ်းမှာ တခါမှ ဒီလောက် မကျဖူးဘူး။ ရုံးမှာလည်း အမြဲ Announce လုပ်နေတာပေါ့နော်။ ဒီ Weather ဆိုးမယ်။ အရမ်းခက်ခဲတဲ့ နေရာတွေက သတိနဲ့လာကြဖို့ ကိုယ်ရဲ့ဆရာတွေနဲ့တိုင်ပင်ပြီး အိမ်ကနေ အလုပ်လုပ်ကြဖို့ ရုံးမှာလည်း အမြဲတမ်းပဲ Warning Email တွေ အမြဲတမ်းပို့နေတယ်။ မနေ့ကတည်းကတင် ရုံးမှာ Announce လုပ်ထားပြီး လာဖို့ ခက်ခဲရင် မလာပါနဲ့။ အိမ်ကနေ အလုပ်လုပ်ပါ။ တချို့တွေကျတော့လည်း ရုံးကို လာပြီးတော့မှ အလုပ်လုပ်ရမယ့်သူတွေရှိတယ်။ ရုံးမှာရှိတဲ့သူတွေကလည်း အိမ်ကိုပြန်ကြပါဆိုပြီးတော့ Weather ၄ နာရီမှာ ထပ်ပြီးတော့ Announce လုပ်ထားတယ်။ Breaking News အနေနဲ့ အရမ်းဆိုးမယ်ဆိုပြီးတော့။ မနက်က Snow တွေ ကျတယ်။ ကျပြီးတဲ့အခါမှာ မိုးတွေပြန်ရွာလာတယ်။ Snow တွေပျော်ပြီးတဲ့အခါမှာ ရေတွေကခဲသွားတယ်။ ရေခဲတဲ့နေရာခဲတယ်၊ ပျော်တဲ့နေရာပျော်တယ်။ အဲတော့ လမ်းသွားတဲ့အခါမှာ အရမ်းအန္တရာယ်များတာပေါ့နော်။”

အမေရိကန်အရှေ့တောင်ပိုင်းက မြောက်နဲ့တောင် ကာရိုလိုင်းနားတွေမှာ ရေခဲ မိုးတွေပါ ရွာသွန်းတိုက်ခတ်နေတဲ့ နှင်းမုန်တိုင်းကြောင့် အဓိက အဝေးပြေး လမ်းမကြီးတွေမှာ ကားတွေ ဆက်မသွားနိုင်ဘဲ ဖြစ်ရပြီး ယာဉ်မောင်းသူတွေဟာ သူတို့ရဲ့ကားတွေကို လမ်းပေါ်မှာတင် ရပ်ထားရတာမျိုးနဲ့ ကြုံနေရပါတယ်။
မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ ရာသီဥတု ဆိုးရွားမှုဒဏ်ကြောင့် စာသင်ကျောင်းတွေ၊ တက္ကသိုလ်တွေ ပိတ်ထားလိုက်ရတဲ့အတွက် တက္ကသိုလ်နဲ့ စာသင်ကျောင်း ဘတ်စ်ကားမောင်းတဲ့ မြန်မာလူမျိုး ဦးအောင်ကလည်း ကားမောင်းတဲ့ သူ့အလုပ်ကို ရပ်နားထားရတယ်လို့ ပြောပြပါတယ်။

“ကျနော်တို့အလုပ်တွေကလည်း အကုန် ပိတ်လိုက်တယ်လေ။ ကျနော်ကလည်း school bus တွေ မောင်းတာဆိုတော့ university ကလည်း ပိတ်ထားတယ်။ ကျနော်တို့ ဘတ်စ်တွေလည်း ပိတ်ထားတယ်။ စာသင်ကျောင်းတွေကတော့ ကျနော်တို့ ဒီနေ့တော့ အကုန်လုံး ပိတ်ထားတယ်ပေါ့နော်။ ဒီနေ့ ပိတ်ထားတဲ့အပြင် ကျနော်တို့ လက်ရှိ လောလောဆယ်မှာကိုက ကြေညာထား
တာ မနက်ဖြန်လည်း ပိတ်ထားတယ်။”

စံချိန်ချိုးရလောက်အောင် အပူချိန် ရေခဲမှတ်အောက်ရောက်တဲ့အထိ မကြုံစဖူး အေးခဲလွန်းတဲ့ ရေခဲမိုးတွေနဲ့ နှင်းထုကြောင့် အမေရိကန်ပြည်ထောင်စု မြောက်ပိုင်းက မစ်ရှီဂန်ရေကန်ကြီး ရေ လုံးဝ ခဲသွားတဲ့အထိ ကြုံလိုက်ရတဲ့ မစ်ရှီဂန်ပြည်နယ် Lansing မြို့မှာနေတဲ့ မြန်မာကဗျာဆရာ ဦးအောင်ဝေး ကလည်း ကားလမ်းတွေ လုံးဝ မောင်းလို့မရအောင်ကို ဖြစ်သွားပြီး အသက်အန္တရာယ် ရှိလောက်တဲ့ အေးခဲမှုဒဏ်ကို ခံခဲ့ရတဲ့ မစ်ရှစ်ဂန် တမြို့လုံးနီးပါး အရေးပေါ်အခြေအနေ ရောက်ခဲ့ရတယ်လို့ ပြောပါတယ်။

“မစ်ရှီဂန် ကန်ကြီးပါ ခဲသွားတယ်ဆိုတာ တကယ်ပဲလေ။ သိပ်ဆိုးလွန်းအားကြီးတဲ့ နေ့မျိုးဆိုရင် ကျောင်းပိတ်လိုက်တာမျိုး လုပ်တယ်။ တချို့ အလုပ်တွေ ရုံးတွေပိတ်တော့ အင်တာနက်လိုင်းတွေ တပတ်၊ ၁၀ ရက် ပြတ်တောက်၊ တီဗွီတွေ မကြည့်ရ။ နောက် အိမ်တွေမှာ မီးပြတ်၊ ရေပြတ်၊ အပူစက်တွေပြတ်ပေါ့နော်။ နောက် လူ အသေအပျောက်တွေလည်း များတယ်လေ။ အဲတော့ ဒီနှစ်ကတော့ မကြုံဖူးအောင် ဆိုးရွားတယ်လို့ ပြောရ မယ်။ ကိုယ်က ၆ နှစ်ပဲ ရှိသေးတာကိုး။ ဒီမှာ နှစ်ပေါင်း ၆၀ လောက် နေလာတဲ့ အမေရိကန်တွေတောင်မှ Oh my God, Oh my God ဖြစ်နေတဲ့အချိန်လေ။”

နှင်းမုန်တိုင်းဟာ အခုတော့ အတ္တလန္တိတ်အလယ်ပိုင်း ပြည်နယ်တွေနဲ့ အရှေ့မြောက်ဘက်ဒေသတွေ တလျှောက်ကိုလည်း ဝင်တိုက်သွားပါပြီ။ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ အေးခဲတဲ့ လေပြင်းတိုက်ခတ်မှုတွေလည်း ဖြစ်နေ
သလို အဝေးပြေး လမ်းမကြီးတွေပေါ်မှာ နှင်းတွေခဲပြီး ရေခဲတွေနဲ့ ဖုံးလွှမ်းသွားနိုင်တဲ့ အခြေအနေ ဖြစ်နေတာပါ။

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းက Georgia ပြည်နယ်ကို သမ္မတ Barack Obama က အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ နှင်းမုန်တိုင်းဒဏ်
ကြောင့် လေယာဉ်ခရီးစဉ် အများအပြား ဖျက်လိုက်ရသလို ခရီးသည် အများအပြားဟာလည်း လေဆိပ်တွေထဲမှာ နေနေကြရပါတယ်။ အခုချိန်ထိဆိုရင် နှင်းမုန်တိုင်းကြောင့် လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ရပြီဖြစ်ပြီး အဲဒီထဲက သုံးဦးဟာဆိုရင် တက္ကဆက်စ်ပြည်နယ်မှာ အရေးပေါ် လူနာတင်ယာဉ်တစီး ရေခဲကြောင့် ချော်နေတဲ့ လမ်းပေါ်ကနေ ဘေးကျသွားတာကြောင့် သေဆုံးခဲ့ရတာဖြစ်ပါတယ်။
XS
SM
MD
LG