သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဘောလုံး အကျော်အမော်တွေ မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးထွက်မည်


အမေရိကန် အားကစားသံတမန်တွေအဖြစ် ဘောလုံး အကျော်အမော် ၃ ယောက်ကို အမေရိကန်အစိုးရက မြန်မာနိုင်ငံကို စေလွှတ်ထားပါတယ်။ အမေရိကန်နာမည်ကြီး ဘောလုံးကစားသမားကြီးတွေဖြစ်ကြတဲ့ Lorrie Fair၊ Cobi Jones နဲ့ အမေရိကန် ဘောလုံးအဖွဲ့ချုပ်က နည်းပြ Jay Hoffman တို့ဟာ နိုဝင်ဘာ ၂၀ ရက်ကနေ ၂၆ ရက်နေ့အထိ မြန်မာနိုင်ငံကို အားကစားသံတမန်တွေအဖြစ် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ပညာရေးနဲ့ ယဉ်ကျေးမှုဗျူရိုရဲ့ အစီအစဉ်နဲ့ သွားရောက်နေတယ်လို့ နိုင်ငံခြားရေးဌာန က ကြေညာချက်ထုတ်ပြန်ပါတယ်။

သူတို့ ၃ ယောက်ဟာ ရန်ကုန်မြို့နဲ့ မော်လမြိုင်မြို့တွေမှာ လူငယ်တွေအတွက် ဘောလုံးလေ့ကျင့်ရေးစခန်းတွေ လုပ်ပေးဖို့ရှိသလို၊ မိန်းကလေးတွေနဲ့ နည်းပြတွေကို ခေါင်းဆောင်မှုဆိုင်ရာ သင်တန်းတွေပေးဖို့ ရှိပါတယ်။ ဒါ့အပြင် မြန်မာအားကစားနည်းမျိုးစုံက ကစားသမားတွေနဲ့လည်း တွေ့ ဆုံလေ့လာမှာဖြစ်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက လူငယ်တွေအပြင် လူငယ်တွေ၊ ကလေးတွေအရေး ဆောင် ရွက်နေတဲ့ NGO အဖွဲ့အစည်းတွေကိုလည်း ဘောလုံး အလုံးပေါင်း ၅၀၀၀ ကျော်ကို ပေးဝေသွားဖို့ စီစဉ်ထားပါတယ်။ ကမ္ဘာ့ဖလားချန်ပီယံလည်းဖြစ် အိုလံပစ်ချန်ပီယံလည်းဖြစ်တဲ့ အမေရိကန်အမျိုးသမီး ဘောလုံးအသင်းဝင် တစ်ယောက်ဖြစ်တဲ့ Lorrie Fair ဟာ အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အားကစားသံတမန်အဖြစ် အကြိမ်ကြိမ်ဆောင်ရွက်ခဲ့ဖူးပြီး လတ်တလော Afghanistan နဲ့ Iraq နိုင်ငံတွေကို သွားရောက်ခဲ့ပါတယ်။

Cobi Jones ကလည်း အမေရိကန် အမျိုးသားဘောလုံးအသင်းအတွက် နိုင်ငံ တကာပွဲပေါင်း ၁၆၄ ပွဲမှာ ကစားခဲ့သူအဖြစ် စံချိန်တင်ထားသူဖြစ်တဲ့အပြင် ကမ္ဘာ့ဖလားပွဲပေါင်း ၃ ပွဲမှာလည်း ပါဝင်ကစားခဲ့တဲ့ ဝါရင့် ဘောလုံးသမား ဖြစ် ပါတယ်။ Jay Hoffman ကတော့ ဘောလုံးနည်းပြအဖြစ် အနှစ် ၄၀ လောက် အတွေ့အကြုံရှိသူ ဖြစ်ပါတယ်။
XS
SM
MD
LG