အာဖဂန်နစ္စတန် နိုင်ငံမှာ ကလေးငယ်တွေ နဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၁၆ ဦး သေဆုံးခဲ့တဲ့ အမေရိကန်ရဲ့ ရက်စက် ရိုင်းစိုင်းမှုလို့ ရည်ညွှန်းတဲ့ ဖြစ်ရပ်အပေါ် ပြန်လက်စားချေမယ်လို့ တာလီဘန်တွေက ကြေညာလိုက်ပါတယ်။
နိုင်ငံတောင်ပိုင်း ကန်ဒါဟာ (Kahdahar) ပြည်နယ်၊ ပန်ရွိုင် (Panjwai) ခရိုင် အမေရိကန် စစ်စခန်းတခုက အမေရိကန်တပ်ကြပ်တဦး တနင်္ဂနွေနေ့ မနက်လင်းအားကြီး အချိန်မှာ တပ်စခန်းထဲ ကထွက်ပြီး အနီးအနား ရွာထဲက အိမ်တွေကို ပစ်ခတ်မှု ကြောင့် သေဆုံးခဲ့ရသူ အများအပြားဟာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ ဖြစ်တယ်လို့ အမေရိကန်နဲ့ အာဖဂန် အရာရှိတွေက ဆိုပါတယ်။ ဒီအမေရိကန် စစ်သားက အလောင်းတချို့ကို မီးရှို့ ခဲ့သေးတယ်လို့လဲ ရွာသားတွေက ပြောပါတယ်။
ပြီးခဲ့တဲ့လက အမေရိကန် စစ်စခန်းတခုမှာ ကိုရမ် ကျမ်းစာအုပ် တွေ မီးရှို့ မှုကြောင့် မကျေနပ်ဆန္ဒပြ အကြမ်းဖက်မှုတွေထဲမှာ အာဖဂန်တွေရော အမေရိကန် စစ်သားတွေပါ စုစုပေါင်း လူ ၄၀ ကျော်သေခဲ့ရတဲ့ ကိစ္စအပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုတင်းမာ လာနေချိန်မှာ ဒီသတ်ဖြတ်မှု ဖြစ်လာတာပါ။
ခုလို တာလီဘန်ဘက်က လက်တုံပြန်မယ်လို့ပြောအပြီးမှာ အာဖဂန်က အမေရိကန်တပ်တွေအနေနဲ့ လုံခြုံရေး မြှင့်တင်ထားလိုက်ပြီး၊ အမေရိကန်သံရုံးအနေနဲ့လဲ အမေရိကန် ပြည်သူ တွေကို ဒီ လက်တုံ့ ပြန်နိုင်တဲ့ အန္တရာယ် ရှိနေ တာကို သတိ ပေးထားပါတယ်။
အာဖဂန် ပါလီမန်ကလည်း ဒီလို နိုင်ငံခြား စစ်သားတွေ မထိန်းသိမ်းနိုင်ဘဲ ဖြစ်နေတာ တွေကို ဆက်သည်းခံ လို့ မရတော့ဘူးလို့ တနင်္လာနေ့က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ အမေရိကန်အစိုးရ အနေနဲ့ တာဝန်ရှိ သူတွေကို လူုသိရှင်ကြား ခုံရုံးတင် အပြစ်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
နေတိုးရဲ့ နိုင်ငံတကာ လုံခြုံရေး အထောက်အကူတပ်က ပြောခွင့်ရ ဗိုလ်မှုးချုပ်တဦး ကလည်း ဒီတိုက်ခိုက်မှု ဟာ နေတိုးတပ်တွေ အတွက် အထူး စိုးရိမ်စရာ ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။
အာဖဂန်သမ္မတ ဟာမစ်ကာဇိုင်း (Hamid Karzai) ကလည်း ကလေး ၉ ဦးနဲ့ အမျိုးသမီး ၃ ဦးသေခဲ့ရတဲ့ ဒီတိုက်ခိုက်မှုဟာ အပြစ်မဲ့ အရပ်သားတွေကို ရက်ရက်စက်စက် ရည်ရွယ် လုပ်ခဲ့တာမို့ ခွင့်လွှတ်စရာ အကြောင်းမရှိဘူး။ အမေရိကန်ဖက်က အမြန်ဆုံး ဖြေရှင်းချက်ပေးဖို့ လိုတယ်လို့ တောင်းဆိုလိုက်ပါတယ်။
ဒါကိုတုံ့ပြန်တဲ့အနေနဲ့ အမေရိကန် သမ္မတ ဘာရက် အိုဘားမား (Barak Obama) က သူကိုယ်တိုင် အာဖဂန်သမ္မတ ကို ဖုန်းခေါ် ခဲ့ပြီး အာဖဂန် ပြည်သူတွေ အတွက် ဝမ်းနည်း စကား ပါးပေးဖို့ ပြောလိုက် ပါတယ်။ ဒါ့အပြင် မစ္စတာ အိုဘာမား (Mr.Obama) ကဘဲ သူ အကြီးအကျယ် တုန်လှုပ်သွားခဲ့ရတဲ့ ဒီကိစ္စဟာ အမေရိကန် စစ်တပ်ရဲ့ ကြီးမြတ်တဲ့ အစဉ်အလာ၊ အမေရိကန် ပြည်သူ တွေက ထားရှိတဲ့ အာဖဂန် နိုင်ငံသားတွေ အပေါ် လေးစားမှု စတာတွေကို ကိုယ်စားမပြုတဲ့ ဖြစ်ရပ်ပါလို့ ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒီတိုက်ခိုက်မှု အပေါ် အမြန်ဆုံးစစ်ဆေး အရေးယူဖို့ ကာကွယ်ရေးဝန်ကြီး လီယွန် ပါနတ်တာ (Leon Pannetta) တောင်းဆိုထားတာကိုလဲ သူ သဘော တူတယ်လို့ အိုဘာမား ဆိုပါတယ်။
ဝါရှင်တန် (Washington) ပြည်နယ်အခြေစိုက် အမေရိကန်တပ်ဖွဲ့ တခုနဲ့ အတူ အာဖန်မှာ ရောက်ရှိနေတဲ့ ဒီအမေရိကန် စစ်သားကို အခုဒီတိုက်ခိုက်မှု အပြီး မနက်ပိုင်းမှာပဲ ဖမ်းဆီးထားတယ် လို့ နေတိုး အရာရှိတွေက ဆိုပါတယ်။