သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

SpaceX ကုမ္ပဏီရဲ့ Dragon အာကာသယာဉ် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကနေ ကမ္ဘာမြေကို ပြန်လည်ဆင်းသက်


SpaceX ကုမ္ပဏီရဲ့ Dragon အာကာသယာဉ်ငယ် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ ချဉ်းကပ်ပုံ (မတ်၊ ၀၃၊ ၂၀၁၉ )
SpaceX ကုမ္ပဏီရဲ့ Dragon အာကာသယာဉ်ငယ် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းသို့ ချဉ်းကပ်ပုံ (မတ်၊ ၀၃၊ ၂၀၁၉ )

အပြည်ပြည်ဆိုင်ရာ အာကာသစခန်းကို သွားရောက်ခဲ့တဲ့ SpaceX ကုမ္ပဏီရဲ့ Dragon အာကာသ ယာဉ်ငယ်လေးဟာ ကမ္ဘာမြေကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။ အမေရိကန်စံတော်ချိန် သောကြာနေ့ကူးပြီး မကြာခင် အာကာသစခန်းကနေ ပြန်လည်ထွက်ခွာလာတဲ့ Dragon အာကာသ ယာဉ်ငယ်ဟာ Florida ပြည်နယ်ကမ်းလွန် Atlantic သမုဒ္ဒရာထဲကို သောကြာနေ့ မနက်ပိုင်းမှာပဲ ပြန်ကျလာခဲ့တာပါ။

လေထီး ၄ ခုနဲ့ ကမ္ဘာ့လေထုထဲ ပြန်ရောက်လာတဲ့ အာကာသယာဉ်ငယ် သမုဒ္ဒရာထဲ အောင်အောင်မြင်မြင် ကျသွားချိန်မှာ NASA မြေပြင်ထိန်းသိမ်းရေးစခန်းက သိပ္ပံပညာရှင်တွေ အောင်ပွဲခံ အော်ဟစ်ခဲ့ကြပါတယ်။ ကမ္ဘာပါတ်လမ်းကြောင်းထဲမှာ လှည့်ပါတ်နေတဲ့ အာကာသစခန်းအတွက် ရိက္ခာနဲ့ စက်ကိရိယာတွေ သယ်ဆောင် ပေးပို့ခဲ့တဲ့ အာကာသယာဉ်ငယ်ဟာ အာကာသစခန်းနဲ့ ချိတ်ဆက်ပြီး ၅ ရက်လောက် နေခဲ့ပါတယ်။

အဲဒီကာလအတွင်း အာကာသယာဉ်မှူးတွေက ယာဉ်ငယ်အတွင်းပိုင်းကို ဝင်ရောက်စစ်ဆေးခဲ့ကြပါတယ်။ Dragon အာကာသ ယာဉ်ငယ်ပေါ်မှာ လူမပါမပေမဲ့ Ripley လို့နာမည်ပေးထားတဲ့ လူရုပ်ပါသွားပြီး အဲဒီအရုပ်က ယာဉ်ထဲမှာလူသာပါသွားခဲ့ရင် ဘယ်လိုဖြစ်မလဲဆိုတာကို သိနိုင်ဖို့ Sensor တွေနဲ့ တောက်လျှောက် တိုင်းတာ အချက်အလက်တွေကို မှတ်သားနေပါတယ်။

အမေရိကန်အစိုးရက အာကာသပေါ်ကို အာကာသယာဉ် လွှတ်တင်တဲ့ အစီအစဉ် လွန်ခဲ့တဲ့ ၈ နှစ်က အဆုံးသပ်ခဲ့ပြီးနောက်ပိုင်း Dragon ဟာပုဂ္ဂလိက ကုမ္ပဏီက စီးပွားဖြစ် တည်ဆောက် လွှတ်တင်ခဲ့တဲ့ ပထမဆုံး အာကာသယာဉ်ဖြစ်ပါတယ်။

အာကာသယာဉ်လွှတ်တဲ့ အစီအစဉ်ကို အဆုံးသတ်ခဲ့တာကြောင့် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းပေါ်က အာကာသယာဉ်မှူးတွေအတွက် ထောက်ပို့ရေး ပစ္စည်းတွေပေးပို့ဖို့ ရုရှားကို အားကိုးနေရတာပါ။ အမေရိကန်မြေပေါ်ကနေ အာကာသယာဉ်မှူးတွေကို အာကာသထဲ လွှတ်တင်နိုင်မယ့် အာကာသ ယာဉ်ငယ် တည်ဆောက်ဖို့ NASA က SpaceX နဲ့ Boeing ကုမ္ပဏီတွေကို ဒေါ်လာသန်းနဲ့ချီ ပေးထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG