သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စစ်မှုထမ်းရုပ်ကြွင်းတွေ မြန်မာနိုင်ငံမှာ ဆက်ရှာဖွေ


မြန်မာနိုင်ငံ ချင်းပြည်နယ်မှာ အမေရိကန်ကာကွယ်ရေးဌာနရဲ့ စစ်သုံ့ပန်းနဲ့ စစ်အတွင်းပျောက်ဆုံး စာရင်းဝင်သူများ ပြန်လည်ရှာဖွေတွေ့ရှိရေးနဲ့ စီစစ်ရေးဌာန တာဝန်ရှိသူတွေ ရုပ်ကြွင်းများ ရှာဖွေနေကြစဉ် (မေလ ၁၅၊ ၂၀၁၆ ခုနှစ်)
မြန်မာနိုင်ငံ ချင်းပြည်နယ်မှာ အမေရိကန်ကာကွယ်ရေးဌာနရဲ့ စစ်သုံ့ပန်းနဲ့ စစ်အတွင်းပျောက်ဆုံး စာရင်းဝင်သူများ ပြန်လည်ရှာဖွေတွေ့ရှိရေးနဲ့ စီစစ်ရေးဌာန တာဝန်ရှိသူတွေ ရုပ်ကြွင်းများ ရှာဖွေနေကြစဉ် (မေလ ၁၅၊ ၂၀၁၆ ခုနှစ်)

လွန်ခဲ့တဲ့ နှစ်ပေါင်း (၇၀)ကျော် ဒုတိယကမ္ဘာစစ်နှောင်းပိုင်းကာလက မြန်မာနိုင်ငံမှာ ပျောက်ဆုံးခဲ့တဲ့ အမေရိကန်စစ်မှုထမ်းတွေရဲ့ ရုပ်ကြွင်းတွေကို ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ ဟာဝိုင်အီ အခြေစိုက် အမေရိကန်ကာကွယ်ရေးဌာနရဲ့ စစ်သုံ့ပန်းနဲ့ စစ်အတွင်းပျောက်ဆုံး စာရင်းဝင်သူများ ပြန်လည်ရှာဖွေတွေ့ရှိရေးနဲ့ စီစစ်ရေးဌာနဆိုင်ရာ အကြီးအကဲက ဗွီအိုအေကိုပြောပါတယ်။

နောက်ဆုံးအချိန်ထိ မြန်မာနိုင်ငံမှာ တွေ့ရှိခဲ့တဲ့ စစ်မှုထမ်း ၁၂ ဦးရဲ့ရုပ်ကြွင်းတွေကိုလည်းအမေရိကန်ပြည်ထောင်စုက သက်ဆိုင်ရာ မိသားစုတွေဆီ ပြန်လည် အပ်နှင်းနိုင်ခဲ့ကြောင်း သူက ပြောပါတယ်။

Dr. John Byrd, အမေရိကန်ကာကွယ်ရေးဌာနရဲ့ စစ်သုံ့ပန်းနဲ့ စစ်အတွင်းပျောက်ဆုံးစာရင်းဝင်သူများ ပြန်လည်ရှာဖွေတွေ့ရှိရေးနဲ့ စီစစ်ရေးဌာနဆိုင်ရာ ညွန်ကြားရေးမှူး
Dr. John Byrd, အမေရိကန်ကာကွယ်ရေးဌာနရဲ့ စစ်သုံ့ပန်းနဲ့ စစ်အတွင်းပျောက်ဆုံးစာရင်းဝင်သူများ ပြန်လည်ရှာဖွေတွေ့ရှိရေးနဲ့ စီစစ်ရေးဌာနဆိုင်ရာ ညွန်ကြားရေးမှူး

စစ်တွင်းကာလ ပျောက်ဆုံးခဲ့တဲ့ အမေရိကန်စစ်မှုထမ်းတွေရဲ့ ရုပ်ကြွင်းတွေကို မြန်မာနိုင်ငံမှာ စပြီးရှာဖွေတဲ့ အချိန်ကာလနဲ့ ပတ်သက်ပြီး ဌာန ညွန်ကြားရေးမှူး Dr. John Edward Byrd ကို မအင်ကြင်းနိုင်က မေးမြန်းရာမှာ သူက အခုလို စတင်ဖြေကြားခဲ့ပါတယ်။

Dr. John Edward Byrd ။ ။ ကျနော်တို့ ၂၀၀၄ခုနှစ်မှာ ကွင်းဆင်းရှာဖွေတဲ့ အလုပ်ကို စတင်ခဲ့ပါတယ်။ တနှစ်ပတ်လုံး ကျနော်တို့ ရှာဖွေရေးတွေလုပ်ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံက ကျနော်တို့ လုပ်ငန်းတွေကို ဆက်ပြီး လုပ်ကိုင်ခွင့် မပေးတဲ့အတွက် ရုပ်ကြွင်းတွေ ရှာနေတဲ့ ကျနော်တို့အလုပ်တွေကို နှစ်ပေါင်းများစွာ ရပ်ဆိုင်း လိုက်ရပါတယ်။ ၂၀၁၂ ခုနှစ်မှာ ကျနော်တို့ မြန်မာနိုင်ငံ ပြန်သွားပြီး မြန်မာစစ်တပ်အရာရှိတွေနဲ့ တွေ့ပါတယ်။ သူတို့တွေက ကျနော်တို့ရှာဖွေရေးအလုပ်တွေကို ပြန်စဖို့ ခွင့်ပြုခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကျနော်တို့ ပုံမှန်ရှာဖွေရေးလုပ်ငန်းတွေဖြစ်တဲ့ စုံစမ်းစစ်ဆေးတာ၊ အချို့နေရာတွေမှာ တူးဖေါ်တာ စတာတွေ လုပ်ခဲ့ပါတယ်။ အခုအချိန်ထိ ကျနော်တို့ ရှာဖွေတွေ့ရှိခဲ့တာဆိုရင် မြန်မာနိုင်ငံမှာ ပျောက်ဆုံးသွားတဲ့ အမေရိကန် စစ်မှုထမ်း ၁၂ ယောက်ရဲ့ ရုပ်ကြွင်းတွေဖြစ်ပါတယ်။

အင်ကြင်းနိုင်။။ အဲဒီလို တွေ့ရှိခဲ့တဲ့ ရုပ်ကြွင်းတွေအားလုံးကို ဘယ်သူဘယ်ဝါတွေအဖြစ် ဘယ်လို ပြန်ပြီး စစ်ဆေးပါလဲရှင့်။

Dr. John Edward Byrd။ ။ မြန်မာနိုင်ငံက တွေ့ရှိခဲ့တဲ့ ရုပ်ကြွင်းတွေထဲ ၉ ယောက်ဟာ ဘယ်သူ ဘယ်ဝါတွေလဲဆိုတာကို အရင်ဆုံး ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။နောက်ဆုံး သုံးယောက်ရဲ့ ရုပ်ကြွင်းတွေကတော့ဒုတိယကမ္ဘာစစ်ပြီးခါစ ၁၉၄၀ခုနှစ်တွေ တဝိုက်ကဖြစ်ပြီးအမေရိကန် စစ်တပ်က ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်တုန်းက ဘယ်သူဘယ်ဝါတွေလဲဆိုတာ စုံစမ်း စစ်ဆေးလို့ မရခဲ့တဲ့အတွက်အမည်မသိဆိုတဲ့ အမှတ်တံဆိပ်တွေ တပ်ပြီး ဟာဝိုင်အီမှာပဲ အဲဒီရုပ်ကြွင်း သုံးခုကို မြှုပ်ခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်နှစ်ကတော့ အဲဒီရုပ်ကြွင်း သုံးခုကို ပြန်ဖေါ်ပြီး ဓါတ်ခွဲခန်းမှာ ပြန်ပြီး စမ်းသပ်ရှာဖွေရာမှာ ဘယ်သူဘယ်ဝါတွေလဲဆိုတာ ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့် စစ်အတွင်းကာလ မြန်မာနိုင်ငံမှာ သေဆုံးခဲ့တဲ့ အမေရိကန်စစ်မှုထမ်း စုစုပေါင်း ၁၂ ဦးရဲ့ ရုပ်ကြွင်းတွေကို ကျနော်တို့ ရှာဖွေတွေ့ရှိခဲ့ပြီးပြီလို့ ပြောရမှာပါ။

အင်ကြင်းနိုင် ။ ။ဒုတိယကမ္ဘာစစ်ကာလအတွင်း ကချင်ပြည်နယ်မှာ ဖက်ဆစ်ဂျပန်တွေကနေ ပစ်ချလို့ဆိုပြီး မြန်မာနိုင်ငံဘက်ခြမ်းကို ပျက်ကျခဲ့တဲ့ အမေရိကန်တိုက်လေယာဉ်တွေ၊ နောက် စစ်လေယာဉ်တွေ အမြောက်အများရှိတယ်လို့ သိရပါတယ်။ အဲတော့ မြန်မာနိုင်ငံထဲမှာ ပျောက်ဆုံးနေတဲ့ အမေရိကန်စစ်မှုထမ်း အရေအတွက် ဘယ်လောက်ရှိမလဲလို့ ခန့်မှန်းပါလဲရှင့်။

Dr. John Edward Byrd ။ ။ ဒုတိယကမ္ဘာစစ်တွင်းကာလ မြန်မာနိုင်ငံထဲမှာ ပျောက်ဆုံးနေတဲ့ အမေရိကန်စစ်မှုထမ်းပေါင်း ရာနဲ့ချီရှိနိုင်ပါတယ်။ ပျောက်ဆုံးနေတဲ့ စစ်မှုထမ်း အများစုဟာ အိန္ဒိနဲ့ တရုတ်နိုင်ငံကြား မြင့်မားတဲ့ တောင်တန်းတွေပေါ်မှာ လေယာဉ် ပျံသန်းရာမှာ ပျက်ကျတဲ့အထဲ ပါသွားသူတွေဖြစ်ပါတယ်။အမေရိကန်လေယာဉ်အများအပြားဟာ အိန္ဒိယ၊ မြန်မာနဲ့ တရုတ်နိုင်ငံတွေမှာ ပျက်ကျခဲ့ကြတာဖြစ်ပါတယ်။ အဲတော့ ပျောက်နေတဲ့ ရာနဲ့ချီတဲ့ အမေရိကန်စစ်မှုထမ်းတွေရဲ့ ရုပ်ကြွင်းတွေဟာ အိန္ဒိယ ဘက်မှာလား၊ မြန်မာဘက်မှာလား၊ တရုတ်နိုင်ငံထဲမှာလား အတိအကျ ကျနော်တို့ သိရဖို့ ခက်ခဲပါတယ်။ ရှာဖွေရင်း တွေ့လာမှာသာ ပြောနိုင်မှာဖြစ်ပါတယ်။

အင်ကြင်းနိုင် ။ ။ စစ်တွင်းကာလ ပျောက်ဆုံးသွားတဲ့ အမေရိကန်စစ်မှုထမ်းတွေရဲ့ ရုပ်ကြွင်းတွေကို ရှာဖွေပြီး သက်ဆိုင်တဲ့ မိသားစုတွေဆီ ပို့ပေးတာ၊ အမေရိကန်ပြည်ထောင်စုကို စစ်မှုထမ်း ရုပ်အလောင်းတွေ ပြန်ပြီး သယ်ယူတာတွေဟာ နိုင်ငံအတွက် ဘယ်လောက်အရေးပါသလဲရှင့်။

Dr. John Edward Byrd။ ။ တာဝန်ထမ်းဆောင်နေဆဲကာလအတွင်း အသက်စွန့်သွားတဲ့ စစ်မှုထမ်းတွေရဲ့ ရုပ်အလောင်းတွေကို ချန်မထားခဲ့ဘူးဆိုတာ အမေရိကန်ပြည်ထောင်စုအတွက် အလွန် အရေးကြီးပြီး အမြင့်ဆုံးဦးစားပေး ဆောင်ရွက်တဲ့ ကိစ္စဖြစ်ပါတယ်။ ကျနော်တို့ အဖွဲ့အစည်းဟာ ဒုတိယကမ္ဘာစစ်နဲ့ ကိုရီးယား၊ ဗီယက်နမ် စစ်ပွဲကာလတွေမှာ ပျောက်ဆုံးသွားတဲ့ အမေရိကန် စစ်မှုထမ်းတွေရဲ့ ရုပ်အလောင်းတွေကို လိုက်လံရှာဖွေဖို့ သက်သက် ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ကျနော်တို့ အားလုံး အချိန်တွေအများကြီးယူ၊ ပင်ပင်ပမ်းပမ်း ကြိုးစားအားထုတ်ပြီး စစ်တွင်းကာလ ပျောက်ဆုံးသွားတဲ့ စစ်မှုထမ်းတွေရဲ့ရုပ်အလောင်းတွေနဲ့ ရုပ်ကြွင်းတွေ ပြန်ရဖို့ ဆောင်ရွက်နေပါတယ်။ တကယ့်ကို ကြီးမားကျယ်ပြန်တဲ့ အလုပ်လဲဖြစ်ပါတယ်။ တကမ္ဘာလုံးမှာရှိနေတဲ့ပျောက်ဆုံးနေတဲ့ အမေရိကန်စစ်မှုထမ်းပေါင်း ၃၀,၀၀၀ လောက်ရဲ့ ရုပ်ကြွင်းတွေကို ကျနော်တို့ ကြိုးစားပြီး အဆက်မပြတ် ပြန်လည်ရှာဖွေနေတာပါ။

အင်ကြင်းနိုင် ။ ။ အခုလို မြန်မာနိုင်ငံမှာ စစ်တွင်းကာလ ပျောက်ဆုံးနေတဲ့ အမေရိကန်စစ်မှုထမ်းတွေရဲ့ ရုပ်ကြွင်းတွေကို ပြန်ပြီးရှာဖွေတဲ့ လုပ်ငန်းကြောင့်အမေရိကန်နဲ့ မြန်မာနှစ်နိုင်ငံ ဆက်ဆံရေး ဘယ်လို အထောက်အကူဖြစ်စေမလဲရှင့်။

Dr. John Edward Byrd ။ ။ ကျနော်တို့ရဲ့ ရှာဖွေမှုလုပ်ငန်းစဉ်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စဖြစ်ပါတယ်။ ကျနော်တို့ အလုပ်ဟာ အမေရိကန်နိုင်ငံခြားရေးမူဝါဒ ဒါမှမဟုတ် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ မပတ်သက်ပါဘူး။ တကယ့်ကို လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းကိစ္စဖြစ်ပါတယ်။ ကျနော်တို့ ရှာဖွေရေးလုပ်ငန်းတွေ လက်ခံထားတဲ့ နိုင်ငံအများစုအနေနဲ့လည်း ကျနော်တို့ စစ်မှုထမ်းတွေရဲ့ ရုပ်ကြွင်းတွေကို မိသားစုတွေဆီ ပြန်လည်သယ်ဆောင်တဲ့ လုပ်ရပ်ဟာ လူသားချင်းစာနာမှုဆိုင်ရာ ကြိုးစားအားထုတ်မှုဖြစ်တယ်ဆိုတာ သူတို့ နားလည်လက်ခံထားပါတယ်။ကျနော်တို့ ဒီလိုဆောင်ရွက်လုပ်ကိုင်ခြင်းအားဖြင့် အမေရိကန်အစိုးရအတွက် အခြားနိုင်ငံတွေနဲ့ စေ့စပ်ညှိုနှိုင်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးမှာ နည်းလမ်းတလမ်းအနေနဲ့ ပါဝင်နေပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာ ပျောက်ဆုံးနေတဲ့ အမေရိကန်စစ်မှုထမ်းတွေရဲ့ရုပ်ကြွင်းတွေ ရှာဖွေရေးလုပ်ငန်းအတွက် မကြာသေးခင်နှစ်တွေက မြန်မာအစိုးရဘက်ကနေ သိပ်ကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေရခဲ့တာဟာ ဆိုရင် နှစ်နိုင်ငံဆက်ဆံရေးမှာ အလွန်ကောင်းတဲ့ အခွင့်အလမ်းဖြစ်တယ်လို့ ကျနော်မြင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG