အမေရိကန်ရဲ့ ကုန်သွယ်ဖက်တွေအပေါ် သမ္မတ Donald Trump အခွန်တွေတိုးမြှင့်လိုက်တာကြောင့် မရေမရာ အခြေအနေတွေ ပေါ်ပေါက်နေပြီး၊ ရှေ့လာမယ့် လတွေမှာ စီးပွားရေး ကျဆင်းနိုင်ခြေရှိနိုင်တာကို သမ္မတက လက်ခံဖို့တွန့်ဆုတ်နေချိန်မှာပဲ အဓိကစတော့ရှယ်ယာ ဈေးကွက် ၃ ခုမှာ တနင်္လာနေ့က အစုရှယ်ယာဈေးတွေ ထိုးကျသွားခဲ့ပါတယ်။
တနင်္လာနေ့ညနေ ဈေးကွက်ပိတ်ချိန်အထိ Dow Jones အစုရှယ်ယာအညွှန်းကိန်းမှာ ၂.၁ % ကျ ဆင်းခဲ့ပါတယ်။ ဒါ့အပြင် S&P 500 အညွှန်းကိန်း ၂.၇% နဲ့ နည်းပညာလုပ်ငန်းတွေက အစုရှယ်ယာတွေ အများစုပါဝင်တဲ့ Nasdaq အညွှန်းကိန်းမှာ ၄ % ကျဆင်းခဲ့ပါတယ်။
S&P 500 ဟာ ဒီဇင်ဘာလ ၁၈ ရက်နေ့နောက်ပိုင်း တရက်ထဲအများဆုံးကျဆင်းခဲ့တာဖြစ်ပြီး၊ ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့ အမြင့်ဆုံးရောက်ခဲ့တဲ့နေရာကနေ တလမပြည့်ခင်အချိန်အတွင်း ၈.၆% ကျဆင်းသွားတာ ဖြစ်ပါတယ်။ Nasdaq အညွှန်းကိန်းအတွက်တော့ ၂၀၂၂ ခုနှစ်စက်တင်ဘာလနောက်ပိုင်း တရက်အတွင်းအများကျ ဆင်းသွားခဲ့တာဖြစ်ပါတယ်။
သမ္မတထရမ့်ရဲ့အကြံပေး၊ ဘီလီယံနာသူဌေးကြီး Elon Musk ရဲ့ Tesla လျှပ်စစ်ကားကုမ္ပဏီကတော့ တနင်္လာနေ့တရက်ထဲမှာတင် ၁၅.၄% ကျဆင်းခဲ့ပါတယ်။ ဒါဟာ ၂၀၂၂ စက်တင်ဘာလနောက်ပိုင်း တရက်အတွင်းအများဆုံးဖြစ်ပါ တယ်။ Tesla ရဲ့ အစုရှယ်ယာတန်ဘိုးဟာ ဒီနှစ်အတွင်း ၄၅% ကျဆင်းသွားခဲ့ပါတယ်။
အခြားအမေရိကန်ထိပ်တန်းနည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Apple, Microsoft, Alphabet, Amazon, Meta တို့လည်း ၂ % ကျော် ကျဆင်းသွားခဲ့ပါတယ်။
အတိုးနှုန်းသတ်မှတ်ချက်တွေ မသေချာတဲ့အပြင် လာမယ့်လအတွင်း စီးပွားရေးကျဆင်းမှုနဲ့ ကြုံနိုင်မကြုံနိုင် သမ္မတထရမ့်အစိုးရအနေနဲ့ တိတိကျကျပြောဆိုခြင်းမရှိသေးတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ မသေချာမှုတွေနဲ့ကြုံတွေ့နေရ ပါတယ်။
ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Howard Lutnick ကတော့ အမေရိကန်မှာ စီးပွားရေးကျဆင်းမှုနဲ့ကြုံမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့ရက်က NBC သတင်းဌာနနဲ့မေးမြန်းခန်းမှာပြောဆိုခဲ့ပေမယ့် သမ္မတထရမ့်ကတော့ တိတိကျကျပြောဆိုတာ မရှိသေးပါဘူး။
Forum