သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် အရှေ့ပိုင်း မုန်တိုင်း လူ ၁၂ ဦးသေ


အင်အားပြင်းတဲ့ မုန်တိုင်းတခု အမေရိကန်နိုင်ငံ အရှေ့ဘက်အခြမ်းကို သောကြာနေ့ညက ဝင်တိုက်သွားတာကြောင့် လူ ၁၂ ဦး သေဆုံးပြီး ၃ သန်းကျော် လျှပ်စစ်မီး ပြတ်တောက်မှုနဲ့ ကြုံနေရပါတယ်။

တိုင်းပြည် အရှေ့ဘက်ခြမ်းတလျှောက် မကြုံစဖူး ထူးကဲတဲ့ အပူဒဏ်ကို ခံရပြီးနောက် ညပိုင်းမှာ အဲဒီ အားပြင်းတဲ့ မုန်တိုင်း တိုက်ခတ်ခဲ့တာကြောင့် သစ်ပင်တွေကျိုးကျပြီး လျှပ်စစ်မီးတွေ ပြတ်တောက်ခဲ့တာပါ။ ဒေသခံ ပြည်သူတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရတာကြောင့် မြို့တော် ဝါရှင်တန် ဒီစီ အပါအဝင် အနီးအနားမှာရှိတဲ့ မယ်ရီလန်း (Maryland)၊ ဗာဂျီးနီးယား (Virginia)၊ ဝက်စ်တ်ဗာဂျီးနီးယား (West Virginia) နဲ့ Ohio (အိုဟိုင်းအိုး) ပြည်နယ်တွေမှာ အာဏာပိုင်တွေက အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။

အရေးပေါ် အခြေအနေ ကြေညာလိုက်ခြင်းအားဖြင့် ပြည်နယ်အုပ်ချုပ်ရေးမှူး အနေနဲ့ အစိုးရမှာရှိတဲ့ ထောက်ပံ့ရေးပစ္စည်းနဲ့ အကူအညီတွေကို ပြည်သူတွေထံ အလျင်အမြန် ပို့ပေးနိုင်အောင် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

မုန်တိုင်းကြောင့် ကျိုးကျတဲ့ သစ်ပင်တွေပိပြီး ဗာဂျီးနီးယားပြည်နယ်မှာ ၆ ယောက်၊ နယူးဂျာဆီ (New Jersey) နဲ့ မယ်ရီလန်း ပြည်နယ်တို့မှာ ၂ ယောက်စီနဲ့ အိုဟိုင်းအိုး နဲ့ ကင်န်တက်ကီ (Kentucky) ပြည်နယ်တို့မှာ တယောက်စီ အသီးသီး သေဆုံးခဲ့တာပါ။

ဒီပြည်နယ်တွေမှာ ပြတ်နေတဲ့ လျှပ်စစ်မီးဟာ ရက်အတော်ကြာနိုင်တယ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။

XS
SM
MD
LG