ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်ရဲ့တပ်အင်အားထပ်တိုးပြီး၊ မြောက်ကိုရီးယားနိုင်ငံကို သတင်းစကားပေးတဲ့အနေနဲ့အမေရိကန်ရေတပ်က တိုက်ခိုက်ရေးတပ်ဖွဲ့တခုကို ကိုရီးယားကျွန်းဆွယ်ကို ဦးတည်စေလွှတ်လိုက်ပါတယ်။ ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားနိုင်ငံကို ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်တာကို တားမြစ်ထားပေမယ့်လည်း မြောက်ကိုရီးယားက ပြီးခဲ့တဲ့ တပတ်မှာ ပစ်လွှတ်ခဲ့ပါတယ်။
The Carl Vinson လို့ခေါ်တဲ့ တိုက်ခိုက်ရေးအဖွဲ့ဟာ စင်ကာပူနိုင်ငံမှာ ကျောက်ချပြီး သြစတြေးလျနိုင်ငံကိုသွားဖို့ စီစဉ်နေတုန်း၊ အမေရိကန်ရဲ့ ပစိဖိတ်ဒေသစစ်ဌာနချုပ်က မြောက်ဘက်ကို ခုတ်မောင်းဖို့ အမိန့်ပေးခဲ့တာဖြစ်ပါတယ်။ အမေရိကန်ရေတပ်စစ်သင်္ဘောအုပ်စုဟာ - ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ခြမ်းက အမေရိကန်အကျိုးစီးပွားတွေ ကာကွယ်ဖို့ရည်ရွယ်ချက်ဖြစ်တယ်လို့ အမေရိကန် ပစိဖိတ်ဒေသစစ်ဌာနချုပ် Third Fleet ရေတပ်ရဲ့ တပ်မှူး Dave Benham က ဗီအိုအေကို ပြောပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ မဆင်မခြင်၊ တာဝန်မဲ့တဲ့လုပ်ရပ်တွေ၊ တည်ငြိမ်မှုမရှိတဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုအစီအစဉ်တွေ နဲ့ နျူးကလီးယားလက်နက်ထုတ်လုပ်နိုင်ဖို့ ကြိုးပမ်းမှုတွေကြောင့် သူတို့ဟာ ဒေသတွင်းမှာ နံပါတ် ၁ ခြိမ်းခြောက်သူအဖြစ် ဆက်ရှိနေတယ်လို့ သူကပြောပါတယ်။ ဒီရေတပ်အုပ်စုမှာ USS Carl Vinson လေယာဉ်တင်သင်္ဘောအပါအ၀င် ၊ ဒုံးခွင်းဒုံးတွေ ပစ်လွှတ်နိုင်တဲ့ ဖျက်သင်္ဘော ၃ စင်းလည်းပါဝင်ပါတယ်။
ဒုံးကျည်စမ်းသပ်ပစ်လွှတ်တာတွေ နဲ့ နျူးကလီးယားလက်နက်ထုတ်လုပ်နိုင်ဖို့ စမ်းသပ်တာတွေမလုပ်ဖို့ နိုင်ငံတကာက သတိပေးနေပေမယ့်လည်း မြောက်ကိုရီးယားက အဲဒီသတိပေးချက်တွေကို ထပ်ခါတလဲလဲအာခံပြီး စမ်းသပ်မှုတွေလုပ်နေတာဖြစ်ပါတယ်။