ဆီးရီးယားသမ္မတ ဘာရှား အယ်လ် အာဆတ်ဒ် (Bashar al-Assad) အနေနဲ့ တိုင်းပြည်ကို အုပ်ချုပ်ဖို့ တရားမ၀င်တော့ကြောင်းနဲ့ သူ့အစိုးရ ဆက်ပြီး အာဏာရှိနေခြင်းဖြင့် အမေရိကန်အတွက် အကျိုးမရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီက ကလင်တန် (Hillary Clinton) က ပြောလိုက်ပါတယ်။
ဒေသတွင်း လုံခြုံရေးအတွက် ဆီးရီးယားနိုင်ငံ လက်ရှိ မငြိမ်မသက်မှုတွေထဲက နေပြီးတော့ ဆီးရီးယား အစိုးရဟာ အကောင်းပကတိ ပြန်လည် ထူထောင်လာလိမ့်မယ်လို့ အမေရိကန်က တိတ်တဆိတ် မျှော်လင့်နေတယ်ဆိုတဲ့ ပြောဆိုမှုတွေဟာ လုံးဝ မမှန်ဘူးလို့ ၀န်ကြီး ကလင်တန်က မစ္စတာ အာဆတ်ဒ်နဲ့ သူ့ကို ထောက်ခံတဲ့ သူတွေကို သတိပေး ပြောကြားလိုက်ပါတယ်။
အာဏာရှင် ခေါင်းဆောင်ကို မရှိမဖြစ် လိုအပ်တယ်ဆိုတာ မဟုတ်ကြောင်းနဲ့ သူ့ရဲ့အာဏာ ဆက်လက် တည်မြဲဖို့ အမေရိကန်က ဘာမှ ရင်းနှီးစရာ မလိုဘူးလို့ ၀န်ကြီး ကလင်တန်က ပြောခဲ့ပြီး မတ်လကတည်းက စတင်တဲ့ ဆီးရီးယားက ဒီမိုကရေစီရေး တောင်းဆို ဆန္ဒပြမှုတွေကို နှိမ်နင်းနေတဲ့ အယ်လ် အာဆတ်ဒ် အစိုးရကို အပြင်းထန်ဆုံး ဝေဖန်လိုက်ပါတယ်။
ဒမတ်စကတ်စ် (Damascus) မြို့တော်မှာရှိတဲ့ အမေရိကန်သံရုံးနဲ့ အမေရိကန် သံအမတ်ကြီးရဲ့ နေအိမ်တွေအပေါ် ရမ်းကားသူတွေ ၀င်ရောက် တိုက်ခိုက်ခဲ့တဲ့ အပေါ်မှာလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက အပြစ်တင်ခဲ့ပါတယ်။
ပြင်သစ်သံအဖွဲ့လည်း တိုက်ခိုက်ခံခဲ့ရတဲ့အတွက် မစ္စတာ အာဆတ်ဒ် အစိုးရဟာ ပြည်တွင်းက ဆန္ဒပြ တောင်းဆိုနေသူတွေအပေါ် ရက်ရက်စက်စက် နှိမ်နင်းနေတာကို အာဏာလွှဲဖို့ ကြိုးစားနေတာလို့လည်း စွပ်စွဲပါတယ်။
နိုင်ငံတကာ သဘောတူညီချက်အတိုင်း နိုင်ငံခြား သံတမန် အဖွဲ့တွေကို အကာအကွယ် ပေးဖို့အတွက် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
အမေရိကန်သံရုံး တိုက်ခိုက်ခံခဲ့ရတာကို ကန့်ကွက်ဖို့နဲ့ အပျက်အစီးတွေကို လျော်ကြေး တောင်းဆိုဖို့အတွက် ၀ါရှင်တန်မြို့တော်မှာရှိတဲ့ ဆီးရီးယား အကြီးတန်း သံအရာရှိကို အမေရိကန် နိုင်ငံခြားရေးဌာနက အစောပိုင်းတုန်းက ဆင့်ခေါ်ခဲ့ပါတယ်။