သတ္တုတင်သွင်းကုန်တွေအပေါ် သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က အခွန်တင်းကျပ်လိုက်တာကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ် ရေးပဋိပက္ခဖြစ်လာမယ့်အရေး စိုးရိမ်မှုတွေ တိုးလာနေချိန်မှာပဲ အမေရိကန်ရဲ့ အဓိကုန်သွယ်ဖက် အာရှနိုင်ငံတချို့ကလည်း သောကြာနေ့မှာ အပြင်းအထန် တုန့်ပြန် ပြောဆိုကြပါတယ်။
ကုန်သွယ်ရေးနဲ့ပတ်သက်ရင် အမေရိကန်က အဓိကစိုးရိမ်တဲ့နိုင်ငံဖြစ်တဲ့ တရုတ်က အပြင်းအထန် ကန့်ကွက်တယ်လို့ ပြောသလို ဂျပန်ကလည်း နှစ်နိုင်ငံဆက်ဆံရေးပေါ် ထိခိုက်နိုင်တယ်လို့ သတိပေးပါတယ်။
တောင်ကိုရီးယားက နိုင်ငံတကာမှာ ကုန်သွယ်ရေးအငြင်းပွားရင် ဖြေရှင်းပေးရတဲ့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ WTO ကို စောဒက တက်မယ်လို့ ပြောပါတယ်။ တောင်ကိုရီးယားဟာ ကနေဒါနဲ့ ဘရာဇီးလ် ၊ အမေရိကန်တို့ကို သံမဏိတင်ပို့တဲ့ တတိယအများဆုံး နိုင်ငံပါ။
အရှေ့တောင်အာရှနိုင်ငံအများအပြားကလည်း သံမဏိနဲ့ အလူမီနီယံကုန်ပစ္စည်းတွေ သူတို့နိုင်ငံတွေဆီ စုပုံရောက်လာမှာကို စိုးရိမ်နေကြပါတယ်။ သံမဏိ အဓိကတင်ပို့တဲ့နိုင်ငံတွေဖြစ်တဲ့ တိုင်ဝမ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ တရုတ်၊ ဗီယက်နမ်နဲ့ တူရကီနိုင်ငံတွေက သံမဏိထုတ်ကုန်လုပ်ငန်းတွေဟာ အခုဆိုရင် အရှေ့တောင်အာရှဒေသကို ပစ်မှတ်ထားဖွယ်ရှိလာတယ်လို့ ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်က ပြောပါတယ်။
အမေရိကန်ဟာ ကမ္ဘာမှာ သံမဏိအများဆုံးတင်သွင်းတဲ့နိုင်ငံဖြစ်ပြီး ၂၀၁၇ ခုနှစ်က သံမဏကုန်ကြမ်း တန်ချိန် ၃၅ သန်းကို တင်သွင်းခဲ့ပါတယ်။ အဲဒီထဲမှာ တောင်ကိုရီးယား၊ ဂျပန်၊ တရုတ်နဲ့ အိန္ဒိယတို့ကတင်ပို့တာ တန်ချိန် ၆ သန်းကျော်ရှိပါတယ်။