သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-တရုတ် ကုန်သွယ်ရေးလွန်ဆွဲပွဲ


အမေရိကန်ပြည်ထောင်စုကို တင်သွင်းတဲ့ တရုတ်ကုန်ပစ္စည်းတွေအပေါ် သွင်းကုန်ခွန်တင်းကျပ်မှုအသစ်တွေ မနေ့ကပဲ ချမှတ်လိုက်ပါတယ်။ အမေရိကန်က အခုလိုလုပ်တဲ့အတွက် တရုတ်ဘက်ကလည်း အမေရိကန်ကို တန်ပြန်လုပ်ဆောင်သွားမယ်လို့ ဆိုနေပါတယ်။ တချိန်တည်းမှာပဲ တရုတ်နဲ့ အမေရိကန်အရာရှိကြီးတွေက ၂နိုင်ငံ ကုန်သွယ်ရေးတင်းမာမှုပြ ဿနာ ပြေလည်ရေး ညှိနှိုင်းမှုတွေကို ဝါရှင်တန်ဒီစီမြို့တော်မှာ လုပ်နေကြတာပါ။ ကမ္ဘာ့စီးပွါးရေးအားအကောင်းဆုံး ၂နိုင် ငံရဲ့ ကုန်သွယ်ရေး လွန်ဆွဲပွဲနောက်ဆုံးအနေအထားကို ကိုကျော်အောင်လွင် ဆက်ပြီးရှင်းပြပါလိမ့်မယ်။

တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးမှာ တနှစ်ကို ဒေါ်လာဘီလျံ ပေါင်း ၅၀၀ အမေရိကန်ဘက်က အရှုံးပေါ်နေတယ်။ ဒါကသိပ်လွန်လွန်းတဲ့ အခြေအနေဖြစ်တယ်။ ဒီလိုမျိုး နောက်ဆက်ပြီး အဖြစ်မခံနိုင်တော့ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နလ်ထရမ့်က သူ့ရဲ့တွစ်တာလူမှုကွန်ယက်ကနေ မနေ့တုန်းက aရးသားဖေါ်ပြပါတယ်။ အမေရိကန်ပြည်ထောင်စုကို တင်သွင်းတဲ့ တရုတ်ကုန်ပစ္စည်းတွေရဲ့ ဒေါ်လာဘီလျံ ၂၀၀ဖိုး မှာ သွင်းကုန်ခွန် ၁၀ ရာ ခိုင်နှုန်းကနေ ၂၅ရာခိုင်နှုန်းအထိ မနေ့ကစပြီး တင်းကျပ်ကောက်ခံသွားဖို့ ဆုံးဖြတ်ခဲ့တာပါ။ နောက်ထပ်တရုတ်သွင်းကုန်ဒေါ်လာ ၃၂၅ဘီလျံ ဖိုးမှာလည်း အခွန်၂၅ ရာခိုင်နှုန်းထပ်ကောက်သွားမယ်လို့ သမ္မတထရမ့်က ခြိမ်းခြောက်ထားပါသေးတယ်။ တရုတ်ဒုဝန်ကြီးချုပ် Liu He ဦးဆောင်တဲ့ တရုတ်ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့နဲ့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ် Robert Lighthizer၊ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin တို့ဦးဆောင်တဲ့အဖွဲ့တွေ ဝါရှင်တန်ဒီစီမြို့တော်မှာ ၂ရက်ကြာဆွေးနွေးခဲ့ကြတယ် ဆိုပေမဲ့လည်း ထူးခြားတဲ့ ရလဒ်ဘာမှထွက်လာတာ မတွေ့ရပါဘူး။ အမေရိကန်ဘက်ကတရုတ်ကိုပြောင်းလဲပေးဖို့ တောင်းဆိုတာတွေက သိပ်ပြီးများလွန်းနေတယ်လို့ Renmin တက္ကသိုလ်နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Shi Yinhong ကပြောပါတယ်။

"တရုတ်ရဲ့စီးပွါးရေးမူဝါဒတွေ၊ ဖွဲ့စည်းတည်ဆောက်ပုံနဲ့ လုပ်ငန်းပုံစံတွေကို ကြီးကြီးမားမားပြောင်းလဲပေးဖို့ အမေရိကန် က တိုက်တွန်းနေတာပါ။ တရုတ်နိုင်ငံရဲ့လက်ရှိဥပဒေတွေကို ပြင်ဖို့ တိုက်တွန်းမှုတွေ ရှိနေပါတယ်။ ဒီလိုဥပဒေပြင်ဆင်ရေးတွေက သိပ်ကြီးမားပါတယ်။ စာမျက်နှာ၁၅၀ရှိတဲ့တောင်းဆိုချက်တွေပါ။ တကယ်လို့ စာမျက်နှာတခုစီမှာ အသုံးအနှုန်း ၃ခုဆီ ပြင်ပေးပါလို့ အမေရိကန်ဘက်က ပြောလာရင် ဒါဟာ ဥပဒေအသုံးအနှုန်း ၄၅၀ကိုပြင်ပေးရမယ့်သဘောပါ။ တကယ်လို့ တမျက်နှာမှာ ငါးခုစီပြင်ပေးဆိုရင် ဥပဒေအသုံးအနှုန်းပေါင်း ၆၀၀ ကိုတရုတ်က ပြင်ပေးရပါလိမ့်မယ်။ ဥပဒေ တွေဘယ်လောက်များများ အခုကိစ္စမှာ ပါဝင်နေသလဲဆိုတာ စဉ်းစားကြည့်ပါ။ တချို့ဥပဒေတွေက တရုတ်အတွက်ပြင်ဖို့ သိပ်ပြီးခက်ခဲပါတယ်။ တချို့ကိုပြင်ပေးမယ်ဆိုရင်တောင်မှ အချိန်တော်တော်ကြာပါလိမ့်မယ်။ အဲဒါကြောင့် အမေရိကန် ဘက်ကတောင်းဆိုတာဟာ တော်တော်လက်တွေ့မကျဘူးလို့ ကျနော်ထင်ပါတယ်။"

အမေရိကန်နဲ့တရုတ်အကြားကုန်သွယ်ရေးအရ တင်းတင်းမာမာတွေ ဖြစ်နေတယ်ဆိုပေမဲ့လည်း တရုတ်သမ္မတနဲ့ အမေရိကန်သမ္မတ ၂ဦးရဲ့ဆက်ဆံရေးကတော့ သိပ်ပြီးခိုင်မာအားကောင်းနေတယ်။ ၂နိုင်ငံအကြားပြောဆိုမှုတွေကလည်းဆက်ပြီး ရှိနေဦးမယ် ဆိုပေမဲ့ တရုတ်အပေါ်အခွန်တင်းကျပ်မှုတွေက ဆက်ပြီးထားမလား ရုပ်သိမ်းမလားဆိုတာကတော့ မသေချာ ဘူးလို့ ဝါရှင်တန်က ကုန်သွယ်ရေးညှိနှိုင်းမှုတွေအပြီး သမ္မတထရမ့်က တွီစ်တာကနေ ရေးပါတယ်။ အမေရိကန်ရဲ့အခွန် တင်းကျပ်မှုကို တရုတ်ဘက်က အလားတူတုန့်ပြန်မှုတွေလုပ်မယ့်သဘောရှိတဲ့အကြောင်း တရုတ်နိုင်ငံက အမေရိကန် ကုန်သည်ကြီးများအသင်းရဲ့ ဒုဥက္ကဌ Grag Gilligan ကပြောပါတယ်။

"တရုတ်နိုင်ငံကို တင်သွင်းတဲ့ အမေရိကန် ကုန်ပစ္စည်းတွေအပေါ်မှာလည်း တရုတ်ဘက်က အခွန်တွေ တင်းကျပ်သွားမယ့် သဘောက သေချာသလောက်ရှိပါတယ်။ လုပ်မယ်လို့လည်းပြောထားတာပါ။ အသေးစိတ်တော့မတွေ့ရသေးပါဘူး။ ၂နိုင်ငံလုံးက WTO ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ရဲ့စည်းမျဉ်းဥပဒေတွေအတွင်းမှာ အပြန်အလှန်အခွန်တွေတင်းကျပ် ကောက်ခံနေကြတာပါ။ ဒီဥပဒေတွေကိုကျော်လွန်ပြီး အခွန်ကောက်လာလိမ့်မယ်လို့တော့ ကျနော်မျှော်လင့်မထားပါဘူး။ ဘာကြောင့်လည်းဆိုတော့ ၂ဘက်ကုန်သွယ်ရေးကိုယ်စားလှယ်တွေရဲ့ဆွေးနွေးမှုတွေက ဆက်ပြီးရှိနေသေးလို့ပါပဲ။"

တရုတ်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေး တင်းမာမှုတွေက ပြီးခဲ့တဲ့နှစ်ကတည်းကစဖြစ်လာတာပါ။ ဒီပြဿနာ ပြေလည်ရေး အပြန်အလှန်ညှိနှိုင်းမှုတွေကို တင်းမာမှုတွေစဖြစ်ကတည်းက လုပ်လာခဲ့ကြတယ်ဆိုပေမဲ့လည်း ထူးထူးခြားခြား တိုးတက်မှုတွေရှိမလာပဲ တဘက်နဲ့တဘက် အခွန်တင်းကျပ်မှုတွေ ပိုလုပ်လာတာတွေပဲ ရှိနေပါတယ်။ အခွန်တင်း ကျပ်မှုတွေဟာ အမေရိကန်အတွက် အင်အားသိပ်ကောင်းတယ်လို့ သူယုံကြည်တဲ့အကြောင်းသမ္မတထရမ့်က ပြောနေပေမဲ့ တချို့စီးပွါးရေး ပညာရှင်တွေကတော့ အခုလိုအခွန်တင်းကျပ်မှုတွေက အမေရိကန်ရဲ့ စီးပွါးရေးတိုးတက်မှုကို လျော့ကျသွားစေလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။

ကန်-တရုတ် ကုန်သွယ်ရေးလွန်ဆွဲပွဲ
please wait

No media source currently available

0:00 0:04:03 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG