သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် နဲ့ တူရကီ ပြည်ဝင်ခွင့် ဗီဇာ အပြန်အလှန် ပိတ်ပင်


တူရကီရှိ အမေရိကန်သံရုံးရှေ့
တူရကီရှိ အမေရိကန်သံရုံးရှေ့

အမေရိကန်ကို အလည်လာရောက်မယ့် တူရကီနိုင်ငံသားတွေကို ပြည်ဝင်ခွင့် Visa ထုတ်ပေးမှု ရပ်ဆိုင်းထားတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ တူရကီက တနင်္လာနေ့မှာ တိုက်တွန်းလိုက်ပါတယ်။

အမေရိကန်သံရုံးနဲ့ သံဝန်ထမ်းတွေရဲ့ လုံခြုံမှုအပေါ် အာမခံချက်ပေးတဲ့ တူရကီအစိုးရရဲ့ ကတိကဝတ်တွေကို အမေရိကန်အစိုးရက ပြန်သုံးသပ်စရာဖြစ်လာတယ်လို့ Ankara မှာရှိတဲ့ အမေရိကန်သံရုံးက တနင်္ဂနွေနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဘာအကြောင်းကြောင့်လဲ Visa ပေးထုတ်ပေးမှု ဘယ်လောက်ကြာအောင် ရပ်ဆိုင်းထားမှာလည်းဆိုတာကိုတော့ အဲဒီကြေညာချက်ထဲမှာ ပြောမထားပါဘူး။

အမေရိကန်သံရုံးနဲ့ ကောင်စစ်ရုံးတွေဆီ လူအသွားအလာနည်းသွားအောင် တူရကီမှာ အမေရိကန် Visa လျှောက်ထားတဲ့ လုပ်ငန်းအားလုံးကို ရပ်လိုက်တယ်လို့ ဖော်ပြထားပါတယ်။ ခုလိုအမေရိကန်သံရုံးရဲ့ ထုတ်ပြန်ချက်ထွက်ပေါ်လာပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန်မှာရှိတဲ့ တူရကီသံရုံးက Visa ထုတ်ပေးမှုကို ရပ်ဆိုင်းလိုက်တယ်လို့ တူရကီအစိုးရက ကြေညာခဲ့ပါတယ်။

တူရကီ နိုင်ငံနိုင်ငံခြားရေးဌာနကလည်း အမေရိကန်သံရုံး ဒုတိယအကြီးအကဲကို ဆင့်ခေါ်ပြီး အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပါတ်တုန်းက အမေရိကန်ကောင်စစ်ရုံးဝန်ထမ်း တူရကီလူမျိုး Metin Topuz ကို အကြမ်းဖက်ကွန်ယက် ခေါင်းဆောင်တွေနဲ့ ပုံမှန်ဆက်သွယ်တယ်ဆိုပြီး တူရကီအစိုးရက ဖမ်းဆီးခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က မအောင်မြင်ခဲ့တဲ့ အာဏာသိမ်းမှုမှာ အမေရိကန်မှာနေထိုင်တဲ့ တူရကီဘာသာရေးခေါင်းဆောင် Fethullah Gulen ကကြိုးကိုင်ခဲ့တာလို့ တူရကီအစိုးရက စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG