မြန်မာနိုင်ငံမှာ အရပ်ဘက် အစိုးရသစ် ဖွဲ့လိုက်ပြီ ဆိုပေမဲ့ ယူနီဖောင်းချွတ် ဗိုလ်ချုပ်ဟောင်းတွေက ဆက်ပြီး အရေးကြီးတဲ့ နေရာတွေ ယူထားတာမို့ ကြီးကြီးမားမား အပြောင်းအလဲ မဟုတ်ဘူးလို့ အမေရိကန် ပြည်ထောင်စုက ယူဆထားပါတယ်။ ဒါပေမဲ့ ဒီပြောင်းလဲမှုဟာ အများလက်ခံနိုင်တဲ့ အပြောင်းအလဲတွေအတွက် အစပြုချက်တရပ် ဖြစ်လာဖို့တော့ ကုလသမဂ္ဂက တိုက်တွန်းပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
နိုင်ငံအာဏာကို နှစ်အတော်ကြာ ထိန်းထားခဲ့တဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေး ကောင်စီကနေ အခု အရပ်ဘက် အစိုးရသစ်ကို မနေ့က တရားဝင် အာဏာလွှဲပြောင်းလိုက်ပြီ ဆိုပေမဲ့ အစိုးရသစ်ရဲ့ အဓိက နေရာတွေ၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေအတွက် စစ်အုပ်စုရဲ့ သြဇာအာဏာ ဆက်ပြီး သက်ရောက်နေတုန်းပဲလို့ အမေရိကန် ပြည်ထောင်စုက ယူဆပါတယ်။ နိုင်ငံရေး ဖိနှိပ်မှုတွေ ဆက်ရှိနေတာကြောင့် စစ်မှန်တဲ့ အပြောင်းအလဲတွေ လုပ်ဖို့လိုမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာ့ခ် တိုနာ (Mark Toner) က ပြောပါတယ်။
“အခြေခံအားဖြင့် ရွေးကောက်ပွဲရဲ့ အားနည်းချက်တွေကြောင့် အရေးပါတဲ့ စစ်ဗိုလ်ချုပ်တွေဟာ အခု အစိုးရ အဖွဲ့အတွင်း ဆက်ပြီး သြဇာလွှမ်းထားနိုင်သလို အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ ပါဝင်ဆောင်ရွက်နိုင်ပါတယ်။ ဒီဗိုလ်ချုပ်ကြီးတွေဟာ စစ်ယူနီဖောင်းချွတ်ပြီး အရပ်ဝတ် ပြောင်းထားတာပါ။ မြန်မာနိုင်ငံတွင်း နိုင်ငံရေး ဖိနှိပ်မှုတွေ ဆက်ရှိနေတဲ့ အပေါ်မှာ အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ်နေတုန်းပါပဲ။
“နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့နဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၊ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေကို အသိအမှတ်ပြုဖို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာအာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးရဲ့ ပထမအဆင့်အဖြစ် အဲဒီ အင်အားစုတွေနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ စလုပ်ဖို့ တိုက်တွန်းပါတယ်။”
အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ လက်ရှိ ကျင့်သုံးနေတဲ့ အရေးယူ ပိတ်ဆို့ ဖိအားပေးတဲ့ နည်းကိုရော အစိုးရသစ်နဲ့ ထိစပ်ဆက်ဆံတဲ့ မူဝါဒကိုပါ ချဉ်းကပ်မှု ၂ မျိုးစလုံး ဆက်ကျင့်သုံးသွားမယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ အခုလို အရပ်ဘက် အစိုးရဘက်ကို အာဏာလွှဲပြောင်းမှုကို အပြောင်းအလဲတွေ စနိုင်တဲ့ အခွင့်အလမ်းအဖြစ် ဆုပ်ကိုင်ဖို့ လိုမယ်လို့ တိုက်တွန်းပါတယ်။ ဒီကနေ အများလက်ခံနိုင်တဲ့ စနစ်တရပ် ဖြစ်လာဖို့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်သွားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရသူ ဖာဟန် ဟာ့က် (Farhan Haq) က ပြောပါတယ်။
“နှစ် ၅၀ နီးပါးကြာတဲ့ စစ်အုပ်ချုပ်ရေးကနေ အပြောင်းအလဲအတွက် ခြေလှမ်းအစ ဖြစ်တယ်ဆိုတာ သက်သေပြနိုင်ဖို့ မြန်မာအာဏာပိုင်တွေအတွက် အခွင့်အလမ်းတရပ် ဖြစ်ပါတယ်။ မြန်မာလူထုအတွက် ဒီလို ဆောင်ရွက်ဖို့လည်း မြန်မာအာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်။ မြန်မာအာဏာပိုင်တွေ အနေနဲ့ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ နိုင်ငံရေးနဲ့ လူမှုရေး၊ စီးပွားရေး ပြဿနာရပ်တွေကို ထိထိရောက်ရောက် ဖြေရှင်းနိုင်ရေးအတွက် အများယုံကြည် လက်ခံနိုင်တဲ့ စနစ်တရပ် ဖြစ်လာစေဖို့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အားလုံးနဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ လုပ်ရမယ်လို့ အတွင်းရေးမှူးချုပ်က ယုံကြည်ထားပါတယ်။
“မြန်မာပြည်သူတွေ နှစ်ရှည်လကြာ တောင့်တနေခဲ့တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တိုင်းပြည်အတွင်း တည်တံ့တဲ့ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးမှုတွေ ရှိလာစေဖို့ ဒီမိုကရေစီ ဖြစ်ထွန်းမှုတွေနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှုတွေ မဖြစ်မနေ လိုအပ်နေပါတယ်။”
ကုလသမဂ္ဂ အနေနဲ့ကတော့ မြန်မာနိုင်ငံ အနာဂတ်မှာ တည်ငြိမ်ပြီး ပြည့်ဝတဲ့ ဒီမိုကရေစီ ဖြစ်လာစေရေးမှာ နိုင်ငံသားအားလုံး ပါဝင်နိုင်ရေးအတွက် သက်ဆိုင်ရာ အရေးပါတဲ့ ပုဂ္ဂိုလ်အားလုံးနဲ့ အတူတကွ လက်တွဲ ဆောင်ရွက်သွားမယ်လို့ အတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။