သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေက နိုင်ငံတကာ NGO တွေ ရန်ကုန် ပြန်ရောက်


လုံခြုံရေးစိုးရိမ်ရလို့ နိုင်ငံတကာ အကူအညီပေးရေး လုပ်သားတွေနဲ့ ဌာနေ ဝန်ထမ်းတွေ စစ်တွေကနေ ရန်ကုန်လေဆိပ်ကိုပြန်လည် ရောက်ရှိ။ (မတ် ၂၈၊ ၂၀၁၄)
လုံခြုံရေးစိုးရိမ်ရလို့ နိုင်ငံတကာ အကူအညီပေးရေး လုပ်သားတွေနဲ့ ဌာနေ ဝန်ထမ်းတွေ စစ်တွေကနေ ရန်ကုန်လေဆိပ်ကိုပြန်လည် ရောက်ရှိ။ (မတ် ၂၈၊ ၂၀၁၄)
စစ်တွေမြို့မှာရှိတဲ့ နိုင်ငံတကာကူညီထောက်ပံ့ရေးအဖွဲ့အစည်းအချို့နဲ့ ကုလသမဂ္ဂအေဂျင်စီရုံးတွေ တိုက်ခိုက်ဖျက်ဆီးခံရတဲ့နောက်၊ ဒီကနေ့မှာတော့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းက ဝန်ထမ်းအတော်များများကို သူတို့လုံခြုံရေးအတွက် ရန်ကုန်ကို ပြန်လည်ခေါ်ယူခဲ့ကြပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့တော့ ရန်ကုန်ရုံးခွဲက ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး သတင်းပေးပို့ထားပါတယ်။

စစ်တွေမှာ ရုံးခွဲတွေ ဖွင့်ထားတဲ့ အိုင်စီအာစီ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်း၊ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး၊ WFP ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ စတဲ့ ကုလသမဂ္ဂရဲ့ အေဂျင်စီနဲ့ အခြားအစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ရုံးတွေ ဝန်ထမ်းနေအိမ်တွေနဲ့ ဂိုထောင်တွေကို မနေ့တုန်းက ရာနဲ့ချီတဲ့ လူအုပ်ကနေ ဝိုင်းဝန်းတိုက်ခိုက်ဖျက်ဆီးမှုတွေဖြစ်ခဲ့တာပါ။

လုံခြုံရေးတပ်ဖွဲ့တွေကနေ အဲဒီမှာရှိတဲ့ ဝန်ထမ်းတွေကို ဘေးလွတ်ရာ ရွေ့ပေးခဲ့ ရပြီးတဲ့နောက်၊ ဒီကနေ့မှာတော့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝန်ထမ်း အတော်များများကို လေယာဉ်နှစ်စင်းနဲ့ ရန်ကုန်ကို ရွေ့ပြောင်းခေါ်ယူခဲ့ရပါတယ်။ နိုင်ငံခြားသား ဝန်ထမ်းတွေ ပါဝင်သလို၊ မြန်မာဝန်ထမ်းတွေလည်း ပါပါတယ်။ ရန်ကုန်ကို ပြန်လည်ခေါ်ယူ လာရတဲ့အထဲ အိုင်စီအာစီ ဝန်ထမ်းတွေလည်း ပါဝင်တယ်လို့ အိုင်စီအာစီ ရန်ကုန်ရုံးက ဆက်သွယ်ညှိုနှိုင်းရေးမှုး Michael O’Brien က ဗွီအိုအေကို ပြောပါတယ်။

“အိုင်စီအာစီ ဝန်ထမ်းအားလုံး လုံခြုံဘေးကင်းစွာရှိနေပါတယ်။ ဝန်ထမ်း အတော်များများကို ဒီကနေ့ ရန်ကုန်ကို ပြန်ခေါ်ထားပါတယ်။ ဒါပေမယ် အဲဒီက လုပ်ငန်းတွေကို အခုအချိန်မှာ ယာယီရပ်နားထားပေမယ့်လို့လည်း အချို့ဝန်ထမ်းတွေကို စစ်တွေမှာ ဆက်ထားပါမယ်။ ဝန်ထမ်းတွေ လုံခြုံဘေးကင်းစွာနဲ့ လူသားချင်း စာနာမှု အကူအညီတွေ ဖြစ်နိုင်သမျှ မြန်မြန် ပြန်စနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ”

လုံခြုံရေးအရ ရန်ကုန်ကို ဒီကနေ့ ရွေ့ပြောင်းခေါ်ယူလိုက်သူအားလုံးဟာ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ဝန်ထမ်းတွေဖြစ်ကြပြီး၊ ကုလသမဂ္ဂ ဝန်ထမ်းတွေ မပါသေးပါဘူး။ ဒါပေမယ့် မကြာခင် ရက်ပိုင်းတွေ အတွင်းမှာပဲ ကုလသမဂ္ဂ ဝန်ထမ်းတွေကိုလည်း ရန်ကုန်ကို ခေါ်ယူဖို့ရှိပါတယ်လို့ ကုလသမဂ္ဂ ရန်ကုန်ရုံး တာဝန်ရှိသူတဦးက ပြောပါတယ်။

ကုလသမဂ္ဂဝန်ထမ်းအများစုကိုတော့ အခု စစ်တွေဟိုတယ်မှာပဲ ထားပြီး၊ အာဏာပိုင်တွေဖက်က လုံခြုံရေး တိုးမြင့်ယူပေးထားပါတယ်။ သန်းခေါင်စာရင်း ကောက်ခံမှုမတိုင်ခင်မှာ ရခိုင်ပြည်နယ်တွင်းက လုပ်ငန်းအတော်များများကို ယာယီလျှော့ချထာတာမို့။ အခု အခြေအနေကြောင့် လုပ်ငန်းတွေအပေါ် သိသိသာသာ သက်ရောက်ထိခိုက်မှုတော့မရှိဘူးလို့ ကုလသမဂ္ဂ တာဝန်ရှိသူက ဗွီအိုအေကို ပြောပါတယ်။

အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေကတော့ လုပ်ငန်းတွေအားလုံး ယာယီရပ်ဆိုင်းထားရပါတယ်။ ဒီအထဲ အိုင်စီအာစီလည်း ပါတယ်လို့ အိုင်စီအာစီ ရန်ကုန်ရုံးက Micheal O’Brien က ပြောပါတယ်။

“ဟုတ်ပါတယ်။ အဲဒီမှာရှိတဲ့ အခြေအနေတွေ ရှင်းရှင်းလင်းလင်း ဖြစ်သွားတဲ့ အထိပေါ့။ လတ်တလောမှာတော့ လုပ်ငန်းတွေ ရပ်ထားပါတယ်။ ဒါဟာ ယာယီသဘော ရပ်ထားတာပါ။ ဒီနေ့အထိတော့ စစ်တွေအခြေအနေက လုံခြုံရေးအရ ရှင်းရှင်းလင်းလင်းမဖြစ်သေးပါဘူး။ လုံခြုံရေးအခြေအနေ ကောင်းလာတာနဲ့ လုပ်ငန်းတွေ ပြန်စနိုင်ဖို့ ဝန်ထမ်းအချို့တော့ အဲဒီမှာ ရှိပါမယ်။”

ရခိုင်ပြည်နယ်တွင်း လူမျိုး ဘာသာရေး အဓိကရုဏ်းတွေ ပြီးခဲ့တဲ့နှစ်တွေ အတွင်းကတည်းက ရှိခဲ့တာမို့၊ အနောက်နိုင်ငံကြီးတွေဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုရော ဗြိတိန်ကပါ သူတို့နိုင်ငံသားတွေကို ငပလီကလွဲပြီး ရခိုင်ပြည်နယ်ဒေသတခုလုံးမှ မလိုအပ်ပဲ သွားလာမှုမလုပ်ဖို့ ခရီးသွား အကြံပြုချက် အရင်ကတည်းက ထုတ်ပြန်ထားပါတယ်။ အခု စစ်တွေကိစ္စ ထပ်ဖြစ်တော့ ဒီအခြေအနေကို ဒီခရီးသွားအကြံပြုချက်မှာ ထပ်မံ ထည့်သွင်း သတိပေးထားတယ်လို့ ရန်ကုန်မြို့ ဗြိတိန်သံရုံး ပြောခွင့်ရသူ Joe Fisher က ဗွီအိုအေကို ပြောပါတယ်။

“စစ်တွေမှာဖြစ်ခဲ့တဲ့ အခြေအနေအပေါ် တည်ပြီး ခရီးသွားလာမှုအကြံပြုချက်မှာ သတင်းအချက်အလက်တွေ ထပ်ထည့်ထားတာပါ။ ငပလီ အပန်းဖြေစခန်း ကလွဲပြီး ရခိုင်ပြည်နယ်ဒေသတခုလုံးကို မဖြစ်မနေကလွဲလို့ ခရီးသွားလာမှု မလုပ်ဖို့ အကြံပြုထားပါတယ်။ ဒါက အရင်ဒီ မတိုင်ခင်ကတည်းက ခရီးသွားအကြံပြုချက် ဆိုပေမယ့် အခု စစ်တွေက ဖြစ်ရပ်တွေကို အချက်အလက်တွေအနေနဲ့ ထည့်ဖြည့်ထားပါတယ်။ ”

ကုလသမဂ္ဂအေဂျင်စီရုံးတွေနဲ့ NGO ရုံးတွေကို အခုလို တိုက်ခိုက် ဖျက်ဆီးမှုတွေကြောင့်တော့ အခြား ဝန်ထမ်းတွေ နိုင်ငံခြာသားတွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။ ဒါပေမယ့် ဖျက်ဆီးတဲ့လူအုပ်ကို လုံခြုံရေးတပ်က ပစ်ခတ်နှိမ်နင်းရာမှာ အသက် ၁၁ နှစ်အရွယ် ကလေးမတဦး သေနက်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။

ကုလသမဂ္ဂဖက်ကတော့ သူတို့ဖက် အပျက်အစီးတွေကို စီစစ်နေတုန်းပဲရှိပြီး။ အခြေအနေကိုလည်း အကဲခတ်နေရတုန်းပဲလို့ဆိုပါတယ်။ ဒီနေ့မှာ အခြေအနေတွေ တည်ငြိမ်မှုရှိတယ်ဆိုပေမယ့်၊ တစုံလုံးကို အကဲဖြတ်ဖို့ ခက်နေတုန်းပဲလို့လည်း ကုလသမဂ္ဂ ရန်ကုန်ရုံး တာဝန်ရှိသူတဦး က ပြောပါတယ်။ အခု ဖြစ်ရပ်နဲ့ပတ်သက်လို့တော့ စုံစမ်းစစ်ဆေးသွားမယ်လို့ မြန်မာအစိုးရဖက်က ကြေညာထားပါတယ်။

ဒီအတွက် ကာကွယ်ရေးဝန်ကြီးဌာနက ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီးလှမင်း၊ နယ်စပ်ရေးရဝန်ကြီးဌာန ဒု ဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှုးချုပ်ကျာ်ကျော်ထွန်းတို့ ဟာ ဒီကနေပဲ စစ်တွေမြို့ကို ရောက်ရှိလာကြတယ်လို့လည်း သိရပါတယ်။
XS
SM
MD
LG