သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေး အမေရိကန် ဦးဆောင်ဆွေးနွေးမည်


လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေး အမေရိကန် ဦးဆောင်ဆွေးနွေးမည်
လူ့အခွင့်အရေးကောင်စီမှာ မြန်မာ့အရေး အမေရိကန် ဦးဆောင်ဆွေးနွေးမည်

မတ်လမှာကျင်းပမယ့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (၁၆) ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ မြန်မာ့အရေးကို အမေရိကန်ပြည်ထောင်စုက ဦးစားပေး ဦးဆောင်ဆွေးနွေးဖို့ရှိတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အမေရိကန်ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဆူဇန်နိုဆယ်လ် (Suzanne Nossel) ကပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေကို ပြစ်တင်ရှုတ်ချဖို့ အတွက် ဆုံးဖြတ်ချက်မူကြမ်း တင်သွင်းရေးနဲ့ပတ်သက်ပြီးတော့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဆူဇန်နိုဆယ်လ်နဲ့ မနေ့ကတွေ့ဆုံခဲ့တဲ့ USCB လို့ခေါ်တဲ့ အမေရိကန်ပြည်ထောင်စု မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ မူဝါဒရေးရာညွှန်ကြားရေးမှူး ဦးအောင်ဒင်က ဗွီအိုအေကို အခုလို ပြောပါတယ်။

“(၁၆) ကြိမ်မြောက် အစည်းအဝေးမှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာ ကင်တားနားကနေပြီးတော့ ပုံမှန် အစီရင်ခံစာတင်သွင်းတယ်။ အဲဒီအစီရင်ခံစာအပေါ်မှာ အခြေခံပြီးတော့ အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂနိုင်ငံများကနေ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းတရပ်ကို တင်သွင်းဖို့ရှိတယ်။ လောလောဆယ်မှာတော့ အဲဒီဆုံးဖြတ်ချက်မူကြမ်းမှာ အဓိကပါမှာကတော့ တစ်အချက်က - မစ္စတာကင်တားနားရဲ့ mandate ကို ၂ နှစ်သက်တမ်းတိုးဖို့။ နောက်ပြီးတော့ မစ္စတာ ကင်တားနားက လူ့အခွင့်အရေးကိုယ်စားလှယ်အဖြစ် ၆ နှစ်လုပ်ခွင့်ရှိတယ်။ အဲဒီသူ့ရဲ့ သက်တမ်းကို တနှစ်တခါ သက်တမ်းတိုးရတယ်။ ဒီဆုံးဖြတ်ချက်မှာ မစ္စတာကင်တားနားရဲ့သက်တမ်းကို နောက်ထပ်သက်တမ်းတနှစ် တိုးဖို့။ ဒုတိယအချက်ကတော့ မြန်မာနိုင်ငံအစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အထောက်အထားတွေနဲ့ တင်ပြပြီးတော့ ပြစ်တင်ရှုတ်ချဖို့ပါတယ်ပေါ့။ ဒါက သူတို့ဘက်ကရှင်းပြတာပေါ့နော်။”

ဦးအောင်ဒင်က မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီးတော့ ဘာတွေတင်ပြခဲ့ပါသလဲ။ -

“ကျနော့်ဘက်က ပြန်ပြီးဆွေးနွေးတာကတော့ ကျနော်တို့တောင်းဆိုထားတဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ စစ်ရာဇဝတ်မှုတွေ၊ လူသားမျိုးနွယ်စုအပေါ်မှာ ညှင်းပမ်းနှိပ်စက်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးရေးကိစ္စနဲ့ပတ်သက်ပြီးတော့ ဒီဆုံးဖြတ်ချက်မူကြမ်းမှာ ထည့်သွင်းဖို့မဖြစ်နိုင်ဘူးလားဆိုတော့ သူက လောလောဆယ်မှာတော့ မဖြစ်နိုင်သေးဘူးလို့ပြောပါတယ်။”

ဘာလို့မဖြစ်နိုင်ဘူးလို့ပြောတာလဲ။ -

“သူရှင်းပြတာကတော့ ပြီးခဲ့တဲ့ဇန်နဝါရီလကုန်က လူ့အခွင့်အရေးကောင်စီမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး မှတ်တမ်းကို ကမ္ဘာ့နိုင်ငံများကသုံးသပ်ပြီးတော့ အကြံပြုချက်တွေ တင်ခဲ့ကြတာရှိတယ်။ အဲဒီအကြံပြုချက်တွေနဲ့ ပတ်သက်ပြီးတော့ မြန်မာစစ်အစိုးရက လာမယ့် လူ့အခွင့်အရေးကောင်စီ ဇွန်လအစည်းအဝေးမှာ ပြန်ပြီးတော့ရှင်းပြမယ်။ အဲဒီအခါကျတော့ ကမ္ဘာ့နိုင်ငံ အတော်များများက မြန်မာစစ်အစိုးရက သူတို့ရဲ့ အကြံပြုချက်တွေကို လိုက်နာမလိုက်နာဆိုတဲ့အချက်အပေါ်မှာ လာမယ့်ဇွန်လအထိ စောင့်ကြည့်ချင်တဲ့သဘောထား ရှိတယ်ပေါ့ဗျာ။ အဲဒါကြောင့်မိုလို့ ဒီမတ်လမှာကျင်းပမယ့် အစည်းအဝေးမှာတော့ commission of inquiry ပေါ့နော်၊ စုံစမ်းရေးကော်မရှင်ဖွဲ့ရေးကိစ္စကို ထည့်သွင်းဖို့တော့ မဖြစ်နိုင်သေးဘူးလို့ပြောပါတယ်။”

အခုလို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အကြီးတန်းအရာရှိတဦးနဲ့ တွေ့ဆုံတဲ့အချိန်မှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီးတော့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ကိစ္စ တခုတည်းလား၊ ဒါမှမဟုတ် တခြားဘာတွေများ ဦးအောင်ဒင်တို့အနေနဲ့ ထည့်သွင်းဆွေးနွေးခဲ့ပါသေးလဲ။ -

“ကျနော်တို့ အဓိကဦးစားပေးကတော့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းရေးပဲခင်ဗျ။ ဒါကတော့ အင်မတန်အရေးကြီးတဲ့ကိစ္စကိုး။ သူတို့ကို ကျနော် ထပ်ပြီးရှင်းပြခဲ့တယ်။ အမေရိကန်အစိုးရကိုယ်နှိက်က ဒီကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးဖွဲ့စည်းဖို့ကိစ္စကို တရားဝင် ထောက်ခံထားပြီးသားပါ။ ပြီးတော့လည်း အခုချိန်ထိကို နိုင်ငံပေါင်း ၁၄ နိုင်ငံက ထောက်ခံနေတာဖြစ်တယ်။ ဆိုတော့ ဒီစုံစမ်းစစ်ရေးကော်မရှင်ရဲ့ အရေးကြီးမှုဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ပေါ်ရေးအတွက် နအဖကို ဖိအားပေးတာဖြစ်သလိုပဲ အခြားအရေးကြီးတဲ့အချက်က နအဖ လက်ရှိကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေ၊ ကျူးလွန်နေဆဲ ရာဇဝတ်မှုတွေ၊ ကျူးလွန်ဦးမယ့် ရာဇဝတ်မှုတွေကို ဟန့်တားဖို့ဖြစ်တယ်။

“အဲဒီဒုတိယအချက်ကို ထပ်ပြီးတော့ သူတို့ကို ကျနော် ရှင်းပြတယ်။ နအဖက အခုသူ့ရဲ့ အခြေခံဥပဒေမှာ သူ့ကိုယ်သူ ပြီးခဲ့တဲ့ ရာဇဝတ်မှုတွေကနေ သက်ညှာခွင့်ပေးထားပြီးသား။ ရှေ့သက်တမ်းမှာလည်း အပြစ်ကျူးလွန်သူတွေကို ဆက်ပြီးအကာအကွယ်ပေးနေဦးမှာပဲ။ နောက်တခုက ဒီလိုမျိုး စုံစမ်းစစ်ဆေးဖို့ တောင်းဆိုတဲ့ကိစ္စက တချို့အမြင်မှာကျတော့ ကလဲ့စားချေဖို့ဆိုပြီး တွေးကြတာရှိတယ်လေ။ အဲဒါက ကလဲ့စားချေတာမဟုတ်ဘဲနဲ့ ဥပဒေဘောင်ထဲကနေပြီးတော့ တရားမျှတမှုကို တောင်းဆိုတာ။ မြန်မာနိုင်ငံထဲမှာရှိတဲ့တရားဥပဒေတွေက စစ်အုပ်စုရဲ့ အကြမ်းဖက်မှုကို အထောက်အကူပြုတဲ့ တရားစီရင်ရေးစနစ် ဖြစ်တဲ့အခါကျတော့ မြန်မာနိုင်ငံထဲမှာ ဥပဒေဘောင်ထဲကနေ တရားမျှတမှုကို တောင်းဆိုဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ဒါကြောင့်မိုလို့ နိုင်ငံတကာဥပဒေကြောင်းအရ တရားမျှတမှုကို တောင်းဆိုတာပေါ့။ ကလဲစားချေရေးလို့မြင်တာတွေက မှားတယ်ဆိုတဲ့အကြောင်း ကျနော် သူ့ကိုထပ်ပြီးတော့ ရှင်းပြခဲ့တယ်။”

ဒုတိယလက်ထောက် နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ရော ဒီရှင်းပြချက်တွေကို လက်ခံတဲ့အနေအထားရှိရဲ့လား။ -

“လက်ခံပါတယ်။ သူက ကျနော်ပြောတာတွေအားလုံးကို စာရေးပြီးတင်ဖို့ပြောတယ်။ နောက်ပြီးတော့လည်း ရှေ့မှာဆက်လက်ပြီးတော့ ဆွေးနွေးဖို့ အကြံပြုတယ်။ အဓိကကတော့ သူတို့ဘက်က ဒီကိစ္စတွေအပေါ်မှာ မသဲကွဲတာမဟုတ်ပါဘူး။ တခြားဥရောပနိုင်ငံတွေကို သူတို့နဲ့အတူတူ ရပ်တည်ပြီးတော့ ဒီကော်မရှင် ဖြစ်မြောက်ရေးအတွက် စည်းရုံးတဲ့နေရာမှာ တချို့နိုင်ငံတွေမှာ စောစောကပြောတဲ့ သံသယလေးတေ ွရှိတယ်ဗျာ။ ဒါက ကလဲ့စားချေဖို့လားဘာလားပေါ့။ အဲဒီမှာ ကျနော်စရှင်းပြခဲ့တာက ကော်မရှင်ဖွဲ့စည်းရေးက အရမ်းကို အရေးတကြီးလိုအပ်တဲ့ကိစ္စဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ ဟိုးအတိတ်က တရားမမျှတမှု အကြောင်း ခဏထားလိုက်။ လက်ရှိဖြစ်ပေါ်နေတဲ့၊ နောက်ဖြစ်ပေါ်ဦးမယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားဖို့အတွက် ကော်မရှင်ဟာ အရေးတကြီး လိုအပ်တယ်။

“ကော်မရှင်ကတော့ စုံစမ်းစစ်ဆေးရေး ဖွဲ့စည်းပြီးတော့ စုံစမ်းစစ်ဆေးပြီးတဲ့အခါကျတော့ ကော်မရှင်က ဘယ်လိုအကြံပြုမလဲဆိုတာ ကျနော်တို့က ဘာမှမသိသေးဘူး။ လုံခြုံရေးကောင်စီကနေပြီးတော့ မြန်မာနိုင်ငံကိစ္စကို ကိုင်တွယ်ပြီး နိုင်ငံတကာ ရာဇဝတ်ခုံရုံးကို လွှဲပြောင်းပေးဖို့ အကြံပြုကောင်းပြုနိုင်တယ်။ သို့မဟုတ်လည်း ယူဂိုဆလပ်တို့မှာ လုပ်ခဲ့သလိုမျိုးပဲ international tribunal လုပ်ဖို့၊ သို့မဟုတ်ရင်လည်း တောင်အာဖရိကမှာဖြစ်ခဲ့သလိုမျိုး Truth and Reconciliation Commission ဆိုပြီးတော့လုပ်ဖို့၊ သို့တည်းမဟုတ်လည်း ကမ္ဘောဒီးယားမှာလုပ်ခဲ့သလိုမျိုး ကုလသမဂ္ဂနဲ့အစိုးရနဲ့ ပူးတွဲထားတဲ့ ကော်မရှင်ခုံရုံးဖွဲ့ဖို့ကိုလည်း ဖြစ်နိုင်တယ်။ ဆိုတော့ ဒါတွေအားလုံးက စုံစမ်းရေးကော်မရှင်လက်ထဲမှာပဲ။ ဆိုတော့ နောက်ဘာဖြစ်လာမလဲဆိုတာ ကြိုတွေးပြီးတော့ နှောင့်နှေးနေမယ့်အစား အခုလုပ်ရမယ့်အလုပ်ကို အရင်ဆုံးအမြန်ဖြစ်အောင်လုပ်ဖို့၊ ဒီလိုလုပ်ဖို့ကလည်း ဘယ်လောက်အထိ အရေးကြီးတယ်ဆိုတာကို ကျနော်တို့ထပ်ပြီးတော့ တတ်နိုင်သလောက် ထောက်ခံသွားဖို့ပြောခဲ့တယ်။”

ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG