သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပခရီးသည်တင် လေယာဉ်တွေ အပေါ် စစ်ဆေးမှု ကန် ပိုတင်းကြပ်


အမေရိကန် လေယာဉ်ကွင်းတွေကို ဆိုက်ရောက်လာကြမယ့် နိုင်ငံခြား ခရီးသည်တင် လေယာဉ်အားလုံး လိုက်နာရမယ့် လုံခြုံရေးဆိုင်ရာ အရေးယူ ဆောင်ရွက်မှု အသစ်တွေကို အမေရိကန် ပြည်ထောင်စုက ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။ အမေရိကန်ကို လာကြဖို့ လေယာဉ်ပေါ် မတက်ခင် နိုင်ငံခြားသား ခရီးသည်တွေကို တင်းကြပ်တဲ့ စစ်ဆေးမှုတွေ ပြုဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဒေါ်လှလှသန်း က စုစည်းတင်ပြထားပါတယ်။

ကမ္ဘာတဝှမ်းက အမေရိကန် ပြည်ထောင်စုကို လာရောက်ကြမယ့် လေယာဉ်တွေ အနေနဲ့ ခရီးသည်တွေ လေယာဉ်ပေါ် မတက်မီ စစ်ဆေးတဲ့ လုံခြုံရေး အရေးယူ ဆောင်ရွက်မှု အသစ်တွေကို အမိမြေ လုံခြုံရေးဌာန ဝန်ကြီး JOHN KELLY က ဝါရှင်တန်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အမေရိကန် လုံခြုံရေး အသစ် ညီလာခံမှာ အခုလိုပြောကြား ခဲ့တာဖြစ်ပါတယ်။

“ လုံခြုံရေးဆိုင်ရာ အရေးယူ ဆောင်ရွက်မှု အသစ်တွေကတော့ အမေရိကန် ပြည်ထောင်စုကို လာမယ့် လေယာဉ်တွေပေါ် မတက်ခင် စစ်ဆေးမှုတွေကို တိုးမြှင့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဒီကြေညာချက်နဲ့ အတူ ရှင်းရှင်းလင်းလင်း အသိပေး လိုတာက ကျနော်တို့ အနေနဲ့ ဘာမှမလုပ်ဘဲ မနေနိုင်ပါဘူး။ စည်းမျဉ်းသစ်တွေကို လိုက်နာခြင်းမပြုဘူး၊ လိုက်နာဖို့ နှေက်နှေး နေတယ်ဆိုရင် တခြားကန့်သတ်မှု တွေကို ခံကြရမှာ ဖြစ်ပါတယ်။

အဲဒီအထဲမှာ လေယာဉ်ပေါ်ကို လျှပ်စစ်ပစ္စည်း သယ်ဆောင်ခွင့် ပိတ်ပင်ခံရတာအပါဝင် အမေရိကန်ပြည်ထောင်စုကို လာရောက်တဲ့ လေယာဉ်ပျံသန်းခွင့် ပိတ်ပင်ခံရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အခု ကျနော် လေ့လာ ရသလောက်ကတော့ လေယာဉ်လိုင်း အားလုံးဟာ သူတို့ရဲ့အမှုထမ်းတွေနဲ့ ခရီးသည် တွေအားလုံး ဘေးအန္တရာယ်ကင်းရှင်း အောင် လုပ်ဆောင်လိုကြ တာတွေ့ရ ပါတယ်။ ”

လောလောဆယ်မှာတော့ အမိမြေလုံခြုံရေး ဌာနအနေနဲ့ လေယာဉ်တွေပေါ်မှာ ခရီးသည်တွေနဲ့အတူ သည်ဆောင်နိုင်တဲ့ carry on ပစ္စည်တွေမှာ Laptop ကွန်ပျူတာ သယ်ဆောင်တာ ပိတ်ပင်ဖို့ သတင်းထွက်နေပေမဲ့လည်း ခုတော့ ဒါကို မလုပ်ဆောင် သေးတာတွေ့ ရပါတယ်။

Laptop ကွန်ပျူတာတွေကို အာဖရိက (၈) နိုင်ငံ နဲ့ အရှေ့အလယ်ပိုင်း လေဆိပ်တွေက ထွက်ခွာလာတဲ့ လေယာဉ်တွေပေါ်မှာ ခရီးသည်တွေနဲ့ အတူ သယ်ဆောင်ခွင့်ကို မတ်လ ကတည်းက အမေရိကန်က ပိတ်ပင်ထားတာ ဖြစ်ပါတယ်။

IS အစွန်းရောက်တွေ အနေနဲ့ laptop ကိုသုံးပြီး ဗုံးလုပ်နိုင်တယ်ဆိုတဲ့ ထောက်လှမ်းရေး သတင်းတွေ ထွက်ပေါ်လာပြီး တဲ့နောက် အခုလိုပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အမိမြေ လုံခြုံရေးဝန်ကြီး KELLY က လေကြောင်းသွားလာရေး လုံခြုံမှု တိုးမြှင့်ဖို့ လိုတဲ့ အကြောင်း အခုလို ထောက်ပြခဲ့ပါတယ်။

“ အကြမ်းဖက်သမားတွေရဲ့ ရန်ကို ကာကွယ်ဖို့ အားလုံးက တိုးမြှင့်ဆောင်ရွက်ခြင်း မရှိဘူးဆိုရင် လေယာဉ်တွေကို အများဆုံး ပစ်မှတ်ထား တိုက်ခိုက်တဲ့ အကြမ်းဖက်သမားတွေဟာ လုံခြုံရေး အားနည်းချက်တွေကို ရှာပြီးတိုက်ခိုက်ကြမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာတဝှမ်း လေကြောင်းသွားလာမှု လုံခြုံရေး အတွက် အနိမ့်ဆုံး သတ်မှတ်ချက်ကို မြှင့်ဖို့ လိုမှာ ဖြစ်ပါတယ်။ တချိန်ထဲမှာပဲ လေယာဉ် ခရီးသည်တွေနဲ့ ခရီးသွားလာမှုကိုလည်း စိတ်အနှောက်အယှက် မဖြစ်စေဖို့ သတိထား လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ”

အခုကြေညာခဲ့တဲ့ အရေးယူ ဆောင်ရွက်မှု အသစ်မှာ လေယာဉ်ခရီးသည်တွေ အနေနဲ့လေယာဉ်ပေါ်မတက်မီ စစ်ဆေးမှုတွေ ပို အသေးစိတ် ခံရဖွယ်ရှိပြီး သယ်ဆောင်လာတဲ့ Electronic ပစ္စည်းဖြစ်တဲ့ ကွန်ပျူတာ၊ လက်ပ်တော့၊ ဆဲလ်ဖုန်း စသဖြင့် တို့ကိုလည်း စစ်ဆေးတဲ့ စက် သပ်သပ်နဲ့ စစ်ဆေးခံရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လေယာဉ်တွေနဲ့ လေဆိပ်တွေ တဝိုက်မှာလည်း လုံခြုံရေးကို တိုးမြှင့်ချထားပြီး ဗုံးနဲ့ ဓါတုပစ္စည်းတွေအတွက် အနံ့ခံဖို့ ခွေးတွေကို လည်း အသုံးပြုမှာ ဖြစ်ပါတယ်။

ဒီအရေးယူဆောင်ရွက်မှုအသစ်ဟာ နိုင်ငံပေါင်း ၁၀၅ နိုင်ငံက လေဆိပ်ပေါင်း ၂၈၀ တို့ မှာ လုပ်ဆောင်ကြရမှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုကို လာရောက်တဲ့ နိုင်ငံခြား ခရီးသည်ပေါင်းဟာ နေ့စဉ် သုံးသိန်းနှစ်သောင်း ငါးထောင်လောက် ရှိတာဖြစ်ပါတယ်။ နိုင်ငံခြားလေကြောင်းတွေအနေနဲ့ ဒီအရေးယူ ဆောင်ရွက် မှုတွေကို ရက် ၁၂၀ အတွင်း လိုက်နာ ကြရမှာ ဖြစ်ပြီး Electronic ပစ္စည်းတွေကို စစ်ဆေးတဲ့ စက်အသစ်တွေကို ၂၁ ရက်အတွင်း တပ်ဆင် ကြရမှာလည်း ဖြစ်ပါတယ်။

ဒီညွှန်ကြားချက်တွေကို မလိုက်နာတဲ့ လေကြောင်း တွေအနေနဲ့ နောက်ပို တင်းကြပ်တဲ့ ကန့်သတ်မှုတွေ ခံရဖို့ရှိသလို ဒဏ်ငွေတပ်ခံရဖို့နဲ့ အမေရိကန် လေဆိပ်တွေကို ဆင်းသက်ခွင့် ပိတ်ပင် တာတွေအထိ ဟန့်တားခံရဖို့ ရှိတယ်လို့ အမိမြေ လုံခြုံရေး ဌာနက ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG