သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာဖာလေကြောင်းတိုက်ခိုက်မှု စုံစမ်းစစ်ဆေးဖို့ အစ္စရေးကို ကန်တိုက်တွန်း 


အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Matthew Miller
အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ Matthew Miller

ဂါဇာတောင်ပိုင်း ရာဖာမြို့က ဒုက္ခသည်စခန်းတခုမှာ ခိုလှုံနေကြတဲ့ ပါလက်စတိုင်း ၄၅ ဦးထက်မနည်း သေဆုံးပြီး ၂၀၀ ကျော် ဒဏ်ရာရရှိစေခဲ့တဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုအပေါ် “အလွန်အမင်း စိုးရိမ်ကြောင်း” အမေရိကန်ပြည်ထောင်စုက အင်္ဂါနေ့က ပြောပါတယ်။

“ထွက်ပေါ်လာတဲ့ မြင်ကွင်းပုံရိပ်တွေက ကြေကွဲစရာပါပဲ” လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူး မီလာ (Matthew Miller) က သတင်းထောက်တွေကို ပြောပါတယ်။

အစ္စရေးဟာ ဟာမတ်စ်ကို ချေမှုန်းဖို့ အခွင့်အရေးရှိပေမယ့် တပြိုင်တည်းမှာ အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်အောင် တတ်နိုင်သမျှလုပ်ဖို့ တာဝန်ရှိကြောင်း သူက ပြောပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ ပွင့်လင်းမြင်သာပြီး ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးဖို့ အစ္စရေးစစ်တပ်က ကတိပေးထားတယ်လို့လည်း မီလာက ပြောပါတယ်။ “နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေကို အပြည့်အဝလိုက်နာရေး၊ စစ်ဆင်ရေးတွေအတွင်း အရပ်သားထိခိုက်မှု လျှော့ချရေးနဲ့ လိုအပ်နေသူတွေဆီ လူသားချင်းစာနာမှုအကူအညီတွေ ပိုမို ရောက်ရှိစေရေးအတွက် အစ္စရေးကို ဆက်လက်ပြီး အလေးပေး ပြောသွားမယ်” လို့လည်း မီလာက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုအနေနဲ့ “ဒီရလဒ်တွေကို အနီးကပ် စောင့်ကြည့်သွားမယ်“ လို့လည်း ဆိုပါတယ်။

အစ္စရေးစစ်တပ်ဘက်ကတော့ တနင်္ဂနွေနေ့က တိုက်ခိုက်မှု အတွင်း ဒုက္ခသည်စခန်းမှာ လူသေဆုံးတဲ့အထိ မီးအကြီးအကျယ်လောင်ခဲ့တာက အဲဒီမှာ သိုလှောင်ထားတဲ့ လက်နက်တိုက်ကို သူတို့တိုက်ခိုက်မှု ထိမှန်တာကြောင့် ဖြစ်နိုင်ကြောင်း ဖြေရှင်းပါတယ်။ အစ္စရေးတိုက်ခိုက်မှုမှာအသုံးပြုတဲ့ ခဲယမ်းတွေဟာ အင်အားပြင်းတွေမဟုတ်လို့ ဒီလောက်ကြီးမားတဲ့မီးလောင်မှုကြီး မဖြစ်နိုင်ဘူးလို့ အစ္စရေး စစ်ဘက်ပြောရေးဆိုခွင့်ရှိသူက အင်္ဂါနေ့က ပြောပါတယ်။ တိုက်ခိုက်မှုအတွင်း ဟာမတ်စ် အကြီးတန်းအရာရှိနှစ်ဦး သေဆုံးခဲ့ကြောင်း အစ္စရေးက ပြောပါတယ်။

ဂါဇာကျန်းမာရေးဝန်ကြီးဌာနဘက်ကတော့ အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့် ရွှေ့ပြောင်းဒုက္ခသည်တွေ ခိုလှုံရာနေရာ မီးလောင်သွားခဲ့ကြောင်း ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ အယ်လ်ဂျီးရီးယားနိုင်ငံရဲ့တောင်းဆိုချက်ကြောင့် အဖွဲ့ဝင်နိုင်ငံတွေဟာ အင်္ဂါနေ့မွန်းလွဲပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ အင်္ဂါနေ့ကထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာလည်း ဒီလို “အညှာအတာမဲ့တဲ့ အကြမ်းဖက်မှု” ကိုရပ်တန့်ပြီး လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့နဲ့ ဟာမတ်စ်ဘက်ကလည်း သူတို့ဖမ်းထားတဲ့ အစ္စရေး ဓားစာခံအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြီးအကဲ မာတင် ဂရစ်ဖစ်စ် (Martin Griffiths) ရဲ့ တနင်္လာနေ့နှောင်းပိုင်း ထုတ်ပြန်ချက်ထဲမှာလည်း ရာဖာတိုက်ခိုက်မှု ဖြစ်စဥ်ကို လုံးဝလက်မခံနိုင်ကြောင်း ပြောပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ ရှင်းလင်းချက် ဖြစ်တဲ့ “ဝမ်းနည်းဖွယ်အမှားတခု” လို့ ပြောဆိုချက်ကိုလည်း ဂရစ်ဖစ်စ်က ဝေဖန်ပါတယ်။

"တိုက်ခိုက်မှုဟာ စစ်ရာဇဝတ်မှုပဲဖြစ်ဖြစ်၊ 'ကြေကွဲဖွယ်အမှား' လို့ ဆိုဆို ဂါဇာက လူတွေအတွက်ကတော့ ဆွေးနွေးငြင်းခုံစရာ မဟုတ်ပါဘူး" လို့ ဂရစ်ဖစ်စ်က ပြောပြီး“ဖြစ်ပျက်ခဲ့တာက– ရွံရှာဖွယ် အရက်စက်ဆုံး ဖြစ်ရပ်” လို့ ပြင်းပြင်းထန်ထန် ဝေဖန်ပါတယ်။ အစ္စရေးက ဒီလုပ်ရပ်ကို 'မှားယွင်း ဖြစ်သွားတာပါ' လို့ ခေါ်ဆိုတာက အသတ်ခံရသူတွေ၊ ဝမ်းနည်းပူဆွေးသူတွေနဲ့ လူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ကြိုးစားနေသူတွေအတွက် ဘာမှ အဓိပ္ပာယ်မရှိတဲ့ သတင်းစကားပဲ" လို့လည်း သူက ပြစ်တင်ခဲ့ပါတယ်။ ရာဖာမှာ ထိုးစစ်ဆင်ရင် လူသတ်ပွဲတွေဆီ ဦးတည်သွားမယ်ဆိုတာကို ကုလသမဂ္ဂက သတိပေးခဲ့ပြီး ဖြစ်ကြောင်းနဲ့ ဂါဇာကမ်းမြောင်တခုလုံးမှာ ဘေးကင်းလုံခြုံတဲ့ နေရာဆိုလို့ မရှိသလို လူသားချင်းစာနာထောက်ထားမှုဇုန်လို့လည်း မရှိကြောင်း ဂရစ်ဖစ်စ်က ထောက်ပြခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဂါဇာကမ်းမြောင်က al-Mawasi ဒေသမှာ အင်္ဂါနေ့က အစ္စရေး ဘက်က လေကြောင်းတိုက်ခိုက်မှုအသစ်တွေ ထပ်မံလုပ်ခဲ့ကြောင်း ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ အဲဒီမှာ အစ္စရေးက သတ်မှတ်ပေးထားတဲ့ "ဘေးကင်းဇုန်" လို့ ခေါ်တဲ့ နေရာတွေကို ပါလက်စတိုင်း ထောင်နဲ့ချီ ထွက်ပြေးနေတာပါ။ ဂါဇာ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရတော့ ဒီတိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား ၂၀ ဦး သေဆုံးခဲ့ကြောင်းပြောပေမဲ့ အစ္စရေးဘက်ကတော့ သူတို့တပ်ဖွဲ့တွေက အဲဒီဒေသကို တိုက်ခိုက်မှု မရှိကြောင်း ငြင်းပါတယ်။

ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNRWA က အစ္စရေးရဲ့ထိုးစစ်တွေကြောင့် ပြီးခဲ့တဲ့ သီတင်း (၃) ပတ်အတွင်း ရာဖာမြို့က လူပေါင်း ၉၄၀,၀၀၀ ကျော် ထွက်ပြေးခဲ့ကြောင်း အင်္ဂါနေ့မှာပဲ သတင်းထုတ်ပြန်ထားပါတယ်။၊ ဂါဇာမြောက်ပိုင်းမှာလည်း တိုက်ပွဲတွေကြောင့် နောက်ထပ် လူတသိန်းဝန်းကျင်လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

Forum

XS
SM
MD
LG