သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၁ နောက်ပိုင်း ပထမဆုံးလာမယ့် မြောက်ကိုရီးယားသံကို ကန် ဗီဇာငြင်း


မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနသံတမန် ChoeSon Hui(ဘယ်)ကို တရုတ်ပြည်ဆွေးနွေးပွဲတခုမှာတွေ့ရ
မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနသံတမန် ChoeSon Hui(ဘယ်)ကို တရုတ်ပြည်ဆွေးနွေးပွဲတခုမှာတွေ့ရ

မြောက်ကိုရီးယား အဆင့်မြင့်သံတမန်တဦးကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က ပြည်ဝင်ခွင့် ငြင်းဆန်လိုက်တဲ့အတွက်၊ အမေရိကန် သမ္မတ Donald Trump အစိုးရသစ် လက်ထက်မှာ မြောက်ကိုရီးယားနဲ့ ပထမဆုံးအကြိမ် ထိတွေ့ဆက်ဆံမယ့် အစီအစဉ် ပျက်သွားတဲ့ အကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

မတ်လ ၁ ရက်နဲ့ ၂ ရက်နေ့တွေမှာ မြောက်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက အဆင့်မြင့် သံကိုယ်စားလှယ် Choe Son Hui နဲ့ အမေရိကန် အစိုးရအရာရှိဟောင်းတွေ နယူးယောက်မြို့မှာ တွေ့ဆုံဖို့စီစဉ်ထားပေမဲ့ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရတဲ့အတွက် အစီ အစဉ်ပျက်ခဲ့ကြောင်း Wall Street Journal က ဒီကနေ့ပဲ ဖော်ပြခဲ့တာပါ။ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဗီဇာပေးဖို့ ငြင်းဆန်ခဲ့တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မရှိပေမဲ့၊ ဒီလ ၁၂ ရက်နေ့မှာ မြောက်ကိုရီးယားက ပဲ့ထိန်းတပ်ဒုံး စမ်းသပ်ခဲ့တာ၊ မြောက် ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ ဖအေတူ၊ မအေကွဲ အကိုဖြစ်သူ မလေးရှားနိုင် ငံမှာ လုပ်ကြံသတ်ဖြတ် ခံခဲ့ရတဲ့ ကိစ္စတွေနဲ့ ဆက်နွယ်ကောင်း ဆက်နွယ်နိုင်တယ် လို့လည်း သတင်းက ဖော်ပြပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယား အစိုးရ တာဝန်ရှိသူတွေကတော့ မလေးရှားနိုင်ငံ ကွာလာ လမ်ပူ လေဆိပ်မှာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က Kim Jong Nam သေဆုံးမှုဟာ မြောက် ကိုရီးယား သူလျှိုတွေရဲ့ လက်ချက်ဖြစ်မယ်လို့ ယုံကြည်ထားကြတာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ဒီလို ဆွေးနွေးမှုမျိုး လုပ်ဖို့ အစီအစဉ်မရှိ တဲ့အကြောင်း ပြောဆိုခဲ့သလို၊ ပြည်ဝင်ခွင့်ဗီဇာ ငြင်းပယ်ခံရသူ လူပုဂ္ဂိုလ်တဦးချင်းနဲ့ ပတ်သက်လို့ မှတ်ချက်ပေးဖို့လည်း ငြင်းဆန်ခဲ့ပါတယ်။ နယူးယောက်မြို့က တွေ့ဆုံမှုသာ တကယ်ဖြစ်မြောက်ခဲ့မယ် ဆိုရင်တော့ ဒါဟာ ၂၀၁၁ ခုနှစ်ကစလို့ မြောက်ကိုရီးယား အဆင့်မြင့်သံကိုယ်စားလှယ်တဦး အမေရိကန်ကိုလာတဲ့ ခရီးစဉ်ဖြစ်လာနိုင်သလို၊ သမ္မတ Trump အစိုးရလက်ထက်မှာ ပထမဆုံး ထိတွေ့ဆက်ဆံမှုလည်း ဖြစ်လာနိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG