မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဖေတူ အမေကွဲအကို Kim Jong Nam သေဆုံးသွားတာဟာ နိုင်ငံတကာမှာ ပိတ်ပင် ကန့်သတ်ထားတဲ့ VX အဆိပ်ကြောင့် ဖြစ်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ဒီကနေ့ပြောပါတယ်။
အဲဒီအဆိပ်ကို Kim ရဲ့ မျက်လုံးနဲ့ မျက်နှာတွေမှာ စမ်းသပ်တွေ့ရှိတယ်လို့ မလေးရှား ဓာတုဗေဒဌာနရဲ့ ကနဦး ဆန်းစစ်တွေ့ရှိချက် ကိုကိုးကားပြီး ရေးထားတဲ့ မလေးရှားရဲချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Kim Jong Nam သေဆုံးမှုနဲ့ ဆက်စပ်ပြီး မလေးရှားနဲ့ မြောက်ကိုရီးယားအကြား သံတမန် ဆက်ဆံရေးက နေ့စဉ်နဲ့အမျှ တင်းမာ လာနေတာပါ။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး အချက်အလက်အသစ်တွေ ထပ်ပြီး ထွက်လာနေတာနဲ့အမျှ Kim Jong Nam ကို မြောက်ကိုရီးယားက လူလွှတ်ပြီး သတ်ခိုင်းတာဆိုတဲ့ ခန့်မှန်းချက်တွေကလဲ ပိုပိုတိုးလာနေပါတယ်။
မလေးရှားရဲ့စုံစမ်းစစ်ဆေးမှုမှာ အပြစ်အနာအဆာတွေ၊ ကွဲလွဲချက်တွေ ပြည့်နေတယ် လို့ မြောက်ကိုရီးယားက ပြစ်တင် ဝေဖန် သလို မလေးရှားဟာ မြောက်ကိုရီးယား ရဲ့ရန်သူတွေနဲ့ ပူးပေါင်းကြံစည်နေတယ်လို့လဲ စွပ်စွဲပါတယ်။
အင်ဒိုနီးရှားနဲ့ ဗီယက်နမ် အမျိုးသမီးနှစ်ဦးဟာ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က သူတို့လက်မှာ အဲဒီဓာတုအဆိပ်ကိုသုတ်ပြီး Kim Jong Nam ရဲ့မျက်နှာပေါ် ပွတ်လိုက်ကြတာဖြစ်တယ်လို့ မလေးရှားစုံစမ်းစစ်ဆေးရေးမှူးတွေက ဆိုပါတယ်။ ဒီအဆိုကို အဆိပ် ဓာတ်ဆိုင်ရာကျွမ်းကျင်သူတွေက မေးခွန်းထုတ်ကြပါတယ်။
မလေးရှားရဲကပြောတာအရဆိုရင် အမျိုးသမီးတွေအနေနဲ့ သူတို့ လက်တွေကို ချက်ခြင်းဆေးဖို့ ပြောထားခဲ့တယ်ဆိုရင်တောင်မှ ဒီလောက်ပြင်းထန်တဲ့ အဆိပ်ကို ထိထားတဲ့ကြားထဲကနေ အဲဒီ အမျိုးသမီးတွေ ဘာမှမဖြစ်ဘဲ ဘာကြောင့် ပြန်ထွက်သွားနိုင်တာလဲလို့ ကျွမ်းကျင်သူတွေက မေးခွန်းထုတ်ကြတာပါ။