သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Nam လုပ်ကြံခံရမှု မလေးရှားရဲ လူ ၄ ဦး ဖမ်းဆီး


Kim Jong Nam
Kim Jong Nam

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ အဖေတူ အမေကွဲ အကို Kim Jong Nam လုပ်ကြံခံရမှုနဲ့ ပတ်သက်ပြီး ၄ ဦး ဖမ်းဆီးထားပြီး နောက်ထပ် ၇ ဦးကို ရဲက အလိုရှိထားပါတယ်။ မြောက်ကိုရီးယား ဘက်ကတော့ သေဆုံးသူရဲ့ အလောင်းကို လွှဲပြောင်းပေးဖို့ တောင်းဆိုနေပြီး မလေးရှား အာဏာပိုင်တို့ကတော့ ပယ်ချထားတာကြောင့် နှစ်နိုင်ငံကြား သံတမန်ရေး တင်းမာမှုလည်း ရှိနေတာပါ။ တောင်ကိုရီးယား အစိုးရကတော့ မြောက်ကိုရီးယား အစိုးရရဲ့ အကြမ်းဖက် နည်းပရိယာယ်တွေက အတင့်ရဲလာတာကြောင့် သတိကြီးကြီးထားကြဖို့ လိုအပ်ပြီလို့လည်း ပြောဆိုလိုက်ပါတယ်။ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ အဖေတူ အမေကွဲ အကို ကင်ဂျုံနမ် မလေးရှားနိုင်ငံမှာ ရုတ်တရက် သေဆုံးခဲ့ရမှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးထားသူ ၄ ဦးရှိသွားပါပြီ။ ဖျော်ဖြေရေးမယ် အသက် ၂၈ နှစ် အရွယ် ဗီယက်နမ်နိုင်ငံသူ Doam Phi Huong ၊ အနှိပ်သည် ဖြစ်တဲ့ အသက် ၂၅ နှစ် အရွယ် အင်ဒိုနီးရှား နိုင်ငံသူ Siti Aisyah နဲ့ သူမနဲ့ ပတ်သက်သူ မလေးရှား နိုင်ငံသား Mohammed Bin Jallaludin တို့နဲ့ အတူ အသက် ၄၇ နှစ် အရွယ် မြောက်ကိုရီးယား နိုင်ငံသား Ri Jong Chol တို့ကို ဖမ်းဆီးထားတာပါ။ Ri Jong Chol ကတော့ ၂၀၁၆ ခုနှစ်ကတည်းက မလေးရှားနိုင်ငံကို ရောက်နေတာဖြစ်ပြီး ကွာလာလမ်ပူက ကုမ္ပဏီတခုရဲ့ IT ဌာနမှာ အလုပ်လုပ်ပါတယ်။

ဒီလူတွေ အပြင် ရဲက အလိုရှိထားသူ နောက်ထပ် ၇ ဦး ရှိပါသေးတယ်။ မလေးရှား ဒုတိယ ရဲချုပ် Noor Rashid Ibrahim က အခုလို ပြောဆိုထားပါတယ်။

ဆက်ပြီး စုံစမ်းစစ်ဆေးနေပါတယ်။ သံသယ ရှိသူ နောက်ထပ် လေးယောက်ရှိပါတယ်။ မြောက်ကိုရီးယား နိုင်ငံသားတွေ ဖြစ်တဲ့ အသက် ၃၃ နှစ် အရွယ် Ri Di Hyon ၊ အသက် ၃၄ နှစ် အရွယ် Hong Song Hac ၊ အသက် ၅၅ နှစ် အရွယ် O Jong Gil နဲ့ အသက် ၅၇ နှစ် အရွယ် မြောက်ကိုရီးယား နိုင်ငံသား Ri Jae Nam ဖြစ်ပါတယ်။ သူတို့ အားလုံးက ဇန်နဝါရီလကုန်ပိုင်း၊ ဖေဖော်ဝါရီ လဆန်းပိုင်းတွေမှာ အသီးသီး မလေးရှားနိုင်ငံကို ရောက်ရှိလာကြသူတွေ ဖြစ်ပြီး မလေးရှားနိုင်ငံကနေ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ပြန်လည် ထွက်ခွာမယ့်ရက် ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးမှု အတွက် ရဲက အလိုရှိနေတဲ့ နောက်ထပ် လူတွေ ရှိပါသေးတယ်။ အသက် ၃၀ အရွယ် မြောက်ကိုရီးယား နိုင်ငံသား James လို့ ခေါ်တဲ့ Ri Ji U နဲ့ နောက် နှစ်ယောက်တော့ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မလေးရှား နိုင်ငံဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး Kang Chol က Kim Jong Nam ရဲ့ အလောင်းကို လွှဲပြောင်းပေးဖို့ တောင်းဆိုခဲ့တာကိုလည်း မလေးရှား အစိုးရက ပယ်ချထားပါတယ်။ ဒီနောက်မှာတော့ မြောက်ကိုရီးယား သံအမတ်ကြီးက မလေးရှားရဲ့ စုံစမ်းစစ်ဆေးမှုတွေ အပေါ် သံသယ ဝင်တဲ့ အကြောင်းပြောဆိုလိုက်ပါတယ်။

"မတော်တဆမှု ဖြစ်ခဲ့တာ ၇ ရက်ရှိခဲ့ပါပြီ။ ဒါပေမယ့် သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း အထောက်အထား မရှိသေးပါဘူး။ မလေးရှားရဲ အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှု ရလဒ်ကို လက်ခံရမယ်ဆိုရင်တောင် ဒီစုံစမ်းစစ်ဆေးမှု အပေါ် မယုံကြည်ပါဘူး။ ဒီစုံစမ်းစစ်ဆေးမှု နောက်ကွယ်မှာ တစုံတယောက် ပါဝင် ပတ်သက်နေနိုင်တဲ့ အပေါ်မှာလည်း ပိုပြီး စိုးရိမ်ပါတယ်။"

မလေးရှားနိုင်ငံဆိုင်ရာ မြောက်ကိုရီးယားသံအမတ်ကြီး Kang Chol က မလေးရှားနိုင်ငံကို ဝေဖန်ပြစ်တင်ပြီးတဲ့နောက် မလေးရှား ကလဲ မြောက်ကိုရီးယားဆိုင်ရာ သူတို့ရဲ့သံအမတ်ကြီးကို ညှိနှိုင်းတိုင်ပင်ဖို့ဆိုပြီး ပြန်ခေါ်လိုက်ပါတယ်။ မြောက် ကိုရီးယားသံအမတ်ကြီး Kim Cholကိုလည်း မလေးရှားနိုင်ငံခြားရေးဌာနက တနလာၤနေ့မှာ ဆင့်ခေါ်ခဲ့ပြီး စွပ်စွဲချက်တွေဟာ ကျိုးကြောင်းခိုင်လုံမှု မရှိဘူးဆိုပြီး ပယ်ချပါတယ်။ ကင်ဂျုံနမ်ကို လုပ်ကြံမှုကို မြောက်ကိုရီးယားတို့ ကြိုးကိုင်စီစဉ်တာလို့ ယူုဆထားတဲ့ တောင်ကိုရီးယား အစိုးရကတော့ မြောက်ကိုရီးယားရဲ့ အကြမ်းဖက်မှု နည်းပရိယာယ်တွေက ပိုပြီး အတင့်ရဲလာတယ်လို့ ပြောဆိုပါတယ်။ တောင်ကိုရီးယား ဝန်ကြီးချုပ်နဲ့ ယာယီ သမ္မတ အဖြစ်တာဝန်ယူထားတဲ့ Hwang Kyo-ahn က အခုလို ပြောပါတယ်။

"မြောက်ကိုရီးယား အစိုးရရဲ့ အကြမ်းဖက် နည်းပရိယာယ်တွေက ပိုပြီး အတင့်ရဲလာတာကြောင့် ကျနော်တို့ အစိုးရနဲ့ ပြည်သူတွေ အပေါ် မြောက်ကိုရီးယား အစိုးရက အကြမ်းဖက် ဆောင်ရွက်လာနိုင်ခြေ အပေါ်မှာ ပိုပြီး သတိထားရတော့မှာ ဖြစ်ပါတယ်။"

မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ အဖေတူ အမေကွဲ အကို Kim Jong Nam ကို လေဆိပ် လူမြင်ကွင်းမှာ သတ်ဖြတ်ခဲ့တာဟာဆိုရင် သည်းခံနိုင်စရာ မရှိတဲ့ ရက်စက် ကြမ်းကြုတ်တဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့လည်း တောင်ကိုရီးယား ယာယီ သမ္မတက ပြောဆိုပါတယ်။ အသက် ၄၅ နှစ်အရွယ် Kim Jong Nam ဟာ မကာအိုကိုသွားမယ့် လေယာဉ်ကိုစီးဖို့ စောင့်နေချိန် ကွာလာလမ်ပူ နိုင်ငံတကာ လေဆိပ်မှာ အမျိုးသမီးနှစ်ဦးက အဆိပ်သွင်း တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ မလေးရှားနဲ့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောထားပါတယ်။ သူ့ကို ဆေးရုံအပို့ လမ်းမှာပဲ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။

Kim Jong Nam လုပ်ကြံခံရမှု မလေးရှားရဲ လူ ၄ ဦး ဖမ်းဆီး
please wait

No media source currently available

0:00 0:04:16 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG