သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Nam သတ်ခံရမှု သံသယရှိသူ သုံးဦးမြောက် ဖမ်းဆီး


Kim Jong Nam
Kim Jong Nam

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-Un ရဲ့ အဖေတူ အမေကွဲအကို လုပ်ကြံခံလိုက်ရပုံရတဲ့ ဖြစ်ရပ်နဲ့ဆက်စပ်ပြီး သုံးယောက်မြောက်လူကို ဖမ်းလိုက်တယ်လို့ မလေးရှားရဲတပ်ဖွဲ့က ဒီကနေ့ပြောပါတယ်။

ဖမ်းဆီးလိုက်သူဟာ အင်ဒိုနီးရှားနိုင်ငံကူး လက်မှတ်ကိုင်ထားတဲ့ အသက် ၂၅ နှစ်အရွယ် Siti Aishah ဆိုသူ အမျိုးသမီးဖြစ်ပြီး လေဆိပ်လုံခြုံရေးကင်မရာတွေကနေ ရိုက်ယူထားတဲ့ ဗွီဒီယိုတွေထဲမှာပါတဲ့အမျိုးသမီးပုံနဲ့ ကိုက်ညီတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ဒီအမျိုးသမီးနဲ့ ပတ်သက် ပြီး မလေးရှားနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးက မလေးရှားအာဏာပိုင်တွေကို စုံစမ်း မေးမြန်းပြီးတဲ့နောက် အဖမ်းခံထားရသူဟာ အင်ဒိုနီးရှားနိုင်ငံသူဖြစ်တယ်ဆိုတာ သံရုံးက အတည်ပြုလိုက်ပြီလို့ အင်ဒိုနီးရှားသံရုံးက ဗွီအိုအေ အင်ဒိုနီးရှားဌာနကို ပေးပို့တဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီအမျိုးသမီးကို ဖမ်းမိဖို့အတွက် သတင်းပေးခဲ့တဲ့ အမျိုးသားတဦးကိုလည်း ရဲက ထိန်းသိမ်း ထားပါတယ်။ ဗုဒ္ဓဟူးနေ့တုန်းကလဲ ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ တခြားအမျိုးသမီးတဦးကို ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီအမျိုးသမီးဟာ ဗီယက်နမ် နိုင်ငံကူးလက်မှတ်ကိုင် ထားတဲ့ Doan Thi Huong ဆိုသူ အမျိုးသမီး ဖြစ်ပြီးတော့ သူဟာလဲ လုံခြုံရေးကင်မရာတွေကနေ ရိုက်ယူထားတဲ့ထဲက အမျိုး သမီးပုံနဲ့ ကိုက်ညီတယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန် ချက်တခုမှာ ဖော်ပြခဲ့ပါတယ်။

သေဆုံးသူဟာ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ အဖေတူအမေကွဲအကို Kim Jong Nam ဖြစ်တယ်ဆိုတာ တောင်ကိုရီးယားက ဗုဒ္ဓဟူးနေ့မှာ အတည်ပြုခဲ့ပါတယ်။ သူဟာ တချိန်တုန်းကတော့ သူ့ရဲ့ဖခင် Kim Jong Il ကို ဆက်ခံမယ့်သူအဖြစ် သတင်းထွက်ခဲ့တာပါ။ ဒါပေမဲ့ ၂၀၀၁ ခုနှစ်က တိုကျိူ Disney Land ကိုသွားဖို့ နိုင်ငံကူးလက်မှတ်အတုကို သုံးပြီးဂျပန်နိုင်ငံထဲဝင်ခွင့်ရအောင် ကြိုးစားခဲ့တဲ့အတွက် ဖခင်ဖြစ်သူ Kim Jong Il က စိတ်ဆိုးခဲ့တာကြောင့် ခေါင်းဆောင်နေရာ ဆက်ခံခွင့်ရမယ့် အလားအလာ ပျောက်သွားခဲ့ရတာဖြစ်ပါတယ်။

Kim Jong Nam သတ်ခံရမှု သံသယရှိသူ သုံးဦးမြောက် ဖမ်းဆီး
please wait

No media source currently available

0:00 0:01:07 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG