သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးမှု အမေရိကန်ကြိုဆို


အမေရိကန် နိုင်ငံခြားရေးဌာန ယာယီ လက်ထောက် ပြော ခွင့်ရသူ Patrick Ventrell (၁ မတ် ၂၀၁၃)
အမေရိကန် နိုင်ငံခြားရေးဌာန ယာယီ လက်ထောက် ပြော ခွင့်ရသူ Patrick Ventrell (၁ မတ် ၂၀၁၃)
မြန်မာအာဏာပိုင်တွေကနေ နိုင်ငံရေး အကျဉ်းသား ၅၀ ကျော် ပြန်လွှတ်ပေးလိုက်တဲ့ အပေါ် အမေရိကန် ပြည်ထောင်စုက ကြိုဆိုလိုက်ပြီး၊ ကျန်နိုင်ငံရေး အကျဉ်းသားတွေ ကိုပါ ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား တချို့ ပြန်လွတ်လာတာနဲ့ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုနဲ့ ဗြိတိန်တို့ရဲ့ တုံ့ပြန်မှုတွေကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

မနေ့တုန်းက မြန်မာနိုင်ငံတွင်း အကျဉ်းသားတွေ ပြန်လွှတ်ပေးတဲ့အထဲ နိုင်ငံရေး အကျဉ်းသား ၅၉ ဦး ပါဝင်တယ်လို့ သိရပါတယ်။ ကျန်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်ဖို့အတွက် အစိုးရကိုယ်တိုင်က နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီ ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း၊ ဒါ ပထမဆုံးအကြိမ် အသုတ်လိုက် လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စုအနေနဲ့ အခုလို လွတ်မြောက်လာတာတွေကို ကြိုဆိုသလို၊ ထပ်လွှတ်ပေးဖို့လည်း တောင်းဆိုပါတယ်လို့ နိုင်ငံခြားရေးဌာန ယာယီ လက်ထောက် ပြောခွင့်ရသူ ပတ်ထရစ် ဗန်ထရေးလ် (Patrick Ventrell) က ပြောပါတယ်။

“အကျဉ်းသား ၉၃ ဦး လွတ်လာတဲ့အထဲမှာ နိုင်ငံရေး အကျဉ်းသား ၅၀ ပါဝင်ပါတယ်။ အခုလို နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာကို ကြိုဆိုသလို၊ ကျန်တဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့ကိုလည်း အားပေး တိုက်တွန်းလိုပါတယ်။”

ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ အာရှရေးရာ ဝန်ကြီး ဟူဂို ဆွိုင်းယား (Hugo Swire) ကလည်း အခုလို နိုင်ငံရေး အကျဉ်းသားတွေ လွတ်လာတာကို ကြိုဆိုလိုက်ပြီး၊ နိုင်ငံရေး အကျဉ်းသား တစ်ယောက်ဆို တစ်ယောက် အကျဉ်းထောင်ထဲမှာ ရှိနေတာကိုက အတော့်ကို များနေပြီလို့ ပြောပါတယ်။

ဒါကြောင့်လည်း ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှွတ်ဖို့ နဲ့၊ မြန်မာနိုင်ငံသားတွေရဲ့ လူ့အခွင့်အရေးကို လေးစား အကောင်အထည်ဖော် ဖို့ မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုထားပါတယ်။

EU ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေကို ရုပ်သိမ်းလိုက်ပြီးတဲ့ နောက်တနေ့မှာပဲ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်လာတာပါ။ အမေရိကန် ပြည်ထောင်စုအနေနဲ့က မြန်မာအပေါ် အရေးယူမှု အတော်များများကို ဆိုင်းငံ့ ရပ်ဆိုင်းထားပါတယ်။ ဒီ့ထက်ပိုပြီး အရေးယူမှုတွေကို ရုပ်သိမ်းနိုင်ဖို့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ မူဝါဒ ဆန်းစစ်မှုတွေ လုပ်နေတယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပတ်ထရစ် ဗန်ထရေးလ် (Patrick Ventrell) က မနေ့က ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

“အမေရိကန် ပြည်ထောင်စုရဲ့ ငွေကြေးဆိုင်ရာ ပိတ်ဆို့ထားမှုတွေနဲ့ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေ မလုပ်ဖို့ တားမြစ်ထားတာကို ပြန်ရုပ်သိမ်းထားပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံတွင်း ပြုပြင်ပြောင်းလဲမှုတွေကို အားပေး တိုက်တွန်းနိုင်ဖို့ ပိတ်ဆို့ အရေးယူမှုတွေ အပါအဝင် အမေရိကန် မူဝါဒတွေကို ပြန်ပြီး ဆန်းစစ်လုပ်ကိုင်နေပါတယ်။”

မြန်မာနိုင်ငံမှာ သိသာတဲ့ အပြောင်းအလဲတွေ ရှိခဲ့တဲ့အပြင်၊ နောက်ထပ် အပြောင်းအလဲတွေ ပိုဖြစ်လာဖို့ အားပေး တိုက်တွန်းမှုအနေနဲ့ EU ကနေ မြန်မာနိုင်ငံအပေါ် အရေးယူမှုတွေကို ပြန်ရုပ်သိမ်းလိုက်တာ ဖြစ် တယ်လို့ဆိုပါတယ်။

အခုလို မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အပြုသဘော အားရစရာတွေ တွေ့နေရတယ် ဆိုပေမဲ့လည်း၊ လူနည်းစု လူမျိုးစုအပေါ် အကြမ်းဖက်မှုတွေ အပါအဝင် တခြား လူ့အခွင့်အရေး အခြေအနေအရ စိုးရိမ်စရာတွေတော့ ရှိသေးတယ်လို့ အမေရိကန် ပြည်ထောင်စုရော ဗြိတိန်ကပါ ထောက်ပြ ပြောဆိုကြပါတယ်။

အခုလို အရေးယူမှုတွေကို ရုပ်သိမ်းခြင်းအားဖြင့် မြန်မာအစိုးရနဲ့ ပိုပြီး ထဲထဲဝင်ဝင် ဆက်ဆံနိုင်ပြီး၊ မြန်မာနိုင်ငံမှာ ကျန်နေတဲ့ စိန်ခေါ်မှုတွေကို ပိုပြီး ဖြေရှင်းနိုင်လိမ့် မယ်လို့ ယူဆတဲ့အကြောင်းလည်း ဗြိတိန်ဝန်ကြီး ဟူဂို ဆွိုင်းယား (Hugo Swire) က ပြောပါတယ်။
XS
SM
MD
LG