သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအထည်ချုပ် အမျိုးသမီး စွမ်းရည်မြှင့်တင်ရေး ကန် ဆောင်ရွက်မည်


ရန်ကုန်အထည်ချုပ်စက်ရုံအလုပ်သမများ။
ရန်ကုန်အထည်ချုပ်စက်ရုံအလုပ်သမများ။
မြန်မာ့ အထည်ချုပ်လုပ်ငန်းမှာ အင်အားအများဆုံးဖြစ်တဲ့ အမျိုးသမီးထုစွမ်းရည်မြင့်မားရေးအတွက် USAID အမေရိကန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုအေဂျင်စီနဲ့ GAP အမေရိကန်အဝတ်အထည်ကုမ္ပဏီတို့ပူးပေါင်းပြီး လူမှုစီးပွားတိုးတက်မှုများအကောင်အထည်ဖေါ်ဆောင်ရွက်သွားမယ်လို့ အမေရိကန်အမတ်ကြီးက ပြောပါတယ်။ USAID နဲ့ GAP အဝတ်အထည်ကုမ္ပဏီတို့ရဲ့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ကိုယ်တိုင်သတင်းသွားရောက်ယူခဲ့တဲ့ ကိုထက်အောင်က တင်ပြပေးထားပါတယ်။

ကမ္ဘာတဝန်းလုံးမှာ အမျိုးသမီးတွေရဲ့ဘဝမြင့်မားမှသာစီးပွားဖွံ့ဖြိုးတိုးတက်နိုင်တာကြောင့်ဖွံ့ဖြိုးရေးနဲ့ အမျိုးသမီးကဏ္ဍကိုခွဲခြားလို့ မရတဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး Derek Mitchell က ပြောပါတယ်။

“အမျိုးသမီးဖွံ့ဖြိုးရေးဟာ နိုင်ငံရဲ့ ဖွံ့ဖြိုးရေးဖြစ်ပါတယ်။ တနိုင်ငံလုံးရဲ့ ဖွံ့ဖြိုးရေးဟာလည်း အမျိုးသမီးဖွံ့ဖြိုးရေးပဲ ဖြစ်ပါတယ်။ နိုင်ငံအနေနဲ့ အမျိုးသမီးနဲ့ ဖွံ့ဖြိုးမှုကိုသီးခြားစီခွဲခြားထားဖို့မဖြစ်နိုင်ပါဘူး။ ခေတ်နဲ့ စံနစ်ပြောင်းနေတဲ့အချိန်မှာ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒီအချက်ကို စောစောစီးစီပဲ အသိအမှတ်ပြုရမှာဖြစ်ပါတယ်။ ဒီအချက်ကို ဘယ်လို မဟာဗျူဟာနဲ့ ကိုင်တွယ်သွားမလဲဆိုတာကို အလေးအနက်စဉ်းစာဖို့လိုပါတယ်။”

ဒ့ါကြောင့်USAID အမေရိကန်အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးမှုအေဂျင်စီနဲ့ GAP အမေရိကန်အဝတ်အထည်ကုမ္မဏီတို့ပူးပေါင်းပြီးရန်ကုန်ရှိ စက်ရုံ ၂ ရုံမှာ အမျိုးသမီးတွေကို စွမ်းရည်မြင့်မားအောင်လေ့ကျင့်သင်တန်းတွေပေးပြီး ထုတ်ကုန်တွေကို မြန်မာ့ဈေးကွက်သာမက အမေရိကန်နဲ့ နိုင်ငံတကာဈေးကွက်ကို တွင်တွင်ကျယ်ကျယ် တင်ပို့သွားမှာဖြစ်တယ်လို့ သံအမတ်ကြီး Derek Mitchell က ဆက်ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ အထည်ချုပ်လုပ်ငန်းဟာ ရင်းနှီးဖြစ်သားတဲ့အတွက် လုပ်ငန်းကျွမ်းကျင်မှု၊ ပညာရေးနဲ့ နည်းပညာပိုင်းဆိုင်ရာသင်တန်းပံ့ပိုးပေးနိုင်အောင် အားဖြည့်ပေးဖို့ GAP အဝတ်အထည်ကုမ္ပဏီက လာရောက်ရင်းနှီးမြှုပ်နှံဖို့ ဆုံးဖြတ်ခဲ့တာလို့ GAP ကုမ္ပဏီတာဝန်ရှိသူ Dotti Hatcher ကပြောပါတယ်။

“GAP ကုမ္မဏီရဲ့ ကိုယ်စားအခုအခမ်းအနားကိုတက်ရောက်ခွင့်ရလို့ ဂုဏ်ယူမိပါတယ်။ GAP ကုမ္မဏီအနေနဲ့ မြန်မာနိုင်ငံမှာအဝတ်အထည်တွေ ရေရှည် ထုတ်လုပ်ဖို့ လုပ်ငန်းတွေ တရားဝင် စတင်ပါတော့မယ်။”

မြန်မာနိုင်ငံမှာထုတ်လုပ်မယ့် အစီအစဉ်ကိုတော့ Care international နိုင်ငံတကာ NGO နဲ့ ပူးတွဲပြီးအမျိုးသမီး လူမှုစီးပွားဘဝမြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။ နိုင်ငံပေါင်း (၇) နိုင်ငံမှာအမျိုးသမီးအထည်ချုပ်အလုပ်သမပေါင်း (၂၅,၀၀၀) ကျော်အတွက် ဘဝမြင့်မားရေး အစီအစဉ်တွေကိုထိရောက်စွာ အကောင်အထည်ဖော်နေတယ်လို့ ဆိုပါတယ်။

ဒါဟာ မြန်မာအတွက် သမိုင်းဝင်တဲ့အချိန် ကာလတစ်ခုဖြစ်ပြီး မြန်မာပြည်သူများနဲ့ တကယ်ထိုက်တန်တဲ့ စီးပွားရေးအခွင့်အလမ်းများဖန်တီးရာမှာကူညီဖို့ အမေရိကန်အစိုးရနဲ့ ဒေသခံအစိုးရ၊ နိုင်ငံတကာ NGO တွေနဲ့ လုပ်ကိုင်ဖို့ အလေးအနက်ခံယူထားတယ်လို့ Gap ကုမ္ပဏီရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

ဒီကနေ့ အခမ်းအနားကိုတက်ရောက်လာတဲ့ အခရာအမျိုးသမီးအဖွဲ့ ဒါရိုက်တာ မထားထားကတော့ မြန်မာ့အထည်ချုပ်လုပ်ငန်းမှာအမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေ အထိုက်အလျောက် အဆင်ပြေလာလိမ့်မယ်လို့ မျှော်လင့်ကြောင်း သုံးသပ်ပါတယ်။

“Garment section တွေရဲ့ အဓိက လူ့စွမ်းအား အရင်းအမြစ်က မြန်မာ အမျိုးသမီးတွေ ဖြစ်တယ်။ အဲဒီတော့ GAP နဲ့ USAID နဲ့ တခြား International အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီးတော့ အရည်အသွေးတွေ မြှင့်တင်မယ်။ အရည်အသွေးဆိုတာ Private အရည်အသွေးတွေတင် မကဘူး၊ အမျိုးသမီးတွေရဲ့ သူတို့ရဲ့ ကိုယ်ပိုင်အရည်အသွေးတွေကိုပါ မြှင့်တင်ပေးမယ်၊ သူတို့ရဲ့ လုပ်ရည်ကိုင်ရည်တွေကို မြှင့်တင်ပေးမယ်ဆိုတာ ကျမတို့နိုင်ငံအတွက် တကယ့်ကို ဝမ်းသာစရာ၊ ဖြစ်လည်းဖြစ်သင့်တဲ့ဟာ။ ပြီးသွားတော့ ကြားနေကျ ဖြစ်နေကျအတိုင်းပဲ၊ သူတို့ရဲ့လုပ်အားတွေကို မတန်တဆ လုပ်နေရတယ်။

ဒါပေမယ့် တန်တန်ဆဆ မပေးကြဘူးဆိုတာ အားလုံးသိတဲ့အတိုင်းပဲ၊ ..ဆိုတော့ GAP နဲ့ ဒီလိုလုပ်တဲ့ အစီအစဉ်တွေမှာ အမျိုးသမီးတွေ အများကြီး အခွင့်အရေးရရင် မြန်မာပြည်အတွက်လည်း ကောင်းတာပေါ့။”

Gap ကုမ္ပဏီဟာကျား၊ မ နဲ့ ကလေးသုံးအဝတ်အထည်တွေကို Gap, Banana Republic, Old Navy, Piperlime, Athleta နဲ့ Intermix အမှတ်တံဆိပ်တွေနဲ့ ကမ္ဘာတစ်ဝှမ်း လက်လီရောင်းချနေတာဖြစ်ပါတယ်။ ၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ အရောင်းပမာဏအမေရိကန်ဒေါ်လာ ၁၆. ၁ ဘီလီယံရှိပြီး ထုတ်ကုန်တွေကို နိုင်ငံပေါင်း ၉၀ ၊ ကမ္ဘာတစ်ဝှမ်း ကုမ္ပဏီပေါင်း ၃,၀၀၀ ၊ ဆိုင်ခွဲပေါင်း ၃၅၀ ကျော်နဲ့ အွန်လိုင်းကနေလည်း ဖြန့်ချီနေတာဖြစ်ပါတယ်ခင်ဗျာ။
XS
SM
MD
LG