သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘာသာရေးလွတ်လပ်ခွင့် နိမ့်ကျတဲ့စာရင်းမှာ မြန်မာပါဝင်


USCIRF 2014 Report Cover
USCIRF 2014 Report Cover
အမေရိကန်အစိုးရရဲ့ နိုင်ငံတကာက ဘာသာရေး လွတ်လပ်ခွင့် အခြေအနေ လေ့လာစောင့်ကြည့်နေတဲ့ အဖွဲ့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေက ဘာသာရေး လွတ်လပ်ခွင့်တွေကို ဥပဒေကြောင်းအရ အကာကွယ် မပေးနိုင်တဲ့အပြင်၊ မွတ်ဆလင် ဆန့်ကျင်ရေး အကြမ်းဖက်မှုတွေကိုလည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ပေးနိုင်ခြင်း မရှိဘူးလို့ ပြောဆိုလိုက်ပါတယ်။

အမေရိကန်အစိုးရရဲ့ မူဝါဒချမှတ်ရေးဆိုင်ရာမှာ အကြံပေးအဖွဲ့အစည်း တခုဖြစ်တဲ့ US Commission of International Religious Freedom (USCIRF) အဖွဲ့ရဲ့ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး ၂၀၁၄ ခုနှစ်အတွက် ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ အခုလို ရေးသားထားတာ ဖြစ်ပါတယ်။ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားအောင် လှုံ့ဆော်မှုတွေ၊ အထူးသဖြင့် ရိုဟင်ဂျာ မွတ်ဆလင်တွေအပေါ် ခွဲခြားဆက်ဆံမှုတွေ ဖြစ်ပွားနေတာကို လျော့ပါးသွားအောင် ထိထိရောက်ရောက် မလုပ်ဆောင်နိုင်ခဲ့ဘူးလို့ ဖော်ပြထားပါတယ်။

အကြမ်းဖက်မှုတွေမှာ ရဲတပ်ဖွဲ့က ထိထိရောက်ရောက် ကြားဝင်ဟန့်တားနိုင်ခဲ့ခြင်း မရှိသလို၊ အစိုးရ အနေနဲ့လည်း ဒီကိစ္စအပေါ် ကိုင်တွယ် လုပ်ဆောင်မှုတွေ အားနည်းတယ်လို့ ဆိုပါတယ်။ ရိုဟင်ဂျာနဲ့ ကမန် မွတ်ဆလင်တွေအပေါ် အစိုးရက အားပေးတဲ့ ခွဲခြားဆက်ဆံမှုတွေ၊ အစိုးရက လစ်လျူရှုထားတဲ့ အကြမ်းဖက်မှုတွေဟာ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်တယ်၊ နောက်ပြီး ကချင်ဒေသမှာ ဆိုရင်လည်း ခရစ်ယာန် ဘာသာဝင်တွေအပေါ် ဖိနှိပ်ဆက်ဆံမှုတွေ ရှိနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံကို အထူးစိုးရိမ်စရာကောင်းတဲ့ နိုင်ငံများစာရင်း CPC မှာ ဆက်လက် ထည့်သွင်းဖို့ ထောက်ခံကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနကို တင်ပြထားပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မြန်မာနိုင်ငံကို အထူးစိုးရိမ်ရတဲ့ နိုင်ငံ CPC အဖြစ် ၁၉၉၉ ခုနှစ်ကတည်းက သပ်မှတ်ထားခဲ့တာပါ။
XS
SM
MD
LG