သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တချို့ ရွေးကောက်ပွဲဝင်မည်


လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လက်ရှိ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ) တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး လှဌေးဝင်းနဲ့ ကာကွယ်ရေးဦးစီးချုပ် (ရေ) တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး သူရသက်ဆွေတို့ဟာ ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ဖို့ စာရင်းသွင်းထားတယ်လို့ ပြည်ခိုင်ဖြိုးပါတီက ပြောပါတယ်။

တပ်မတော်အရာရှိ ၅၀ ဝန်းကျင်ဟာ ယူနီဖောင်းချွတ်ပြီးတော့ လာမယ့် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်ဖို့ရှိတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မမေခ နဲ့ ကိုစည်သူ က သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်တွေမှာ ပါဝင်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်း အသိအမှတ်ပြု ပေးအပ်လွှာ အခမ်းအနားမှာပဲ တပ်မတော် အကြီးတန်းအရာရှိတချို့လည်း ပြည်ခိုင်ဖြိုးပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိတယ်လို့ ထုတ်ပြန် ပြောဆိုခဲ့တာပါ။ ပြည်ခိုင်ဖြိုးအနေနဲ့ လာမယ့် ရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း ဒေသကြီးရှိ မဲဆန္ဒနယ် ၁၄၉ နေရာအပြည့် ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပါတီကိုယ်စားလှယ် ဦးသန်းဝင်းက အခုလို ပြောပါတယ်။

“ပြည်သူ့လွှတ်တော်က ၄၅ ဦး၊ မြို့နယ် ၄၅ မြို့နယ် ၄၅ ဦး ပြိုင်မယ်။ အမျိုးသားလွှတ်တော်က ၁၂ ဦး ဝင်ပြိုင်မယ်။ တိုင်းဒေသကြီးလွှတ်တော်က လူ ၉၀ ပေါ့ ဝင်ရောက်ယှဉ်ပြိုင်မယ်။ ကရင်ရေးရာအတွက်ကို ကရင်တိုင်းရင်းသား၊ နောက်တခါ ရခိုင်တိုင်းရင်းသား အားလုံးပေါင်း ဟိုဒင်းပေါ့ကွာ ၁၄၉ ဦးတို့ ရန်ကုန်တိုင်းဒေသကြီးမှာ ဝင်ပြိုင်မှာပေါ့နော်။ တိုင်းဒေသကြီးကတော့ တပ်ကလာမှာဆိုတော့ ဘယ်သူမှန်း မသိသေးဘူးပေါ့နော်။”

ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးက ထုတ်ပြန်လိုက်တဲ့ ပြည်ခိုင်ဖြိုးစာရင်းတွေအရ တပ်မတော်ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ) တာဝန်ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီးလှဌေးဝင်းက မူလက အမျိုးသားလွှတ်တော်အတွက် မဲဆန္ဒနယ် (၉)မှ ဝင်ရောက် ယှဉ်ပြိုင်ဖို့ လျာထားပေမဲ့ ဒီကနေ့ ညနေပိုင်း ပါတီဆုံးဖြတ်ချက်အရ နေပြည်တော် မဲဆန္ဒနယ်တခုကနေ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်တယ်လို့ ပါတီတာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။ ကာကွယ်ရေးဦးစီးချုပ် (ရေ) တာဝန် ထမ်းဆောင်နေတဲ့ ဗိုလ်ချုပ်ကြီး သူရသက်ဆွေက ပြည်သူ့လွှတ်တော်အတွက် ရန်ကုန်တိုင်းဒေသကြီး ကိုးကိုးကျွန်းမဲဆန္ဒနယ်မှ ဝင်ရောက်အရွေးခံသွားမှာပါ။

ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးမှာ လက်ရှိအစိုးရပိုင်းမှာ ဝန်ကြီးအနေနဲ့ တာဝန်ယူထားရတဲ့ ၃ ဦးဖြစ်တဲ့ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး ဦးအုန်းမြင့်က ကျောက်တန်းမဲဆန္ဒနယ်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ကြီး ဦးခင်မောင်စိုးက လှည်းကူးမဲဆန္ဒနယ်၊ ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ သန်းအောင်က လမ်းမတော် မဲဆန္ဒနယ် တို့ကနေ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ စီပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက မရမ်းကုန်း မဲဆန္ဒနယ်နဲ့ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ရွှေပြည်သာမဲဆန္ဒနယ်တို့မှာ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ ဝန်ကြီးတွေ ဝင်ရောက်ယှဉ်ပြိုင်မယ့် နေရာတွေနဲ့ ပတ်သတ်ပြီး ရန်ကုန်တိုင်း ပြည်ခိုင်ဖြိုးကော်မတီဝင် ဦးသန်းဝင်း က အခုလို ပြောပါတယ်။

“တချို့သမ္မတရုံးဝန်ကြီးတွေက သူတို့နေရာမှာ သူတို့ ဝင်ပြိုင်မှာလေးတွေ ရှိပါတယ်။ သမ္မတရုံးဝန်ကြီး ကျောက်ပန်းတောင်းက ဦးလှထွန်း၊ နောက်တခါ ဦးစိုးမောင် ပေါက်လား ဘာလားတော့ မသိဘူး အရင်နေရာပဲပေါ့လေ ဒါပေမဲ့ နေရာတော့ လွဲချင်လွဲမှာပေါ့။ အရင်နေရာပေါ့။ နောက် သမ္မတကြီး အနေအထားကကျတော့ ဟိုဒင်း သူ့အတွက် နေရာချန်ထားတယ် အခုအချိန်ထိတော့ အကြောင်းမကြားသေးဘူးပေါ့နော်။ သူ့အတွက် နေရာရှိတယ်။”

ပြည်ခိုင်ဖြိုးပါတီကနေပြီးတော့ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေ ပါဝင်ယှဉ်ပြိုင်တာနဲ့ ပတ်သက်ပြီးတော့ ရန်ကုန်တိုင်း သင်္ကန်းကျွန်း မဲဆန္ဒနယ် ၁ က ဦးကျော် က အခုလို မှတ်ချက်ပေး ပြောဆိုလိုက်ပါတယ်။

“ကျနော့်အမြင်ကတော့ပေါ့ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်ရေးနေရာ တော်တော်များများမှာ တပ်မတော်က ပထမအခြေအနေကိုပဲ လူကြီးတွေက တာဝန်ယူသွားမယ့် အနေအထားကိုတော့ ဖြစ်ဖို့ အလားအလာရှိတာပေါ့။ တကယ်လို့ အဲဒီအတိုင်းသာ သွားမယ်ဆိုရင် ဒါ အလိုလို လက်ရှိ သူတို့ထဲကပဲ ဝန်ကြီးချုပ်တက်ဖြစ်မယ်၊ သူတို့ထဲကပဲ အစိုးရအဖွဲ့ ဖြစ်သွားမယ့်သဘော ရှိတာကိုး။ ဆိုလိုတာက ပြည်ခိုင်ဖြိုးပါတီရဲ့ တပ်မတော်သား ဗိုလ်ချုပ်ကြီးတွေကပဲ ပြန်ပြီးတော့မှ ပြည်နယ်၊ တိုင်းတွေမှာ အစိုးရအဖွဲ့ကို နေရာယူသွားမယ်ဆိုရင် ယခင်အတိုင်းပဲ ဟိုဟာပေါ့ လူထုရွေးချယ်တင်မြှောက်တဲ့ ကိုယ်စားလှယ် မှန်သော်လည်းပဲ တကယ် လူထုကို ကိုယ်စားပြုမယ့် ပုဂ္ဂိုလ်ဖြစ်ဖို့ကတော့ အရေးကြီးတာပေ့ါလေ။”

ပြည်ခိုင်ဖြိုး ထုတ်ပြန်ချက်အရ လက်ရှိ ပြည်သူ့လွှတ်တော်ဒုဥက္ကဌ ဦးနန္ဒကျော်စွာက လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အမတ်အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ကနေ ဝင်ပြိုင်မှာပါ။ ဒါ့အပြင် လက်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ရွေးကောက်ပွဲယှဉ်ပြိုင်မယ့် စာရင်းကို လာမယ့် သြဂုတ်လ ၅ ရက်နေ့မှာ ထုတ်ပြန်ကြေညာသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရန်ကုန်တိုင်းဒေသကြီးကနေ ပြည်သူ့လွှတ်တော်အတွက် ၄၅ ဦး၊ အမျိုးသားလွှတ်တော်အတွက် ၁၂ ဦး၊ တိုင်းဒေသကြီးလွှတ်တော်အတွက် ၉၀ ဦး၊ ကရင်ပြည်နယ်အတွက် ၁ ဦးနဲ့ ရခိုင်ပြည်နယ်အတွက် ၁ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

XS
SM
MD
LG