သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်၊ တိုင်းဒေသကြီးအစိုးရ အာဏာသက်ရောက်မှုရှိရေး ပြည်ခိုင်ဖြိုးပါတီဆွေးနွေး


ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး လှုပ်ရှားနေကြသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တချို့ (အောက်တိုဘာလ ၉၊ ၂၀၁၀)
ရန်ကုန်မြို့ လမ်းမတွေပေါ်မှာ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံး လှုပ်ရှားနေကြသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တချို့ (အောက်တိုဘာလ ၉၊ ၂၀၁၀)
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုညီလာခံ အစည်းအဝေး ကို နေပြည်တော်မှာ ကျင်းပနေပြီး အချိုးကျ ရွေးကောက်ပွဲစနစ်၊ ဖက်ဒရယ် ပြည်ထောင်စုအရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စတွေကို အလေးပေးဆွေးနွေးခဲ့တယ်လို့ ပြည်ခိုင်ဖြိုးဗဟိုကော်မတီဝင် တစ်ဦးက ပြောပါတယ်။ နေပြည်တော်မှာ ၃ ရက် ကျင်းပမယ့်အစည်းအဝေးမှာ ပါတီ ဥက္ကဋ္ဌ သူရ ဦးရွှေမန်းလည်း တက်ရောက်ခဲ့ပြီး ပါဝင် ဆွေးနွေးခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က သတင်းပေးပို့ထားပါတယ်။

ဇွန်လ ၂၂ ရက်နေ့ကနေ ဇွန်လ ၂၄ ရက်နေ့ထိ နေပြည်တော်မှာ ၃ ရက်ကြာကျင်းပမယ့် ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီ အစည်းအဝေးမှာ ပါတီ ဥက္ကဋ္ဌအပါအဝင်၊ ဗဟိုအလုပ်အမှုဆောင်တွေ၊ ဗဟို ကော်မတီဝင်တွေ လည်း တက်ရောက်နေကြတာပါ။ ဇွန်လ ၂၂ ရက် ပါတီ အစည်းအဝေး ပထမဆုံးနေ့မှာတော့ ပြည်ခိုင်ဖြိုးပါတီဝင် ဝန်ကြီးတွေက သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေမှာ သူတို့ လုပ်ဆောင်နေတာတွေကို ပြောပြတာတွေ ရှိသလို၊ ဇွန်လ ၂၃ ရက် ဒုတိယနေ့အစည်းအဝေးမှာတော့ အချိုးကျ ရွေးကောက်ပွဲစနစ်၊ ဖက်ဒရယ် ပြည်ထောင်စု အရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ကိစ္စတွေကို ပြည်ခိုင်ဖြိုး ပါတီဝင် သံအမတ်ကြီးဟောင်းတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဗဟိုကော်မတီဝင် တစ်ဦးဖြစ်တဲ့ ဦးလှဆွေ ကပြောပါတယ်။

“ပထမနေ့ကတော့ ဝန်ကြီးချုပ်တွေက သူတို့တိုင်းတွေမှာ လမ်းတွေ ဘာတွေ ဖောက်ပါတယ်၊ တံတားတွေဆောက်ပါတယ်။ အဲဒါတွေပြောတယ်။ နောက် ပါတီဝင်အင်အား ဘယ်လောက်ရပါပြီ။ ဒါတွေပဲပြောပါတယ်။ သိပ်မထူးခြားပါဘူး။ နောက် ဒုတိယနေ့မှာတော့ ဒီနေ့ပေါ့လေ ကျနော်တို့က PR စနစ်အကြောင်းရယ်၊ ဖက်ဒရယ်အကြောင်းရယ်၊ အခြေခံဥပဒေပြင်ဆင်ရေး ဆိုင်ရာ သုံးခုကို ပညာရှင်တွေ၊ သံအမတ်ကြီးဟောင်းတွေကနေ သူတို့လေ့လာထားတာတွေကို တင်ပြပါတယ်။”

၃ ရက်ကြာ ကျင်းပနေတဲ့ ဒီအစည်းအဝေးကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ သူရဦးရွှေမန်းလည်း တက်ရောက်ခဲ့ပြီး၊ လက်ရှိ ပြည်ထောင်စုအစိုးရ ပုံစံမှာ အာဏာခွဲေ၀ ကျင့်သုံးနေပေမဲ့၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့မှာတော့ အာဏာရရှိမှု အလွန်နည်းပါးနေတဲ့ အချက်တွေကို ပြင်ဆိုဖို့လိုအပ်တယ် ဆိုတာတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ အစည်းအဝေး တက်ရောက်နေတဲ့ ဦးလှဆွေက ဗွီအိုအေ ကို အခုလို ရှင်းပြပါတယ်။

“သူ ဒီနေ့ပြောတာက တိုင်းဒေသကြီးတွေမှာပေါ့လေ၊ အမှန်ကတော့ ဖက်ဒရယ်ဆိုတာကတော့ ရှိပြီးသားပေါ့။ ဒါပေမဲ့ တိုင်း ဒေသကြီးတွေမှာ အကျိုးသက်ရောက်မှု မရှိဘူး။ အဲဒါကို ရှိအောင်လို့ လုပ်ရမယ်။ ရှိအောင်လုပ်တာ ဟာ ပြည်ထောင်စုအစိုးရကို ဆန့်ကျင်တာမဟုတ်ဘူး။ မိမိရဲ့ အခြေခံဥပဒေပါ အခွင့်အရေးကို ဆောင်ရွက်တာပဲဖြစ်တယ်လို့ သူက ပြောပါတယ်။”

ပြည်ခိုင်ဖြိုး ဗဟိုကော်မတီ အစည်းအဝေးကို ပြည်သူ အများကလည်း မကျင်းပစဉ်ကတည်းက စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်း ဖြစ်တဲ့ သူရဦးရွှေမန်းက ၂၀၁၅ ရွေးကောက်ပွဲ အပြီးမှာ ပြည်ခိုင်ဖြိုးနဲ့ အမျိုးသားဒီမိုရေစီ အဖွဲ့ချုပ်တို့ဟာ ညွှန့်ပေါင်းအစိုးရ ဖွဲ့ကောင်းဖွဲ့သွားနိုင်တယ်လို့ ပြောဆိုမှုအပေါ် ပြည်ခိုင်ဖြိုး ဗဟိုကော်မတီ အကြံပေး ဦးအောင်သောင်းက ပါတီဝင်တွေရဲ့ရှေ့မှာ ဥက္ကဋ္ဌ အနေနဲ့ ဒီကိစ္စကို ဖြေရှင်းပြောဆိုရမယ် ဆိုပြီး ပြည်တွင်းမီဒီယာ အချို့ကို ပြောဆိုထားတာကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီ အစည်းအဝေးကျင်းပနေတဲ့ ၂ ရက်စလုံးမှာ ဦးအောင်သောင်း ကိုယ်တိုင်လည်း အစည်းအဝေးကို တက်ရောက်လာတာ မတွေ့ရသလို သူရဦးရွှေမန်းကလည်း ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာ ပြောဆိုသွားခဲ့တာ မရှိဘူးလို့ ဦးလှဆွေ က ပြောပါတယ်။

“ကျနော်တို့ အဲဒါ ဘာမှမတွေ့ပါဘူးခင်ဗျ။ ဖြေရှင်းတာတွေ ဘာတွေ မတွေ့ပါဘူး။ ဦးအောင်သောင်း လည်း မလာဘူး။”

ဒီအစည်းအဝေးပွဲကို ပြည်သူတွေစိတ်ဝင်စာနေတဲ့ နောက်တစ်ချက်ကတော့ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ အတွက် ဘယ်လို ပြင်ဆင်မလဲ ဆိုတာတွေကို ဗဟိုကော်မတီ ဝင်တွေအကြားမှာ ဆွေးနွေးကြမလား ဆိုတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်နဲ့ပတ်သက်ပြီး ဦးလှဆွေကို ဗွီအိုအေ က မေးမြန်းတဲ့အခါမှာတော့

“အဲဒါက ကျနော် မေးထားတယ်။ မေးဖို့လုပ်နေတယ်။ ဘယ်သူ့ ဘယ်နေရာမှာ အရွေးခံ ခိုင်းမှာလဲ။ အဲဒါပြောမှာလားလို့။ ပြင်စရာရှိ ပြင်လို့ရအောင်လို့လေ။ ဘယ်သူကို ဦးစားပေး ဘယ်မှာပြိုင်ပေါ့။ အဲဒီလိုမျိုး ပြောမလား မပြောဘူးလားလို့ ကျနော်တို့ကို စာရွက်လေးတွေ ပေးထား တယ်။ မေးစရာရှိ မေးပါဆိုပြီးတော့။ ကျနော် အဲဒီမှာဖြည့်ထားတယ်။ မေးဖို့ အစီအစဉ်လုပ်ထားတယ်။”

၂၀၁၅ ရွေးကောက်ပွဲအတွက် ဗဟိုကော်မတီက အစည်းအဝေးကို တက်ရောက်လာကြသူတွေကို ထိပ်ပိုင်းက ဝန်ကြီးတွေ၊ ဗဟိုအလုပ် အမှုဆောင်တွေက ဘယ်လိုတွန်းအားပေးတာမျိုးတွေ ရှိပါလဲ။
“အင်အားတိုးတက်ရေး တို့ဘာတို့ပေါ့။ ၂၀၁၅ မှာ ဝန်ကြီးတွေက ပြောကြတယ်။ ပုဂ္ဂိုလ်ခင်မှ တရားမင်မယ်။ လုပ်ရည်ကိုင်ရည်အပေါ်မှာ မူတည်တာဖြစ်တဲ့ အတွက် လုပ်ရည်ကိုင်ရည်ရှိအောင် တကယ် ပြည်သူ့အကျိုးကို ဆောင်ရွက်ကြ ပါ။ ဒါမျိုးတော့ တွန်းအားပေးတာပေါ့။”

ပြည်ခိုင်ဖြိုးပါတီ ဟာ အရင်အစိုးရလက်ထက်တုန်းက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်း ဆိုပြီးရှိခဲ့ရာကနေ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီမှာပဲ အသင်းကို ပါတီအဖြစ်နဲ့ အသွင်ပြောင်းခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာတော့ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် ဟာလည်း စစ်အစိုးရကနေ အရပ်သား အစိုးရ ပုံစံ ပြောင်းတဲ့နေရာမှာ ပြည်ခိုင်ဖြိုး ပါတီကနေ ရွေးကောက်ပွဲဝင်ပြီး သမ္မတ ဖြစ်ခဲ့သလိုပဲ၊ အစိုးရ အဖွဲ့ဝင်တွေဟာလည်း ရွေးကောက်ပွဲအနိုင်ရ ပြည်ခိုင်ဖြိုး ပါတီဝင်တွေထဲကနေ စိတ်ကြိုက် တင်မြှောက်ထားတာလည်း ဖြစ်ပါတယ်။

အာဏာရ ပါတီကြီးတစ်ခု ဖြစ်လာတဲ့ ပြည်ခိုင်ဖြိုး ပါတီဟာ ဥပဒေပြုရေး မဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော် ၂ ရပ်ပေါင်း ပြည်ထောင်စုလွှတ်တော်မှာလည်း ကိုယ်စားလှယ် ဦးရေ ၃၃၆ ဦးနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG