သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲကိုယ်စားလှယ် ရွေးချယ်ရေးမူ ကြံ့ခိုင်ရေးပါတီဆွေးနွေး


ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်အစည်းအဝေးကျင်းပစဉ်။ (ဓာတ်ပုံ-ပြည်ခိုင်ဖြိုး)
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်အစည်းအဝေးကျင်းပစဉ်။ (ဓာတ်ပုံ-ပြည်ခိုင်ဖြိုး)

မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်ရွေးချယ်ဖို့ မူသတ်မှတ်ချက်တွေ အပါအဝင်သမ္မတလောင်း ရွေးချယ်မှုတွေကို အဓိကထားပြီး လက်ရှိအာဏာရပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အစိုးရအဖွဲ့ဝင်တွေနဲ့ ဗဟိုကော်မတီဝင်တွေ ဆွေးနွေးနေကြပါတယ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် နေပြည်တော်မှာ သုံးရက်တာကျင်းပတဲ့ ဗဟိုကော်မတီ အစည်းအဝေး နောက်ဆုံးရသတင်းတွေကိုမဆုမွန်က စုစည်းတင်ပြပေးထားပါတယ်။

မေလ ၂၉ ရက်နေ့ကစလို့ နေပြည်တော်ပါတီဌာနချုပ်မှာ ကျင်းပတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စတုတ္ထအကြိမ် ဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်နယ်တိုင်းအသီးသီးက တက်ရောက်လာကြတဲ့ ပါတီဝင်တွေက မကြာခင်ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲအတွင်း ပါဝင် ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ချက်နဲ့အညီ အရည်အချင်းပြည့်မှီတဲ့ မူဘောင်တွေ ချမှတ်နိုင်ရေး အဓိက ဆွေးနွေးနေကြတာဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းက အနိုင်ရခဲ့ပြီး လက်ရှိအစိုးရဖွဲ့နိုင်ခဲ့တဲ့ အနိုင်ရပါတီပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စတုတ္ထအကြိမ် ဗဟိုကော်မတီ အစည်းအဝေးမှာ ၂၀၁၅ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေနဲ့ပတ်သက်လို့ လက်ရှိပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ရန်ကုန်တိုင်း ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်လည်းဖြစ်တဲ့ ဦးတင်မောင်ဦးက အခုလိုရှင်းပြပါတယ်။

“လက်ရှိပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ သတ်မှတ်ထားတဲ့ဥပဒေအတိုင်း၊ နောက်ပြီးတော့ အားလုံး ပါတီပေါင်းစုံရေးဆွဲတဲ့ ရွေးကောက်ပွဲ ပဋိဉာဉ်အတိုင်း လေးစားလိုက်နာပြီးတော့ ဦးတို့ပါတီအနေနဲ့လည်း ရွေးကောက်ပွဲကြီးကို လွတ်လပ်ပြီး တရားမျှတစွာ ရွေးကောက်ပွဲဖြစ်အောင် ပါဝင် ဆောင်ရွက်မယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။ နံပါတ် (၂) ကတော့ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေဟာ အရင်ခေတ်လို၊ ၂၀၁၀ လိုမဟုတ်ဘဲနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေမှာ ပြည်နယ်တိုင်းဒေသက ကြိုက်တဲ့လူတွေကို အဓိကထားပြီးတော့ ဒေသခံလူထုရဲ့အကြိုက်ကို ဖော်ဆောင်ပြီးတော့ ရွေးမယ်ဆိုတဲ့သဘော သက်ဝင်ပါတယ်။ ဒီမိုကရေစီအတိုင်းကိုရွေးမယ်။ ရွေးတဲ့ကော်မတီဖွဲ့ထားတယ်။ အဲဒီကော်မတီကနေပြီးတော့ ဒီမိုကရေစီနည်းလမ်းတကျ၊ စနစ်တကျရွေးချယ်ပြီးမှ အခုဒီမှာဆွေးနွေးမယ့်အချက်တွေကို အခြေခံပြီးတော့ ဦးဖြူ- ဦးဖြူကထားပါတော့- ဦးကရွှေပြည်သာ၊ ရွှေပြည်သာမှာ ဦးတင်မောင်ဦးပြိုင်ရင် နိုင်မှာလား၊ မနိုင်ဘူးလား။ ဦးတင်မောင်ဦးက ပြည်သူလူထုအကျိုး သယ်ပိုးနိုင်ရဲ့လား၊ ပါတီအကျိုးရော သယ်ပိုးနိုင်ရဲ့လား၊ အဓိက-က နိုင်ငံတော်၊ နိုင်ငံသားတို့ရဲ့ကိုက်ညီမယ့်လူပေါ့။ အခြေခံမူကတော့ ပိုင်တဲ့နေရာမှာ နိုင်တဲ့လူနဲ့ပြိုင်ဖို့ ဖြစ်ပါတယ်။”

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက ဦးဆောင်တဲ့ အစိုးရအဖွဲ့ဖွဲ့စည်းနိုင်ခဲ့ပြီးနောက် တိုင်းပြည်တွင်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ဖော်ထုတ် နိုင်ခဲ့တဲ့အတွက် အခုလာမယ့်၂၀၁၅ ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်စေဖို့ ပါတီအနေနဲ့ ဒီမိုကရေစီနည်းကျ လုပ် ဆောင်ကြဖို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်ခိုင်ဖြိုးပါတီရဲ့လက်ရှိ ဥက္ကဋ္ဌဖြစ်သူဦးရွှေမန်းက အဖွင့်မိန့်ခွန်းမှာ တိုက်တွန်းပြောဆို ခဲ့တယ်လို့လည်း ဦးတင်မောင်ဦးကပြောပါတယ်။

“လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ လွတ်လပ်ပြီးတော့ တရားမျှတတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက်ကို ဦးတို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေနဲ့ ဝိုင်းဝန်းကူညီဆောင်ရွက်ဖို့၊ နောက်တခုကတော့ အထွေထွေရွေးကောက်ပွဲမှာ ပါတီအောင်နိုင်ဖို့အတွက် လုပ်ငန်းစဉ်ချမှတ်တာပေါ့။ နောက်တခုကတော့ ရွေးကောက်ပွဲမှာဝင်မယ့် ကိုယ်စားလှယ်တွေကို ဦးတို့ပါတီအနေနဲ့က အပေါ်ကနေ Centralize လုပ်ပြီးတော့ ရွေးခြင်းမဟုတ်တဲ့အတွက်ကြောင့်၊ ပြည်သူအကြိုက်ဖြစ်အောင် ရွေးတဲ့အခါမှာ ပါတီကရွေးတဲ့ လွှတ်တော်ကိုယ်စားလှယ်တယောက်ရဲ့အခြေခံ ထားရှိရမယ့် မူတွေကို ချမှတ်ပါတယ်။

အခု စတုတ္ထအကြိမ် ဗဟိုကော်မတီအစည်းအဝေးမှာ အရေးကြီး အခန်းကဏ္ဍဖြစ်တဲ့ ပါတီကိုယ်စားလှယ်လောင်းရွေးချယ်တာဝန်ပေးမှု အပါအဝင်၂၀၁၅ ရွေးကောက်ပွဲအတွက် သမ္မတလောင်း ရွေးချယ်မှုအပေါ်-ပါတီတွင်း မဲခွဲဆုံးဖြတ်ချက်အရ-ဆုံးဖြတ်ကြမှာဖြစ်တယ်လို့လည်း အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်နေတဲ့ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်က ပြောပါတယ်။

ဖွဲ့စည်းပုံပြင်ဆင်ရေးအခန်းကဏ္ဍမှာ နိုင်ငံတော်တည်ငြိမ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအပေါ် “ထားသင့်တာထား၊ ပြင်သင့်တာပြင်မယ်”- ဆိုတဲ့ဦးတည်ချက်ရှိတဲ့အကြောင်းကိုလည်း ဦးရွှေမန်းက အဖွင့်မိန့်ခွန်းမှာ ပြောခဲ့သလို ဖွဲ့စည်းပုံပြင်ဆင်ရေး ပြည်ခိုင်ဖြိုးပါတီသဘောထားကို ဦးတင်မောင်ဦးပြောတာက အခုလို ပြောပါတယ်။

“ယနေ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဖို့ စတင်တင်သွင်းတာလည်း ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဖြစ်ပါတယ်။ ပထမအဆင့် ဥပဒေကြမ်း တင်သွင်းတာလည်း ဦးတို့ပါတီက အခြေခံပြီး တင်သွင်းထားပါတယ်။ ဒါကြောင့် ဒါကိုတော့ ပြည်ထောင်စလွှတ်တော်မှာပဲ သူ့ရဲ့လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်ပြီးတော့ ဆောင်ရွက်နေမှာဖြစ်ပါတယ်။”

ဗဟိုကော်မတီအစည်းအဝေးအစ ပါတီဥက္ကဋ္ဌရဲ့ လက်ရှိအာဏာရအစိုးရနဲ့ပတ်သက်ပြီး သန့်ရှင်းသောအစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်ရေး ရအောင် အနိုင်ရပါတီဦးဆောင်တဲ့ အစိုးရအဖွဲ့က ဖော်ဆောင်နေချိန်မှာ ပြည်သူအများ ယုံကြည်မှုကင်းမဲ့ပြီး အဂတိဆန်တဲ့ အပြုအမှုပြောဆိုချက်တွေဟာ ပါတီကလား၊ လူပုဂ္ဂိုလ်ကလား။ တစုတဖွဲ့ကလားဆိုတာ ဗဟိုကော်မတီက သုံးသပ်အကြံပြု ပြုပြင်ပေးရမှာဖြစ်ကြောင်း ဝေဖန်ပြောဆိုခဲ့တဲ့ အပေါ်ရွေးကောက်ပွဲနီးလာချိန် ပြည်သူ့ကို စည်းရုံးတဲ့ ဗျူဟာတခုသာဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်ဒေါက်တာရန်မျိုးသိမ်းက အခုလိုသုံးသပ်ပါတယ်။

“လွှတ်တော်ထဲကပြည်ခိုင်ဖြိုးပါတီနဲ့ အစိုးရအဖွဲ့ထဲက ပြည်ခိုင်ဖြိုးပါတီတို့ ခွဲပြီးတော့ ပြည်သူလူထုတွေကြားမှာ မျက်စေ့လည်အောင်လုပ်တဲ့ ဗျူဟာ တခုလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ မြင်ပါတယ်။”

၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် လက်ရှိအနိုင်ရပါတီဘက်က ကိုယ်စားလှယ်လောင်း၊ သမ္မတလောင်းရွေးချယ်မှုတွေနဲ့ ပါတီတွင်း ကြိုတင် ပြင်ဆင်နေမှုတွေကို နေပြည်တော်ပါတီဌာနချုပ်မှာ ပါတီ ဗဟိုကော်မတီအစည်းအဝေးကို မေလ ၂၉ ရက်နေ့ကနေ မေလ ၃၁ ရက်အထိ ကျင်းပနေပြီး မေလ ၃၀ ရက်နေ့မှာတော့ တိုင်းနဲ့ပြည်နယ်အသီးသီးက တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေမှာ အစီရင်ခံစာတွေ တင်သွင်းတင်ပြနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG