သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးဥက္ကဋ္ဌ NLD အစိုးရအားနည်းချက် ထောက်ပြ


 ကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး
ကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေး

NLD ပါတီ အစိုးရတာဝန်ယူလာတာ တနှစ်ကျော်ကာလအတွင်း နိုင်ငံအပေါ် မူဝါဒနဲ့ စီမံခန့်ခွဲမှုအားနည်းမှုတွေ ရှိနေသလို၊ စီးပွားရေးနဲ့ ကုန်သွယ်ရေးပိုင်းမှာ တိုးတက်လာမှုမရှိဘူးလို့ တချိန်က အာဏာကိုင်ခဲ့တဲ့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီက ဝေဖန်နေပါတယ်။ အများပြည်သူရဲ့ လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေးပိုင်းမှာ အားနည်းချက်တွေရှိနေတယ်လို့ ကြံခိုင်ရေးပါတီက ထောက်ပြပါတယ်။ ကြံခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီ ဥက္ကဌ ဦးသန်းဌေးကို ဗွီအိုအေ သတင်းထောက် မမေခ တွေ့ဆုံမေးမြန်းခဲ့တဲ့ ဒုတိယပိုင်းကို ဆက်လက်နားဆင်နိုင်ပါတယ်။

ဦးသန်းဌေး။ ။ လက်ရှိအာဏာရပါတီ အစိုးရဖြစ်လာတာ ၁ နှစ်ကျော်သွားပါပြီ။ ပါတီအာဏာရလာအောင် အစိုးရဖွဲ့နိုင်အောင် ပြည်သူလူထုက မဲပေးလိုက်တာ။ ဒီလူတွေတက်လာရင်တော့ တို့လိုချင်တဲ့ အကောင်းတွေဖြစ်လာတော့မှာပဲ။ စီးပွားရေးတွေ ပြေလည်လာတော့မယ်၊ လူ့အခွင့်အရေးတွေ တိုးပြီးရလာလိမ့်မယ်။ ဒီမိုကရေစီတွေရှင်သန်လာတော့မယ် ဒီလိုမျှော်လင့်ခဲ့ကြတာလေ။ ကျနော်ဆိုရင် ဒီလောက်အကြာကြီးအတိုက်အခံလုပ်ထားတော့ အကယ်၍ ရွေးကောက်ပွဲရလဒ်ကြောင့် အနိုင်အရှုံးတခုခု ဖြစ်လာလို့ရှိရင် အဆင်သင့်ကောက်လုပ်ဖို့ စီမံချက်တွေ Plan တွေအကုန်လုံးက အသင့် Ready made ရှိထားပြီးသားလို့ ကျနော်ထင်ခဲ့တယ်။ ဒါပေမယ့် ဒီ ၁ နှစ်ကျော်ကာလအတွင်းမှာ ကြည့်လိုက်တဲ့အခါကျတော့ ၂၅ နှစ်တိတိ ဒါတွေလုပ်ခဲ့တာဟာ အာဏာရဖို့အတွက်ပဲ အဓိကထားပါလား။ တကယ်အုပ်ချုပ်ရေး ကိုယ်လုပ်ရတော့မယ့်အချိန်မှာ အသင့်ဖြစ်အောင် ဘာစီမံမှုမှမရှိပါလား လို့သွားတွေ့တယ်။ ကျနော်တင်မဟုတ်ဘူး၊ ဒါကတော့ ပြည်သူလူထု အကုန်လုံး သိပါလိမ့်မယ်။ Still Controversial ဖြစ်နေတဲ့ Issue တွေအများကြီး ရှိပါတယ်။ ခုနက မဏ္ဍိင် ၃ ရပ်နဲ့ ပါတီနဲ့ အဲဒါကလည်း ရောယှက်တင်ဖြစ်နေတယ်။ တကယ်တော့ အခြေခံဥပဒေကို ကိုင်ပြီး သစ္စာပြုပြီးဝင်လာတဲ့ ပုဂ္ဂိုလ်တွေဟာ ဒီဥပဒေကို လေးစားလိုက်နာဖို့ တာဝန်ရှိတယ်။ မပြင်မခြင်း အစားမထိုးနိုင်မခြင်း အာဏာတည်သရွေ့ကာလပတ်လုံးဟာ အဲဒီဟာကို ဖောက်ဖျက်လို့မရဘူး။ ဖောက်ဖျက်ရင် ဥပဒေဖောက်ဖျက်တာပဲ။ ခုနလို ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံဖြိုးရေးပါတီကို တချိန်တုန်းက ငွေကြေးကိစ္စတို့၊ နိုင်ငံပိုင်ကိစ္စတို့ လက်ညှိးထိုးနေတဲ့အချိန်မှာ ဒီနေ့ရွေးကောက်ပွဲကာလကြီး တားမြစ်ထားတဲ့ နိုင်ငံပိုင် မီဒီယာကနေပြီးတော့ ပါတီအလံကိုထောင်ပြီးတော့ နိုင်ငံတော်မိန့်ခွန်းပြောသွားတာ သတ်မှတ်ထားတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေနဲ့ ညီညွတ်ရဲ့လား ပြောစရာတွေအများကြီးပဲ။

မမေခ။ ။လက်ရှိ လူမှုရေးကဏ္ဍပိုင်းမှာရော

ဦးသန်းဌေး။ ။လူမှုရေးလို့ပြောရင် အကျုံးဝင်တာတွေ အများကြီးပဲ ၊ ကျန်းမာရေးလည်း ပါတယ်၊ ပညာရေးလည်းပါတယ်၊ အဲဒီ issue အများကြီးကိုမေးရင် ကျနော်တဦးချင်းအနေနဲ့ ပြောရရင် ကျနော်တို့ရဲ့ မြန်မာ Value တွေဟာ စနစ်တကျ ဖြိုချဖျက်ဆီးခြင်းတောင်ခံနေရပြီလားဆိုတာကို သံသယဝင်လောက်တဲ့ အနေအထားမျိုးဖြစ်တယ်လို့ ကျနော်တင်ပြချင်ပါတယ်။ ကလေးတွေရဲ့ပညာရေးမှာ ဒီနေ့အမျိုးမျိုးလက်တည့်စမ်းနေတဲ့ အနေအထားမျိုးရှိတယ်။ ကလေးတွေ mature မဖြစ်သေးတဲ့ level မှာ လိင်မှုကိစ္စတွေ ပညာပေးဖို့ဆိုတာက မြန်မာ့ယဉ်ကျေးမှုနဲ့ ကျနေ်ာတို့ရဲ့အစဉ်အလာနဲ့ လက်ခံထားတဲ့ ဓလေ့ထုံးတမ်းတွေနဲ့ သိပ် သဟဇာတ မဖြစ်သေးတဲ့ ကိစ္စတွေကိုလုပ်ဖို့ စိုင်းပြင်းနေတာတွေရှိတယ်။ ဘာဖြစ်လို့ ဒီလောက်အရေးတကြီးလိုနေတာလဲ၊ ဘာအတွက်လည်း ဒီနေ့ဘာတွေကို ကျနော်တို့ ပုံတူကူးပြီးတော့ လိုက်လုပ်ဖို့အကြောင်းရှိသလဲ။ ဘာရည်ရွယ်ချက်နဲ့ လုပ်ပြီလဲ ၊ ပြန်ပြီးတော့တောင် ဝေဖန်ဆန်းစစ်ဖို့ ဒီတိုင်းပြည်ရဲ့ ဒီနေ့အခြေအနေဟာ မျက်ရည်တိုက်စားပြီးတော့ တအိအိပြိုနေတဲ့ ကမ်းပါးမှာ ရပ်နေရတဲ့လူတွေလိုဖြစ်နေတယ်။ လူတွေရဲ့ နေ့တဓူ၀ လုံခြုံရေးလည်းပါတယ်။ အဲဒီလုံခြုံရေး ၁ နှစ်ကျော်ကာလအတွင်းမှာ ကောင်းလာသလား၊ ဆိုးလာသလားဆိုတာက လူတိုင်းသိနေတဲ့ ကိစ္စပါ။ ပြည်သူလူထုကြားထဲကိုရောက်လာတဲ့ ဒီမျက်နှာစိမ်းတွေ ကိစ္စဟာ အရေးတကြီးကိုင်တွယ်ရမယ့် အမျိုးသားရေးတာဝန်တရပ်ဖြစ်နေပြီ။ချိမ်းခြောက်မှုဖြစ်နေပြီ ဒါကိုကာကွယ်ဖို့ အခုချက်ချင်းလုပ်မှရမယ်။ နိုင်ငံသားမဟုတ်သော ပုဂိုလ်များအလျင်အမြန်ရောက်လာတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ရှိပြီးသား ၈၂ ဥပဒေကို ရဲရဲတင်းတင်းကိုင်လေ။

မမေခ။ ။ နောက်ဆုံးအနေနဲ့ စီးပွားရေး ပိုင်းနဲ့ ပတ်သက်ပြီးတော့ ဘာများပြောချင်သလဲရှင့်။

ဦးသန်းဌေး။ ။စီးပွားရေးပြောရင် ပြီးခဲ့တဲ့ ကျနော်တို့ အစိုးရကာလမှာ ကျနော်တို့ GDP ရဲ့ growth rate က ၇.၃ ရာခိုင်နှှုန်း ၊ ၁ နှစ်အတွင်းမှာ ၆.၅ လား အဲဒီလောက်အထိတောင်ကျသွားပြီ ။ ဒီနှစ်ကုန်သွယ်မှု ပမာဏ ကိုကြည့်ရင် ၂၀၁၂-၂၀၁၃ က သန်း ၉၀ ကျော်ပဲ trade deficit ဖြစ်တယ်။ အခုက ၅ ထောင့်၅ရာကျော်တယ်။ စီးပွားရေးကို တကယ်နားလည်ပြီးတော့ တကယ့်ကို မူဝါဒတွေ ပြတ်ပြတ်သားသားချပြီးလုပ်မှ အချိန်ကာလတခုမှာ အချိန်ပေးရသေးတယ်။ အဲဒါကို ဒီနေ့ ကိုယ်ထင်တဲ့ စိတ်ခံစားချက်နဲ့ ဟိုဟာဖျက်လိုက်၊ ဒီဟာ ရပ်လိုက် သွားလုပ်ရင် ဒီဟာက တိုင်းပြည်ကပဲ ခံရမှာ။ စိတ်ထင်ရာ ဟိုဟာရပ်၊ ဒီဟာရပ် အာဏာပိုင်က အာဏာရှိတဲ့အတိုင်းလုပ်တာသည် Trust ပျောက်ဆုံးသွားတာသည် နှစ်ပေါင်းများစွာ ပြန်တည်ဆောက်ယူရလိမ့်မယ်။ ဒီဒဏ်ကို ဒီနေ့လူတွေခံရလိမ့်မယ်။”

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG