ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်း အပြောင်းအလဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပါတီဥက္ကဋ္ဌ ဖြစ်လာဖွယ် ရှိနေပါတယ်။ လွှတ်တော်ထဲ သမာသမတ်ရှိရှိ ဆုံးဖြတ်ရမယ့် ဥက္ကဋ္ဌဟာ ပါတီတခုရဲ့ ဥက္ကဋ္ဌလည်း ဖြစ်နေတော့ ပြည်ခိုင်ဖြိုးပါတီ လွှမ်းမိုးတဲ့ လွှတ်တော်မှာ အတိုက်အခံ ပါတီတွေ တင်ပြချက်က အရာမရောက်နိုင်ဘူးလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။
ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် သမ္မတဖြစ်လာတော့ ပါတီနာယကတွေဖြစ်တဲ့ သီဟသူရ တင်အောင်မြင့်ဦးနဲ့ ဦးတင်အေးတို့က ပါတီ ဒု-ဥက္ကဋ္ဌတာဝန် ယူလာကြပြီး ဒု-ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌအဖြစ် လျာထားလိုက်တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ တင်္နလာနေ့က လုပ်တဲ့ ညစာစားပွဲမှာ သမ္မတ ဦးသိန်းစိန် ပါတီတာဝန်က အနားယူလိုက်တယ်လို့ ပြည်ခိုင်ဖြိုးပါတီအမတ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောပါတယ်။
“ညစာစားပွဲ ကျွေးတယ်၊ ပြီးတော့မှ ကျနော်တို့ အောက်ခြေလူတန်းစားတွေက အစပေါ့လေ၊ သမ္မတကြီးက နေပြီးတော့ အားလုံး ကိုယ်စားလှယ်တွေနဲ့ တွေ့ထိပြီး သူ့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ကိစ္စတွေ အကုန်ပြောပါတယ်။ ဒုတိယဥက္ကဋ္ဌတွေအဖြစ် ဗိုလ်ချုပ်ကြီး သူရရွှေမန်းတို့၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးတို့၊ ဗိုလ်ချုပ်ကြီး တင်အေးတို့ ထပ်ဖြည့်တာပေါ့။ ပါတီရဲ့ ဦးဆောင်မှုကတော့ လောလာဆယ် ဒု-ဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီး သူရရွှေမန်းကို ဦးဆောင်ပါလို့တော့ ပြောသံကြားလိုက်တယ်။”
၂၀၀၈ ဖွဲ့စည်းပုံအရ သမ္မတနဲ့ ဒု-သမ္မတတို့ဟာ ရာထူးသက်တမ်းအတွင်း ပါတီလုပ်ငန်းတွေ တာဝန်မယူရဘူးလို့ ပါရှိပေမဲ့ ဒု-သမ္မတဖြစ်တဲ့ သီဟသူရ တင်အောင်မြင့်ဦးကို ပါတီ ဒု-ဥက္ကဋ္ဌအဖြစ် ခန့်ထားတာ ဖြစ်ပါတယ်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ပါတီဥက္ကဋ္ဌအဖြစ် လျာထားမှုအပေါ် ၀ါရင့် နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက အခုလို သုံးသပ်ပါတယ်။
“ပါတီဥက္ကဋ္ဌလည်း လုပ်တယ်၊ လွှတ်တော်ဥက္ကဋ္ဌလည်း လုပ်တယ်ဆိုရင်တော့ တာဝန်ကြီးကြီး ၂ ခု ယူတယ်လေ။ အမှန် အရင်တုန်းက ဒီလိုမျိုးလုပ်တာ မရှိပါဘူး။ ဒုတိယဥက္ကဋ္ဌကနေပြီး လွှတ်တော်ဥက္ကဋ္ဌ လုပ်တာရှိတယ်။ ဗိုလ်မှူးအောင်တို့တုန်းက၊ ဖဆပလ ခေတ်ကတော့ တာဝန်မကြီးဘဲကိုး။ တဘက်က လွှတ်တော်ဥက္ကဋ္ဌလုပ်တာ၊ အဲဒါမျိုးရှိတယ်။ အခုဟာက သူတို့ လုပ်ချင်ရာ လုပ်နိုင်တဲ့၊ လုပ်ချင်သလိုလည်း လုပ်နေတဲ့ဟာဆိုတော့ မဖြစ်နိုင်ဘူးဆိုတာ ဘာမှမရှိဘူး။ တို့လုပ်ချင်တာ လုပ်မယ်ဆိုပြီး လုပ်နေကြတာကိုး။”
ပြည်ခိုင်ဖြိုးပါတီနဲ့ စစ်တပ်ဟာ လွှတ်တော်ရဲ့ ၈၀% ကျော်လည်း ထိန်းချုပ်ထားနိုင်တော့ အတိုက်အခံပါတီတွေ အနေနဲ့ ပါတီဥက္ကဋ္ဌ တဖြစ်လဲ လွှတ်တော်ဥက္ကဋ္ဌက ဘယ်လောက်ထိ သမာသမတ်ကျကျ လွှတ်တော်ကို ဦးစီးနိုင်မှာလဲ ဆိုတာကို လေ့လာသူတွေက မေးခွန်းထုတ်နေကြပါတယ်။
ပြည်ခိုင်ဖြိုးပါတီရဲ့ မူဝါဒမှာ တိုင်းပြည်အကျိုးနဲ့ ပါတီအကျိုး ယှဉ်လာရင် ပါတီအကျိုး စွန့်လွှတ်မယ်၊ နောက် ပါတီအကျိုးနဲ့ မိမိအကျိုး ယှဉ်လာရင် မိမိအကျိုး စွန့်လွှတ်မယ်လို့ ပါရှိပါတယ်။
ဒီလို မူဝါဒ ချထားတယ် ဆိုပေမဲ့ လက်တွေ့မှာတော့ လွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီ လွှမ်းမိုးနိုင်အောင် နည်းမျိုးစုံ သုံးနေတယ်လို့ နိုင်ငံရေး သုံးသပ်သူ ဦးဌေးအောင်က ဆိုပါတယ်။
“အခုလည်း သူတို့တွေမှာ နိုင်ငံတော်အကျိုးတို့၊ ဘာတို့ ဆိုတာမျိုးက နိုင်ငံတော်နဲ့လည်း သူတို့နဲ့ ရောထွေးနေတာ၊ အုပ်ချုပ်တဲ့သူက သူတို့ကိုယ်သူတို့ နိုင်ငံတော်ဆိုပြီး ပြောနေတာမျိုးပေါ့ဗျာ။ အဲဒီတော့ နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုး လုပ်တယ် ဆိုတာကလည်း သူတို့ပါတီ အကျိုးတင် မကဘူး၊ သူတို့ကိုယ်ကျိုးကိုပါ လုပ်နေတဲ့ သဘောမျိုး။ အဲဒီတော့ ကျနော်မြင်တာက နိုင်ငံတော်အတွက် အရေးကြီးတဲ့ ဥပဒေတွေ ချမှတ်တဲ့ နေရာမှာ တာဝန်ယူ ကြီးကြပ်ရတဲ့ လွှတ်တော်ဥက္ကဋ္ဌ အနေနဲ့ သူလည်းပဲ ပါတီက နှုတ်ထွက်သင့်တဲ့ သဘောမျိုးလို့ မြင်တယ်။
“လွှတ်တော်ဥက္ကဋ္ဌက ပါတီမှာလည်း ဥက္ကဋ္ဌကြီး လာဖြစ်ဦးမယ်ဆိုတော့ ရှေ့နောက်မညီတဲ့ ဆက်စပ်မှု ဖြစ်တယ်။ နောက်တခုက သူတို့ပါတီက လိုချင်တဲ့ ဥပဒေတွေကို သူက အတင်းအကျပ် လွှတ်တော်ထဲမှာ မကျကျအောင် ရေးဆွဲခိုင်းနိုင်တဲ့ အခွင့်အာဏာတွေလည်း ရှိနေတယ်ဆိုတော့ ဒါ လုံးဝမဖြစ်သင့်တဲ့ အရာလို့ပဲ ထင်တယ်။”
ပြည်ခိုင်ဖြိုးပါတီမှာ ပါတီဝင်အင်အား ၁၇ သန်းကျော်ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲမှာ လွှတ်တော် အသီးသီးအတွက် အမတ်နေရာ ၇၅% ကျော် အနိုင်ရခဲ့ပါတယ်။