သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ ပြည့်ရွေးကောက်ပွဲ ဝနယ်မှာ ကျင်းပနိုင်ရေး UWSP ပူးပေါင်းလုပ်ဆောင်မယ်


ဝဒေသငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနား ကျင်းပချိန်က တွေ့ရသည့် ပန်ဆန်းဒေသ မြင်ကွင်းတစိတ်တပိုင်း။ (ဓာတ်ပုံ - ချယ်ရီမြေ-ရှမ်းမြောက်)
ဝဒေသငြိမ်းချမ်းရေး နှစ် (၃၀) ပြည့်အခမ်းအနား ကျင်းပချိန်က တွေ့ရသည့် ပန်ဆန်းဒေသ မြင်ကွင်းတစိတ်တပိုင်း။ (ဓာတ်ပုံ - ချယ်ရီမြေ-ရှမ်းမြောက်)

(Zawgyi/Unicode)

ဝပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP ထိန်းချုပ်ထားတဲ့ မြို့နယ် ၄ မြို့နယ်မှာ ၂၀၂၀ ပြည့်ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ပူးပေါင်းလုပ်ဆောင်မယ်လို့ UWSP ကပြောပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ ဝခေါင်းဆောင်တွေ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် UWSP ဘက်က အခုလို ပြောလိုက်တာပါ။ ဒီအပေါ် အလားအလာကောင်းတခုအဖြစ် လေ့လာသူတွေက မြင်ကြပေမယ့် အောင်မြင်ဖို့တော့ အများကြီး ကြိုးစားရမယ်လို့ သုံးသပ်ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းခေါင်းဆောင်တဲ့အဖွဲ့ဟာ UWSP ခေါ် ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဌာနချုပ် ပန်ဆန်းကို ဖေဖော်ဝါရီ လကုန်ပိုင်းက သွားရောက်ပြီး UWSP နယ်မြေမှာ ၂၀၂၀ ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

ဦးလှသိန်းနဲ့ ကိုယ်စားလှယ်အဖွဲ့ကို UWSP ဒုဥက္ကဋ္ဌ ဦးရှောင်မီလျံ ခေါင်းဆောင်ထိပ်တန်းခေါင်းဆောင်တွေက လက်ခံတွေ့ဆုံဆွေးနွေးခဲ့ပြီး ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းသွားမယ်လို့ ပြန်ကြားခဲ့ကြောင်း UWSP လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောပါတယ်။

“တွေ့ဆုံမှုကတော့ ၂၇ ရက်နေ့တုန်းကတော့မှန်တာပေါ့နော်။ ဆွေးနွေးတာကတော့ ကျနော်သိသလောက် ဆိုရင်တော့ ကျနော်တို့ ဝပြည်နယ်မှာ ရှိနေတဲ့ ၄မြို့နယ်ကို ရွေးကောက်ပွဲကျင်းပနိုင်ဖို့ အဲလိုမျိုးတွေတော့ ဆွေးနွေးမှုတွေ ဖလှယ်ခဲ့ကြတာပေါ့။ ကျနော်တို့ ဌာနချုပ်ကလည်း ဒီ ပူးပေါင်းပါဝင်မယ်ဆိုတဲ့ ဆွေးနွေးမှုတွေတော့ ရခဲ့တယ်လို့ပဲ ကျနော်ပြောလို့ ရတာပေါ့နော်။”

WSTV ခေါ် ဝပြည်နယ်ရုပ်သံသတင်းမှာလည်း ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းဆွေးနွေးတာကို အခုလို ထုတ်ပြန်ပါတယ်။

“ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းမှ လာရောက်ရခြင်း၏ ရည်ရွယ်ချက်ကို မိတ်ဆက်ပြောကြားခဲ့ပါတယ်။ ၎င်းမှ ၂၀၂၀ရွေးကောက်ပွဲ နီးလာပြီ ဖြစ်ပါသဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ဝ ပြည်နယ်တွင် သတ်မှတ်ထားသော မြို့နယ် ၄ ခုတွင် ရွေးကောက်ပွဲ ကျင်းပသွားနိုင်ရေး၊ ရွေးကောက်ပွဲပါဝင်ခွင့်၊ ရွေးကောက်ပွဲ ကိုယ်စားလှယ်ရွေးချယ်ခွင့်၊ မဲပေးခွင့်စသည့်ကိစ္စရပ်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပြင် ၂၀၂၀ရွေးကောက်ပွဲတွင် ဝ ပြည်နယ်အစိုးရအနေဖြင့် ပူပေါင်း ပါဝင်ဆောင်ရွက်သွားရန် ပြောကြားခဲ့ပါတယ်။”

ဝခေါင်းဆောင်ရဲ့ တုံ့ပြန်ချက်ကို အခုလို ထုတ်ပြန်ခဲ့ပါတယ်။

“ဒု ဥက္ကဋ္ဌ ဦးရှောက်မင်လျံမှလည်း ဝ ပြည်နယ်တွင် ကျင်းပမည့် ၂၀၂၀ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို ပူးပေါင်း ပါဝင်သွားမည်ဖြစ်ကြောင်းနှင့် ယခု လက်ရှိ NLD အစိုးရလက်ထက်တွင် NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ဝ ပြည်နယ်သို့ လာရောက်လည်ပတ်နိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။”

၀ အမျိုးသားပါတီတစ်ခုဖြစ်တဲ့ ၀ လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးဆိုင်ပေါင်းနပ်ကတော့ UWSP ရဲ့ တ့ုံပြန်မှုဟာ အလားအလာကောင်း တခုဖြစ်ကြောင်း ပြောပါတယ်။

“ဒါ အလားအလာကောင်းတယ်လို့ပဲ ကျနော် မြင်တာပေါ့ဗျာ။ အောင်မြင်အောင် ပြောဆိုလုပ်ကိုင်ရမယ်။ ညှိနှိုင်းရမယ်။ အများကြီးတော့ ကြိုးစားရမှာပေါ့နော်။”

၄ မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ရင် ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

လက်ရှိအခြေအနေမှာ ဝအမျိုသား စည်းလုံးညီညွတ်ရေးပါတီ ၀ ဒီမိုကရက်တစ်ပါတီနဲ့ ၀ လစ်ဘရယ် ဒီမိုကရက်တစ် တိုးတက်ရေးပါတီတို့ဟာ ၀ အမျိုးသားပါတီအဖြစ် ပူးပေါင်းဖို့အတွက် ရွေးကောက်ပွဲကော်မရှင်ထံကို တင်ပြထားရာမှာ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က UWSP ရဲ့ တ့ုံပြန်မှုဟာ အပြုသဘောဆောင်ကြောင်းနဲ့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ဆိုရင် အခက်အခဲတွေတော့ ရှိနေအုံးမှာဖြစ်ကြောင်း ပြောပါတယ်။

“သူတို့ရဲ့ သဘောထားအနေနဲ့ကတော့ အတော်လေး အပြုသဘောဆောင်တဲ့ သဘောထားကို ဖော်ပြတာပဲ။ ဒါပေမဲ့ လက်တွေ့လုပ်ဖို့ကတော့အတော်တော့ အခက်အခဲများလိမ့်မယ်။ ကော်မရှင်အနေနဲ့ ဖြေရှင်းရမဲ့ ပြဿနာတွေက မနည်းဘူးဗျ။ အဲဒီက လူဦးရေစာရင်း ကောက်ယူရေးကနေ နောက်ပိုင်း မဲစာရင်းတွေကို ဘယ်လိုသွားလုပ်ခွင့်ရမှာလဲ။ ဘယ်သူ့ကို ကိုယ်စားလှယ်အနေနဲ့ အရွေးခံကြမလဲဆိုတဲ့ ကိစ္စတွေက အဲဒီထဲကို ထဲထဲဝင်ဝင် သွားပြီးတော့ လုပ်ကြရမှာကိုးဗျ။ ဆိုလိုတဲ့ ကိစ္စတွေက အတော်များတာပေါ့ဗျာနော်။”

UWSP ဟာ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးသေးတဲ့အပေါ် အစိုးရဘက်က ဘယ်လိုသတ်မှတ်လက်ခံမလဲ ဆိုတာကလည်း စဉ်းစားစရာအချက်အဖြစ် ပါဝင်ကြောင်း သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ သတင်းထုတ်ပြန် ထားတာမရှိသေးပါဘူး။ ကြာသပတေးနေ့မှာ ပြုလုပ်လေ့ရှိတဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ ထုတ်ပြန်နိုင်ဖွယ် ရှိနေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ မြို့နယ် ၆ မြို့နယ် သတ်မှတ်ထားပါတယ်။ အစိုးရထိန်းချုပ်ရာ ဟိုပန်နဲ့ မက်မန်းမြို့နယ်တွေမှာတော့ ရွေးကောက်ပွဲ ပုံမှန်ကျင်းပတာရှိခဲ့ပေမဲ့ UWSP ထိန်းချုပ်ရာ ပန်ဆန်း၊ မိုင်းမော၊ ပန်ဝိုင်နဲ့ နားဖန်းမြို့နယ်တွေမှာတော့ အရင်က ကျင်းပနိုင်တာမရှိခဲ့ပါဘူး။

[Unicode Version]



















XS
SM
MD
LG