သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝ စစ်ရေးပြပွဲ ရန်လိုတဲ့သဘော မဟုတ်ကြောင်း UWSA တုံ့ပြန်


၀ တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲမှာ ပါဝင်တဲ့ စစ်ရေးပြအခမ်းအနား
၀ တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲမှာ ပါဝင်တဲ့ စစ်ရေးပြအခမ်းအနား

၀ တပ်ဖွဲ့ရဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်ပွဲမှာ ပါဝင်တဲ့ စစ်ရေးပြအခမ်းအနားဟာ အရင်ကလည်း ဆောင်ရွက်ခဲ့ဖူးကြောင်းနဲ့ ဒါဟာ ရန်လိုတဲ့သဘောထားနဲ့ ကျင်းပတာ မဟုတ်ကြောင်း ဝတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ တပ်မတော် သတင်းစာ ရှင်းလင်းပွဲမှာ ၀ တပ်ဖွဲ့ရဲ့ စစ်ရေးပြအခမ်းအနားဟာ စင်ပြိုင်အစိုးရ၊ စင်ပြိုင်တပ်မတော် သဘော ဆောင်ရွက်တာ တွေ့ရကြောင်း၊ ဒီအပေါ်မှာ တပ်မတော်က အစွမ်းကုန် သည်းခံနေကြောင်း ပြောဆိုခဲ့တဲ့အပေါ် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၁၇ ရက်နေ့က ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP ဌာနချုပ် ပန်ဆန်းမှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားမှာ ဝတပ်ဖွဲ့က လေယာဉ်ပစ်အမြောက်တွေ၊ မောင်းသူမဲ့ ဒရုန်း လေယာဉ်တွေ စတဲ့ စစ်လက်နက်တွေနဲ့ စစ်သည်အင်အား ၈,၀၀၀ နီးပါးကို သုံးပြီး စစ်ရေးပြ အခမ်းအနားကို ထည့်သွင်းခဲ့တာပါ။

ဒီလို လက်နက်အင်အား၊ လူအင်အားအများ အပြားအသုံးပြုခဲ့တဲ့ စစ်ရေးပြ အခမ်းအနားအပေါ် တနင်္ဂနွေနေ့က နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် သတင်းမှန်ပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက အခုလို ပြောဆိုခဲ့ပါတယ်။

“မကြာခင်က လုပ်ခဲ့တဲ့ ၀ ရဲ့ စစ်ရေးပြ အခမ်းအနားမှာ လက်နက်ကိုင်ဆောင်ပြီး စစ်ရေးပြခဲ့တာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီစစ်ရေးပြအခမ်းအနားကို ကြည့်ခြင်းအားဖြင့် ဒီ ဝအနေနဲ့တော့ စင်ပြိုင် အစိုးရ သဘောမျိုး စင်ပြိုင် တပ်မတော်ပုံစံမျိုး ဆောင်ရွက်နေတာကို တွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီ အခမ်းအနားကို တပ်မတော်အနေနဲ့ တက်ရောက်ခြင်း မရှိပါဘူး။ ဒါသည် တပ်မတော်အနေနဲ့ အစွမ်းကုန် သည်းခံထားတဲ့ အနေအထားဖြစ်တယ်။”

ဒီလကုန်ပိုင်းမှာကျင်းပမယ့် NDAA ခေါ် မိုင်းလားအဖွဲ့ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်ပွဲကို တပ်မတော်က တက်၊ မတက် မေးမြန်းတဲ့ အပေါ် ဗိုလ်ချုပ်စိုးနိုင်ဦးက ဖြေကြားခဲ့တာဖြစ်ပြီး တပ်မတော်က ငြိမ်းချမ်းရေးကို လိုချင်လို့ အစွမ်းကုန် သည်းခံနေတာဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။

တပ်မတော်ရဲ့ ပြောဆိုမှုအပေါ်မှာတော့ ဝပြည်သွေးစည်း ညီညွတ်ရေးပါတီ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက အခုလို တုံ့ပြန် ပြောဆိုပါတယ်။

“ကျနော်တို့ စစ်ရေးပြတယ်ဆိုတာ ၁၀ နှစ်မြောက်၊ နှစ်၂၀ မြောက်တုန်းကလည်း စစ်ရေးပြခဲ့တာပဲ။ အခုမှ ပြခဲ့တာ မဟုတ်ပါဘူး။ ထိုနည်း လည်းကောင်းပါပဲနော်။ တစ်ခြားလက်နက်ကိုင် အဖွဲ့အစည်းတွေလည်း ပြနေကျပဲလေ။ ဒါကတော့ မထူးဆန်းပါဘူးလို့ မြင်ပါတယ်။ အစိုးရ အကြီးအကဲအပါအဝင် တပ်မတော် အကြီးအကဲတွေ အခြားလက်နက်ကိုင် အဖွဲ့အစည်းတွေ စုံသလောက်ပေ့ါနော်။ ကျနော်တို့ ဖိတ်ခြင်းအားဖြင့် သိနိုင်ပါတယ်။ ကျနော်တို့ သဘောထား ကျနော်တို့ ဒီပွဲတော် နှစ် ၃၀ ပြည့် လုပ်တယ်ဆိုတာကတော့ ဘယ်သူကိုမှ ကျနော်တို့ ရန်လိုတဲ့ သဘောမျိုးနဲ့ ကျင်းပတာ မဟုတ်ပါဘူး။ ကျနော်တို့လည်း ငြိမ်းချမ်းရေးကို တန်ဖိုးထားလို့ ဖော်ဆောင်တဲ့အနေနဲ့ လုပ်ရခြင်း ဖြစ်ပါတယ်နော်။”

UWSA အနေနဲ့ တပ်မတော်အပါအဝင် အခြားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို မိတ်ဆွေအဖြစ် သဘောထားကြောင်းလည်း ဦးညီရန်းက ပြောပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ် ဦးသန်းစိုးနိုင်ကတော့ အခုလို သုံးသပ်ပြောဆိုပါတယ်။

“ဝအဖွဲ့က သူက ငြိမ်းချမ်းရေး ရချင်တယ်။ လက်ရှိအနေအထားကို ထိန်းချင်တယ်။ အဲတော့ သူဒေသကို စစ်ရေးအရ အရေးယူတာမျိုး ဘာညာဖြစ်လာရင် ကာကွယ်နိုင်အောင်တော့ လုပ်တာပဲ။ တခြားအဖွဲ့တွေလည်း လုပ်ကြတာပဲ ဒီသဘောထားပါ။ ဒါပေမဲ့ သူ့မှာ ထူးခြားတဲ့နယ်မြေ၊ ထူးခြားတဲ့ တပ်အင်အား အခြေအနေတွေ ရှိတဲ့အခါကျတော့ တပ်မတော်က စိုးရိမ်စိတ်နဲ့ ပြောတာလို့ ထင်ပါတယ်။ ဒါပေမဲ့ အဲလိုပြောတဲ့ ကောက်ချက်က အပြန်အလှန် အဲဒီအပေါ်မှာ နားလည်မှုတွေ လွဲသွားရင် နောက်ပိုင်းမှာ ဒါတွေက စစ်ရေးအရ အရေးယူမှုတွေ ပဋိပက္ခတွေ ဖြစ်လာနိုင်စရာ ရှိတယ်လို့ ကျနော်က ယူဆပါတယ်။ အဲဒါကြောင့် အဲဒီသဘောထားတွေနဲ့တော့ ငြိမ်းချမ်းရေးအတွက် အကျိုးမရှိတဲ့ စကားတွေပဲလို့ ယူဆတယ်။”

ဧပြီလက ကျင်းပတဲ့ UWSA ရဲ့ ငြိမ်းချမ်းရေးနှစ် ၃၀ ပြည့်ပွဲကို နိုင်ငံတော်အကြီးအကဲတွေနဲ့ တပ်မတော် ခေါင်းဆောင်တွေကို ဖိတ်ကြားပေမဲ့ ပါဝင် တက်ရောက်တာ မရှိခဲ့ပါဘူး။ ဒီလကုန်ပိုင်းမှာ ကျင်းပမယ့် NDAA ခေါ် မိုင်းလားအဖွဲ့ရဲ့ ပွဲကိုလည်း သူတို့ရဲ့ ဆောင်ရွက်ချက်အပေါ် မူတည်ပြီး တပ်မတော်က စဉ်းစားမှာဖြစ်ကြောင်းလည်း သတင်းစာရှင်းလင်းပွဲမှာ ဖြေဆိုထားပါတယ်။

UWSA ဝနဲ့ NDAA မိုင်းလားအဖွဲ့တို့ဟာ ၁၉၈၉ ခုနှစ်က ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်ပြီး အစိုးရနဲ့ အပစ်အခတ် ရပ်စဲခဲ့ရာမှာ သူတို့ ထိန်းချုပ်ရာဒေသကို ရှမ်းပြည်နယ် အထူးဒေသ ၂ နဲ့ အထူးဒေသ ၄ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG