သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ ဝ ပြည်နယ် ငြိမ်းချမ်းရေး နှစ် ၃၀ အခမ်းအနား” ပြင်ဆင်မှု အခြေအနေ


“ ၀ ပြည်နယ် ငြိမ်းချမ်းရေး နှစ် ၃၀ အခမ်းအနား” ပြင်ဆင်မှု
“ ၀ ပြည်နယ် ငြိမ်းချမ်းရေး နှစ် ၃၀ အခမ်းအနား” ပြင်ဆင်မှု

ဝပြည်နယ် ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့် အခမ်းအနားကို ပန်ဆန်းမြို့မှာ ဧပြီလ ၁၆ ကနေ ၁၇ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပတော့မှာပါတယ်။ မြန်အစိုးရ တာဝန်ရှိသူတွေ အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အထူး ဖိတ်ကြားထားတဲ့ ဧည့်သည်တော်တွေ တက်ရောက်ကြမှာ ဖြစ်ပေမယ့် နိုင်ငံခြားသံတမန်တွေနဲ့ နိုင်ငံခြား သတင်းထောက်တွေကတော့ မြန်မာအစိုးရထံက ခွင့်ပြုချက်မရတဲ့အတွက် တက်ခွင့်မရကြဘူးလို့ ဆိုပါတယ်။ နှစ်ပတ်လည်ပွဲ ပြင်ဆင်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ပန်ဆန်းမှာ သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်ကို ကိုဇော်ဝင်းလှိုင်က မေးကြည့်တဲ့အခါ သူက အခုလို စပြောပါတယ်။

ကိုမိုးဇော်။ ။ ကျနော်တို့ ပန်ဆန်းကို ရောက်တဲ့အချိန်မှာ တမြို့လုံးက လှုပ်ရှားနေတယ်။ လှုပ်ရှားနေတယ်ဆိုတာက ‘ဝ’ ပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ကလည်း လေ့ကျင့်တာတို့ အခမ်းအနားအတွင်းမှာပြမယ့် စစ်ရေးပြလေ့ကျင့်တာတွေ မြင်ရတယ်။ နောက်ဒီမှာရှိတဲ့ တိုင်းရင်းသားတွေ အားလုံးကလည်း အကအဖွဲ့တွေနဲ့ ကပြဖျော်ဖြေဖို့အတွက် သောင်းနဲ့ချီပြီးတော့ လာတဲ့အနေအထားကို တွေ့နေရတယ်။

ကိုဇော်ဝင်းလှိုင်။ ။ လုံခြုံရေးအခြေအနေကရော ဘယ်လိုရှိသလဲ၊ လုံခြုံရေးတင်းကျပ်ထားတာတွေများ သတိထားမိတာ ရှိသလားခင်ဗျ။

ကိုမိုးဇော်။ ။ ကျနော်တို့လာတဲ့ လမ်းတလျောက်မှာဆိုရင် အဝင်အထွက်တွေ အားလုံးကို တင်းတင်းကျပ်ကျပ် စစ်ဆေးတာမျိုးတွေတွေ့ရတယ်ပေါ့နော်။ ပန်ဆိုင်းရောက်ပြီးမှ အခြေအနေကို မေးကြည့်တဲ့အခါမှာ လုံခြုံရေးကတော့ ထူးထူးခြားခြားပြဿနာမရှိဘူးလို့ သိရပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ ကိုမိုးဇော်ပြောသလို လူတွေလည်း သောင်းချီပြီးတော့ အများကြီး ရောက်နေတာပေါ့နော်။ ဆိုတော့ အစိုးရဘက်ကအပါအဝင် နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ ဘယ်သူတွေကို ဖိတ်ထားသလဲ၊ ဘယ်သူတွေတက်မယ်လို့ သိထားသလဲခင်ဗျ။

ကိုမိုးဇော်။ ။ လောလောဆယ် ကျနော်တို့ သိထားတာဆိုရင် အစိုးရဘက်ကဆိုရင် အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ စောပိုင်းမှာတော့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်မယ်ဆိုတာ သတင်းတွေ ကြားခဲ့ရတယ်။ ဒါပေမယ့် အခုနောက်ပိုင်း သိရတဲ့အခြေအနေကတော့ အစိုးရကိုယ်စားလှယ်အဖွဲ့ကို အလုပ်သမားနဲ့ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီး ဦးသိန်းဆွေ ဦးဆောင်ပြီး တက်မယ်လို့ သိရပါတယ်။ အဲဒီအထဲမှာဆိုရင် ငြိမ်းချမ်းရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးသိန်းဇော်လည်း လာမယ် ။ နောက် နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး ၊ နောက် အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာနက ဦးမင်းဇော်ဦး ၊ နောက်ရှမ်းပြည်နယ်အစိုးရအဖွဲ့က သူတို့က ၁၆ ရက်နေ့မှာ လာရောက်ဖို့ရှိပါတယ် သူတို့လာမှာ ကျိုင်းတုံကနေတဆင့် ရဟတ်ယာဉ်နဲ့ လာမယ် ၁၆ ရက်နေ့ တညအိပ်ပြီးတော့ ၁၇ ရက်နေ့ အခမ်းအနား တက်ဖို့ ရှိတယ်လို့ သိရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဘက်ကတော့ အခုသိရသလောက်ဆိုရင် KIO ကချင်ပါမယ်၊ နောက် ကရင်အမျိုးသားအစည်းအရုံး KNU ပါမယ်။ မွန်ပြည်သစ်ပါတီပါမယ်၊ နောက်ရှမ်းက SSPP ပါမယ်။ နောက် ABSDF ပါမယ်။ နောက် AA ရခိုင်တပ်မတော်၊ နောက် TNLA တအန်း-ပလောင်တပ်ဖွဲ့ ။ ဒီအဖွဲ့တွေ တော်တော်များများ ရောက်နေပြီလို့ သိရပါတယ်ခင်ဗျ။

ကိုဇော်ဝင်းလှိုင်။ ။ ဟုတ်ကဲ့ ။ သတင်းမီဒီယာတွေ တော်တော်များများလည်း ရောက်နေပြီထင်တယ် သူတို့ကိုရော လွတ်လွတ်လပ်လပ် သတင်းယူခွင့် သွားလာခွင့် ရှိလား၊ ဒါမှမဟုတ် သူတို့ လိုက်ပို့ပေးတာတွေ ရှိလား။ ဘယ်လိုပုံစံနဲ့ သတင်းယူလို့ရပါသလဲ။

ကိုမိုးဇော်။ ။ နိုင်ငံခြားသားတွေ လာဖို့မှာကတော့ တချို့ကတော့ အကန့်အသတ်တွေရှိတယ်လို့ ကြားရပါတယ်။ အထူးသဖြင့် EU ကနေ ကိုယ်စားလှယ် ၁၉ ယောက်လာဖို့ ပြင်ဆင်ထားတာမျိုးတွေ ရှိတယ်ဆိုတာမျိုး သူတို့ ဒီ “ဝ” ဆက်ဆံရေးရုံးကနေ သတင်းကြားရတယ်။ သူတို့လာမယ့်ကိစ္စမှာ မြန်မာပြည်က နိုင်ငံခြားရေးဝန်ကြီးဌာန ကနေမှ ခွင့်ပြုချက်မရလို့ မလာဘူးလို့ ကျနော်တို့ သိရပါတယ်။ တဖက်ကတော့ နိုင်ငံခြားသားသတင်းထောက်တွေ လာဖို့မှာကတော့ တော်တော်များများ ကလည်း လာဖို့ပြင်ဆင်တဲ့အချိန်မှာ ခွင့်ပြုချက် မရဘူးလို့ သိရပါတယ်။ ဒါပေမယ့် ဒီနေ့မနက် ပန်ဆန်းမှာတော့ နိုင်ငံခြားသားသတင်းထောက် ၇ ယောက်၊ ၈ ယောက် လောက်ကို တွေ့ရတယ်။ ဆိုတော့ ဒီကိုဝင်လာတာကတော့ လာအိုဘက်ကနေ တဆင့်ဝင်လာတယ်ဆိုတဲ့ သတင်းမျိုးလည်း ကြားရပါတယ်။

ကိုဇော်ဝင်းလှိုင်။ ။ ဝပြည်နယ် ငြိမ်းချမ်းရေး နှစ် (၃၀) ပြည့် အခမ်းအနားလုပ်နေတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် မတက်ပေမယ့် ဒီအစိုးရတာဝန်ရှိသူတွေတက်တယ်လို့ ပြောလို့ရတယ်။ နောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ တချို့လည်း တက်မယ်။ လူတွေလည်း စိတ်ဝင်တစားစောင့်ကြည့်နေတယ် သတင်းမီဒီယာတွေလည်း လာတယ်ဆိုတော့ ဒါက တနိုင်ငံလုံးအတိုင်းအတာ NCA လိုမျိုး ငြိမ်းချမ်းရေး ကိစ္စတွေ အပစ်အခတ်ရပ်စဲရေးကိစ္စတွေကို ဘယ်လောက်များအထောက်အကူပြုမလဲ ၊ အဲဒီအတွက်ရော ပြောကြဆိုကြတာတွေရှိလာနိုင်သလား ဒီပွဲမှာပေါ့နော်။

ကိုမိုးဇော်။ ။ ဟုတ်ကဲ့ အဲဒီအပိုင်းမှာ လက်ရှိအခြေအနေအရဆိုရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့မှ ဆောင်ရွက်နေတဲ့သူတွေလည်း ပါဝင်လာမယ်ဆိုတော့ ဆွေးနွေးနိုင်မယ့် အနေအထားလည်း ရှိကောင်းရှိနိုင်မယ် ၊ ဒါမှမဟုတ်ရင်လည်း ငြိမ်းချမ်းရေးဆွေးနွေးတဲ့ ကိစ္စတွေကတော့ NRPC ပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကော်မရှင်ပဲဖြစ်ဖြစ် တောက်လျောက်တစိုက်မတ်မတ် ဖော်ဆောင်နိုင်ဖို့ ဆောင်ရွက်နေတယ်ဆိုတော့ ဒီပွဲမှာ မဆွေးနွေးတာလည်း ရှိကောင်းရှိနိုင်မယ်ခင်ဗျ။

နှစ်ပတ်လည်ပွဲ ပြင်ဆင်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ပန်ဆန်းမှာ သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်ကို ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG