သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

“ဝ” ဒေသကို ပြည်နယ်အဆင့် သတ်မှတ်ရေး တောင်းဆို


၀ ဒေသ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနားမှာတော့ ဝပြည်နယ်သွေး စည်ညီညွတ်ရေး ပါတီ UWSA အနေနဲ့ ၀ ဒေသဟာ ပြည်ထောင်စုကနေ ခွဲမထွက်ဘူးလို့ ကတိပြုလိုက်သလို၊ တဖက်မှာ ၀ ကိုယ်ပိုင်ခွင့်ရ ပြည်နယ်အဆင့်အထိ သတ်မှတ်ပေးဖို့ တရားဝင်တောင်းဆိုခဲ့ပါတယ်။ ဒီလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်မရမချင်းအထိ အခု လက်ရှိအနေအထား အတိုင်း လက်နက်စွဲကိုင်ထားမှာဖြစ်တယ်လို့လည်း ၀ ခေါင်းဆောင် က ပြောဆိုသွားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာတော့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုစာချုပ်ကို ပါဝင်လက်မှတ်ရေးထိုးရေးကို တိုက်တွန်းထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က ပန်ဆန်းမြို့ကနေ သတင်းပေးပို့ထားပါတယ်။

ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ် ၃၀ပြည့်အခမ်းအနားကို ပန်ဆန်းမြို့မှာ ကျင်းပခဲ့ပြီး ဒီပွဲတော်ရဲ့ အဖွင့်မိန့်ခွန်းမှာ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် သတ်မှတ်ပေးဖို့ကို UWSP ရဲ့ ဥက္ကဌ၊ UWSAရဲ့ စစ်သေနာပတိချုပ်ဖြစ်တဲ့ ဦးပေါက်ယူချန်းက သူ့ရဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။

ဘာသာစကားအခက်အခဲကြောင့် သူရဲ့ မိန့်ခွန်းကို အခမ်းအနားမှူးကနေ ဗမာဘာသာ စကားနဲ့ အခုလို ပြန်လည် ဖတ်ကြားခဲ့ပါတယ်။

မိန့်ခွန်းမှာ ပါဝင်တာကတော့

“ ဝပြည်နယ်သည် ပြည်ထောင်စုမြန်မာနိုင်ငံမှ ခွဲထုတ်လို့ မရတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်ပြီး ခွဲမထွက်ရေး၊ လွတ်လပ်ရေး မတောင်းဆိုရေးတို့ကို လေးလေးနက်နက် ကတိသစ္စာပြုခဲ့သည်။ ကျွန်တော်တို့ ၏ လိုလားချက်မှာ တိုင်းရင်းသားဇာတိမာန်နှင့် တန်းတူညီမျှရေး၊ တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ရေးဖြစ်သည်။ ပြည်ထောင်စုအစိုးရက ဝတိုင်းရင်းသားများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ် “ ဝပြည်နယ်” အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုပြီး ဤရည်မှန်းချက်ပန်းတိုင်ရောက်အောင် ကျွန်တော်တို့မှ ရာသက်ပန်ကြိုးစားအားထုတ်သွားကြမည်ဖြစ်ပြီး အထက်ပါနိုင်ငံရေးတောင်းဆိုမှု အကောင်အထည်မပေါ်ခင်ကာလတွင် ကျွန်တော်တို့သည် လက်တဖက်မှ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးအလံကို လွှင့်ထူပြီး၊ အခြား လက်တဖက်တွင် လက်နက်ဖြင့် မိမိကိုယ်ကိုကာကွယ်ရေးအလံကို လွှင့်ထူကာ လက်ရှိအနေအထား အခြေအနေကို ဆက်လက်စောင့်ထိန်းသွားကြမည်။”

ဦးပေါက်ယူချန်းရဲ့ မိန့်ခွန်းမှာ ဝပြည်နယ်တိုးတက်ဖွံ့ဖြိုးဖို့ ရုန်းကန်ကြိုးပန်းခဲ့ရတဲ့ အခြေအနေ၊ ပြည်တွင်းငြိမ်းချမ်းရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် ၆ဖွဲ့နဲ့အတူ ပူးပေါင်းဆောင်ရွက်နေတဲ့အခြေအနေနဲ့ မူးယစ်ဆေးဝါး ကင်းစင်အောင် ဆောင်ရွက်ခဲ့တဲ့အခြေအနေတွေကို ထည့်သွင်းပြောကြားခဲ့သလို ငြိမ်းချမ်းရေးကို ကာကွယ်ထိန်းသိမ်းရေးဟာလည်း ဝပြည်နယ်အစိုးရရဲ့ အခြေခံမူဝါဒတစ်ရပ်ဖြစ်ကြောင်း ပြောဆိုပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ဝအထူးဒေသ၂ ငြိမ်းချမ်းရေး တည်ဆောက်မှု နှစ်၃၀ပြည့်အခမ်းအနား လို့အမည်တပ်ပြီး သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံရဲ့ သဝဏ်လွှာကိုတော့ အခမ်းအနားကို အစိုးရကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်အဖြစ် တက်ရောက်လာတဲ့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖတ်ကြားပါတယ်။

“ ရရှိထားသော တည်ငြိမ်အေးချမ်းမှုကို ရေရှည်ခိုင်မာစွာထိန်းသိမ်းစေမည့် ပဋိပက္ခလျော့ချရေး၊ စောင့်ကြည့်ရေးနှင့် အငြင်းပွားမှုများ လျှော့ချရေးလုပ်ငန်းစဉ်များ၊ တိုင်းရင်းသား အခွင့်အရေး၊ တန်းတူညီမျှရေးနှင့်ညီညွတ်ရေးုတို့ကို ဆောင်ကျဉ်း ပေးနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲများမှာ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူ စာချုပ် Nationwide Ceasefire Agreement NCA လက်မှတ်ထိုးပြီးမှသာ ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ”

နိုင်ငံတော်အတိုင်ပင်ခံရဲ့ သဝဏ်လွှာမှာ NCA ဟာ အနှစ်သာရပြည့်ဝတဲ့ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ အတွက်ဖြတ်သန်းရမယ် တံခါးတခုဖြစ်ပြီး လမ်းဆုံးပန်းတိုင်မဟုတ်ကြောင်း၊ NCA မှာ ပါဝင်လက်မှတ်ရေးထိုးပြီးနောက်မှာလည်း NCA မှာ မပါဝင်တဲ့ ကိစ္စရပ်တွေကို အစိုးရနဲ့ ညှိနှိုင်းသဘောတူညီချက် ရယူနိုင်တယ်ဆိုတာကိုအလေးအနက်ထား အသိပေး လိုကြောင်းလည်း ဖော်ပြထားပါတယ်။

အစိုးရအနေနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - ၂၁ရာစုပင်လုံအစည်းအဝေး တွေမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ တိုင်းရင်းသားတွေပါဝင်ရေးကို စိတ်ရင်းမှန်နဲ့ ဆောင်ရွက်နေကြောင်းနဲ့ ထာဝရငြိမ်းချမ်းရေးရရှိရေးအဆင့်ကို ဆက်လက် တက်လှမ်းဖို့လည်း တိုက်တွန်းထားပါတယ်။

ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားမှာ UWSA တပ်ရင်းတပ်ဖွဲ့တွေက ဝပြည်နယ် အစိုးရအဖွဲ့ ကို ချီတက်အလေးပြုခဲ့သလို တိုင်းရင်းသားမျိုးနွယ်စုအသီးသီးကလည်း တက်ရောက်ပြီး ရိုးရာအကတွေနဲ့ ပါဝင်ဆင်နွဲခဲ့ကြပါတယ်။

ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/ UWSA ဟာ ၁၉၈၉ခုနှစ် ဧပြီလ ၁၇ရက်နေ့မှာ ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက်တည်ထောင်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးရယူခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG