သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓပုံတော်ကြော်ငြာသူ ၃ ဦး ထောင်ချခံရမှု လူ့အခွင့်အရေးအဖွဲ့တွေ ဝေဖန်


Facebook လူမှုကွန်ယက်ပေါ်မှာ နားကြပ်တပ်ထားတဲ့ ဗုဒ္ဓရုပ်ပုံကို အရက်ဆိုင်ကြော်ငြာအဖြစ် ဖြန့်ဝေအသုံးပြုခဲ့တာနဲ့ ပတ်သက်လို့ နယူးဇီးလန် နိုင်ငံသားတဦးနဲ့ မြန်မာနှစ်ဦးကို ဗဟန်းတရားရုံးက ထောင်ဒဏ် ၂ နှစ်ခွဲစီ အင်္ဂါနေ့က ပြစ်ဒဏ်ချမှတ်လိုက်တာကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဝိုင်းဝန်း ကန့်ကွက်လိုက်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို ချုပ်ချယ် ကန့်သတ်လိုက်တာ ဖြစ်တယ်လို့ အဲဒီအဖွဲ့တွေက ဝေဖန် ထောက်ပြခဲ့ကြပါတယ်။ ဒါ့အပြင် V Gastro Bar အမှုနဲ့ပတ်သက်လို့ နယူးဇီလန် နိုင်ငံခြားရေးဌာနအနေနဲ့ Philip Blackwood နဲ့ ဆက်သွယ်မှုရှိပြီး သံတမန်ရေးဆိုင်ရာ ထောက်ပံ့ကူညီမှုတွေကို ဆောင်ရွက်နေကြောင်း ဗွီအိုအေမြန်မာပိုင်းကို တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

V Gastro Bar ဆိုင် မန်နေဂျာတွေဖြစ်တဲ့ နယူးဇီလန်နိုင်ငံသား Philip Blackwood နဲ့ ဦးထွဋ်ကိုကိုလွင် အပါအဝင် ဆိုင်ပိုင်ရှင် ဦးထွန်းသူရိန်တို့ သုံးဦးအပေါ် ထောင်ဒဏ် စီရင်ချက် ချမှတ်လိုက်တာဟာ မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို ပိတ်ပင် တာဆီးလိုက်တာ ဖြစ်တယ်လို့ AI အဖွဲ့ကြီးက ဝေဖန်ထောက်ပြလိုက်ပါတယ်။

“ဒီကနေ့ တရားရုံးဆုံးဖြတ်ချက်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင် တားဆီးလိုက်တာပါ။ ရုပ်ပုံတခုကို အင်တာနက်ပေါ်မှာ တင်ခဲ့တဲ့အတွက် သူတို့သုံးဦးကို ထောင်ဒဏ် အပြစ်ပေးစီရင်ခဲ့ပါတယ်။ ဒီစီရင်ချက်ကို ချက်ခြင်း ရုပ်သိမ်းပြီး သူတို့အားလုံးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ AI အနေနဲ့ တောင်းဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုအဖြစ်အပျက်မျိုးဟာ တခုတည်းမကပါဘူး။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာ စုရုံးဆန္ဒပြခွင့် စတာတွေကို ဆက်ပြီး ကန့်သတ်ချုပ်ချယ်နေတဲ့ အခြေအနေတွေ တွေ့နေရပါတယ်။ မြန်မာအစိုးရဟာ လူ့အခွင့်အရေး ကာကွယ်သူတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေကို ဖမ်းဆီး ထောင်ချနေပါတယ်။ စာရေးဆရာ ထင်လင်းဦး အမှုကို ဥပမာအနေနဲ့ ထောက်ပြရရင် သူဟာ ဘာသာရေး စော်ကားမှု ဆိုတဲ့စွဲချက်နဲ့ ဖမ်းဆီးခံထားရတာပါ။ ဘာသာရေးကို အသုံးချပြီး ခွဲခြားဆက်ဆံတဲ့ အစွန်းရောက် အပြုအမူကို ဦးထင်လင်းဦး ဝေဖန်ဟောပြောခဲ့တာကြောင့် ဖြစ်ပါတယ်” - လို့ AI ရဲ့ မြန်မာနိုင်ငံဆိုင်ရာ သုတေသီ Laura Haigh က ပြောသွားတာပါ။

ဒါကြောင့် လူ့အခွင့်အရေးအတွက် လှုပ်ရှားဆောင်ရွက်နေသူတွေကို ဖမ်းဆီးထောင်ချမယ့်အစား အမုန်းတရား ဟောပြောချက်တွေ၊ ခွဲခြားဆက်ဆံမှုတွေကို မြန်မာအစိုးရအနေနဲ့ အရေးယူ ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်ပါတယ်လို့ Laura Haigh က ပြောပါတယ်။

အလားတူ နယူးယောက်အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ကြီးကလည်း မြန်မာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာဖြစ်တယ်လို့ HRW အာရှရေးရာတာဝန်ခံ Brad Adams က ပြောပါတယ်။

“တရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်တာကြောင့် ကျနော်တို့ စိတ်အလွန်ပျက်မိပါတယ်။ ဒီလူသုံးဦးဟာ ပြဿနာဖြစ်အောင် ရန်ထောင်ပေးတာမဟုတ်ဘဲ ဟာသအဖြစ် ပြောတာသာဖြစ်ပါတယ်။ ဒီလိုဟာသပြောဆိုနိုင်တယ်ဆိုတာကလည်း လွတ်လွပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုတဲ့ ပြဌာန်းချက်မှာ အတိအကျပြဌာန်းထားတာပါ။ ဘာသာရေးကို စော်ကားတာကြောင့် အခုလို ထောင်ဒဏ် ချမှတ်လိုက်တာဖြစ်တယ်ဆိုတဲ့ မြန်မာအစိုးရနဲ့ တရားရုံးက ပြောဆိုချက်တွေကို ကြားရတော့ ကျနော်တို့ အံသြမိပါတယ်။ မြန်မာနိုင်ငံမှာ ဘာသာခြားဖြစ်တဲ့ အစ္စလာမ်ဘာသာကို နာမည်ကြီး ဗုဒ္ဓဘာသာဘုန်းကြီးတွေကိုယ်တိုင် နေ့စဉ်နေ့တိုင်း ပုတ်ခတ် တိုက်ခိုက်ပြောဆိုနေတာတွေကို မြန်မာအစိုးရက ဘာမှအရေးမယူဘဲ ဒီအတိုင်းကြည့်နေတာပါ။ ၉၆၉ ဆိုတဲ့ အဖွဲ့ဟာဆိုရင် မူဆလင်တွေကို ခွဲခြားဆက်ဆံဖို့ အများပြည်သူကို ဟောပြောစည်းရုံးနေပြီး ဘာသာရေးပဋိပက္ခဖြစ်အောင် အကြမ်းဖက်တာတွေကိုလည်း ကျူးလွန်နေပါတယ်။ ဒါတွေကိုတော့ အစိုးရဘက်က အရေးယူ ဆောင်ရွက်တာမျိုး လုံး၀ မရှိပါဘူး။ ဒါကြောင့် ဘာသာရေးနဲ့ ပတ်သက်လို့ အစိုးရမှာ မူဝါဒ သတ်သတ်မှတ်မှတ် မရှိဘူးဆိုတာ တွေ့ရပါတယ်။”

CSW (Christian Solidarity Worldwide) လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်သွေးစည်းညီညွှတ်ရေးအဖွဲ့ကလည်း မြန်မာနိုင်ငံမှာ ဘာသာရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ယုံကြည်ပိုင်ခွင့် စတဲ့ အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ အခြေအနေတွေကို အထူးပဲ စိုးရိမ်မကင်းဖြစ်မိကြောင်းနဲ့ Philip Blackwood၊ ဦးထွဋ်ကိုကိုနဲ့ ဦးထွန်းသူရိန်တို့ သုံးဦးကို ချွင်းချက်မရှိ ချက်ခြင်း ပြန်လွှတ်ပေးဖို့ အင်္ဂါနေ့က ကြေညာချက်မှာ တောင်းဆိုထားပါတယ်။

Facebook ပေါ်မှာ ဗုဒ္ဓရုပ်ပုံနဲ့ အရက်ဆိုင် ကြော်ငြာခဲ့တဲ့ V Gastro Bar မန်နေဂျာ နယူးဇီလန်နိုင်ငံသားနဲ့ မြန်မာဆိုင်ပိုင်ရှင်၊ မန်နေဂျာတို့ သုံးဦးကို သာသနာညစ်နွမ်းစေမှု ပုဒ်မ (၂၉၅) က၊ အမိန့်ကို မလိုက်နာမှု ပုဒ်မ ၁၈၈ တို့နဲ့ ဗဟန်းတရားရုံးက မတ်လ ၁၇ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်ခွဲစီ အမိန့်ချမှတ်လိုက်တာပါ။ တရားရုံးလျှောက်လဲချက်တွေမှာလည်း သူတို့ ၃ ဦးစလုံးက ဘာသာရေးကို စော်ကားလိုတဲ့ ရည်ရွယ်ချက်နဲ့ ကြော်ငြာကို လုပ်ဆောင်ခဲ့တာ မဟုတ်ကြောင်း ထွက်ဆိုခဲ့ကြပါတယ်။ အင်္ဂါနေ့က ဗဟန်းတရားရုံးရဲ့ စီရင်ချက်နဲ့ ပတ်သက်လို့ သူတို့ ၃ ဦးလုံး အယူခံဝင်သွားမယ်လို့ အကျိုးဆောင်ရှေ့နေ ဦးမြသွေးက သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ သူကိုယ်တိုင်လည်း ဒီအမှုမှာ ရှေ့နေလိုက်ပေးခဲ့တာကြောင့် အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ ခံခဲ့ရတယ်လို့ ဦးမြသွေးက ပြောပါတယ်။

V Gastro Bar အမှုနဲ့ပတ်သက်လို့ နယူးဇီလန်နိုင်ငံခြားရေးနဲ့ ကုန်သွယ်ရေးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ဗွီအိုအေမြန်မာပိုင်းကို အီးမေးလ်ကနေ တုံ့ပြန်ရာမှာ Mr. Blackwood အပေါ် အခုလို ပြစ်ဒဏ်စီရင်ချက် ချမှတ်လိုက်တာကို နယူးဇီလန် နိုင်ငံခြားရေးဌာနက သိရှိတဲ့အကြောင်း၊ အခြားနိုင်ငံရဲ့ တရားရေးစီရင်မှု၊ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ သူတို့ ဝင်ရောက်မစွက်ဖက်နိုင်တဲ့အကြောင်း၊ ရန်ကုန်မှာရှိတဲ့ နယူးဇီလန်သံရုံးနဲ့ နိုင်ငံခြားရေးဌာနတို့ကတော့ Mr. Blackwood နဲ့ သူ့မိသားစုတို့ကို အဆက်အသွယ်ပြုလုပ်ခဲ့ပြီး သံတမန်ရေး အကြံဉာဏ်နဲ့ အထောက်အကူတွေ ပေးနေတဲ့အကြောင်း ရေးသားထားပါတယ်။

XS
SM
MD
LG