သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချက်သမ္မတဟောင်း Vaclav Havel ဒေါ်စုကို ဂုဏ်ပြုချီးမွမ်းစာပို့


ချက်သမ္မတဟောင်း Vaclav Havel ဒေါ်စုကို ဂုဏ်ပြုချီးမွမ်းစာပို့
ချက်သမ္မတဟောင်း Vaclav Havel ဒေါ်စုကို ဂုဏ်ပြုချီးမွမ်းစာပို့

နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ချက်သမ္မတနိုင်ငံ သမ္မတဟောင်း Vaclav Havel က သူ့လိုပဲ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဆီကို စာတစောင်ရေးသားခဲ့ပြီး အဲဒီစာကို ချက်သတင်းသမားနှစ်ဦး ရန်ကုန်မြို့ကိုရောက်တဲ့အချိန်မှာ ပေးပို့ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အဲဒီသတင်းသမားတွေ တွေ့ဆုံမေးမြန်းခဲ့ကြပါတယ်။ အသေးစိတ်ကိုတော့ မမိုးဖြူက တင်ပြထားပါတယ်။

မြန်မာနိုင်ငံလိုပဲ အာဏာရှင်စနစ်လက်အောက်ကနေ ဒီမိုကရေစီရအောင် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ ချက်နိုင်ငံ သမ္မတဟောင်း နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် Vaclav Havel က သူ့ရဲ့ ရောင်းရင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီး မြန်မာပြည်သူတွေနဲ့အတူ မဆုတ်မနစ်တဲ့ ဇွဲလုံ့လနဲ့ နိုင်ငံရဲ့ ဒီမိုကရေစီအရေး ဆက်ပြီးဆောင်ရွက်နေတာကို ဝမ်းသာယုံမက လေးစားဂုဏ်ပြုတဲ့အကြောင်း စာတစောင် ရေးသားပေးပို့လိုက်ပါတယ်။ အဲဒီဟာနဲ့ ပတ်သက်လို့ ချက်နိုင်ငံက မြန်မာနိုင်ငံ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအဖွဲ့ ညှိနှိုင်းဆောင်ရွက်ရေးမှူး Kristina Prunerova က အခုလို ပြောပါတယ်။

“အဲဒီစာထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကိုလည်း တဆက်တည်း တောင်းဆိုပါကြောင်းနဲ့ ဘယ်လို ခက်ခဲတဲ့အာဏာရှင်စနစ်မျိုးအောက်မှာ ဖြစ်ပါစေ အခုလို အကြမ်းမဖက် တွေ့ဆုံဆွေးနွေးရေးလုပ်ငန်းဟာ မုချအောင်မြင်မှုရမယ်လို့ ယုံကြည်ကြောင်း ရေးသားဖော်ပြထားတယ်လို့ သိရပါတယ်။”

ချက် ရုပ်မြင်သံကြားနဲ့ Weekly Respect အပတ်စဉ်သတင်းစာတွေက သတင်းထောက် နှစ်ဦးဖြစ်တဲ့ ပါဗဲလ်ဗွန်ဒရာ နဲ့ နာဒါစထွာကိုဗာ တို့က ရန်ကုန်မြို့ကို ရောက်ရှိစဉ်မှာ ကိုယ်တိုင်ပေးပို့ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမေးမြန်းမှုလည်းလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း မြန်မာ့ဒီမိုကရေစီအရေး ကြိုးပမ်းဆောင်ရွက်တဲ့အပေါ်မှာ ချက်ရီပါ့ပလစ်နိုင်ငံက နှစ်ပေါင်းများစွာ အစဉ်တစိုက် ထောက်ခံအားပေးမှုတွေကို အလေးအနက် ကျေးဇူးတင်ပါတယ်လို့ တုံ့ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အဲဒီသတင်းသမား နှစ်ယောက်ဟာ ၁၉၈၉ ခုနှစ်မှာ ချက်ပြည်သူတွေရဲ့ ဒီမိုကရေစီရရှိဖို့ ဆင်နွှဲခဲ့တဲ့ ပြည်သူ့အုံကြွမှုကြီးအပြီးကစလို့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေအကြောင်းကို ၁၉၉၀ ပြည့်နှစ်တွေကတည်းက တောက်လျှောက်ဆိုသလို ချက်နိုင်ငံနဲ့ နိုင်ငံတကာ သတင်းစာမျက်နှာတွေပေါ်မှာ ရေးသားတင်ပြနေကြသူတွေ ဖြစ်တယ်လို့ Kristina Prunerova က ပြောပါတယ်။

“မကြာသေးခင်က ရွေးကောက်ပွဲ အခြေအနေတွေနဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု အပါအဝင် မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ ပတ်သက်ရင် ချက်နိုင်ငံ သတင်းမီဒီယာက အမြဲတက်ကြွပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံနဲ့ ချက်နိုင်ငံတို့မှာ ရေမြေသဘာဝ၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ မတူကွဲပြားတဲ့ တိုင်းရင်းသားတွေနဲ့ နိုင်ငံဖွဲ့စည်းထားပုံတွေမှာ ခြားနားကြပေမဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းစွာ ရင်ဆိုင်ပြီး ပြုပြင်ပြောင်းလဲမှု လုပ်ရမယ်ဆိုတာကို ယုံကြည်ပုံချင်း တူညီကြပါတယ်။ မကြာသေးခင်က ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက် မြန်မာနိုင်ငံမှာ လူမှုအခြေပြု အဖွဲ့အစည်းတွေနဲ့ ဒီမိုကရေစီအင်အားစုတွေ အပါအဝင် တနိုင်ငံလုံး စုစုစည်းစည်းနဲ့ ရှေ့ဆက်လုပ်ရမယ့် အလုပ်တွေကို အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့ ခွန်အားတွေ ပိုရှိလာကြပြီလို့လည်း ကျမတို့က ယုံကြည်ပါတယ်။”

ချက်ရီပါပလစ် နိုင်ငံဟာ ၁၉၉၀ ခုနှစ်တွေကစပြီး မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို တစိုက်မတ်မတ် ထောက်ခံအားပေးပြီး အဲဒီအချိန်က သမ္မတ Haval က ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၁ ခုနှစ် နိုဘဲလ် ငြိမ်းချမ်းရေးဆု ရွေးချယ်ရေးအတွက် အမည်စာရင်း တင်သွင်းခဲ့သူလည်း ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ချက်သတင်းသမား နှစ်ဦး တွေ့ဆုံမေးမြန်းခန်းကို လာမယ့် တနင်္ဂနွေနေ့ ဒီဇင်ဘာလ ၅ ရက်နေ့မှာ ချက်ပြည်သူတွေအတွက် ချက် ရုပ်မြင်သံကြား အစီအစဉ်ကနေ ထုတ်လွှင့်ပေးမှာဖြစ်ပြီး Weekly Respect အပတ်စဉ် သတင်းစာမှာလည်း လာမယ့် တနင်္လာနေ့ကစလို့ ဖော်ပြပေးသွားမယ်လို့ သိရပါတယ်။

XS
SM
MD
LG