သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားမှာဖမ်းခံရတဲ့ အမေရိကန်နိုင်ငံသား ပြန်လည်လွတ်မြောက်


 Joshua Holt နှင့် သမ္မတ Donald Trump
Joshua Holt နှင့် သမ္မတ Donald Trump

ဗင်နီဇွဲလားနိုင်ငံမှာ ၂၀၁၆ ခုနှစ် နွေရာသီ ကတည်းက ထောင်ကျခဲ့တဲ့ အသက် ၂၆ နှစ် အရွယ် Joshua Holt ပြန်လည် လွတ်မြောက်လာခဲ့ပြီး သူလွတ်မြောက်ရေး အတွက် ဆောင်ရွက်ပေးခဲ့ကြသူတွေကို အထူးဘဲ ကျေးဇူးတင်ပါကြောင်း မနေ့ စနေနေ့က အိမ်ဖြူတော်မှာ သမ္မတ Donald Trump ကို ပြောဆိုခဲ့ပါတယ်။

Hold ကိုလည်း သတ္တိကောင်းလှကြောင်း သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။ Holt နဲ့ ဗင်နီဇွဲလား နိုင်ငံသား ဇနီးဖြစ်သူ Thamara Candelo တို့ မနေ့ စနေ့က သူတို့ လွတ်မြောက်ရေး ကူညီညှိနှိုင်းပေးသူ အထက်လွှတ်တော် အမတ် Bob Corker နဲ့ အတူ အမေရိကန်ကို ပြန်လည် ရောက်ရှိလာတာပါ။ မိုမန် ခရစ်ယာန် သာသနာပြု တဦး ဖြစ်ခဲ့သူ Holt က Candelo ကို လက်ထပ်ဖို့ အတွက် ၂၀၁၆ ခုနှစ် ဇွန်လမှာ ဗင်နီဇွဲလားကို သွားရောက်ခဲ့တာပါ။ ဒါပေမယ့် သူတို့နေတဲ့ အိမ်ယာ အဆောက်အအုံဝင်းကို ရဲက ဝင်ရောက်စီးနင်းမှုမှာ တိုက်ခိုက်ရေးသုံး သေနတ်တလက်နဲ့ ဗုံးတွေ တွေ့ခဲ့ပြီးနောက်မှာ သူတို့ စုံတွဲကို ရဲက ဖမ်းခဲ့တာပါ။ လက်နက်တွေ သိုဝှက်ထားမှု စွဲချက်ကို သူတို့နှစ်ဦးက ငြင်းဆိုခဲ့ပါတယ်။ Holt ရဲ့ နေရပ် Utah ပြည်နယ်ရဲ့ ကိုယ်စားပြု အထက်လွှတ်တော် အမတ် Orrin Hatch ကလည်း Holt လွတ်မြောက်ရေး အတွက် ပြီးခဲ့တဲ့ ၂ နှစ်တာ သူကြိုးစားဆောင်ရွက်ခဲ့ကြောင်း၊ Holt လွတ်မြောက်လာပြီး ဇနီးသည်နဲ့ ပြန်လည် ပေါင်းစည်းနိုင်ခဲ့မှု အတွက် ဝမ်းသာ ဂုဏ်ယူမဆုံး ဖြစ်ရကြောင်း တွစ်တာမှာ ရေးသားခဲ့ပါတယ်။ သူတို့ လွတ်မြောက်ရေး အတွက် ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကတ်စ်မှာ ဗင်နီဇွဲလား သမ္မတ Nicolas Maduro နဲ့ ပြီးခဲ့တဲ့ သောကြာနေ့က တွေ့ဆုံခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီ ဥက္ကဌ Bob Corker ကိုလည်း ကျေးဇူးတင်ပါကြောင်း အထက်လွှတ်တော် အမတ် Hatch က ရေးသားခဲ့တာပါ။ ဗင်နီဇွဲလားနိုင်ငံကနေ Holt လွတ်မြောက်လာပေမယ်လို့လည်း ဗင်နီဇွဲလား အပေါ်ထားတဲ့ အမေရိကန်ရဲ့ မူဝါဒ မပြောင်းလဲဘူးလို့ အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရရုံးက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG