သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ဒုသမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ တွေ့ဆုံမှုအပေါ် မြန်မာသံအမတ်ကြီးအမြင်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဝဲ)၊ အမေရိကန်ဒုသမ္မတ Mike Pence (ယာ)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် (ဝဲ)၊ အမေရိကန်ဒုသမ္မတ Mike Pence (ယာ)

ဗုဒ္ဓဟူးနေ့က စင်္ကာပူနိုင်ငံမှာ အမေရိကန်ဒုသမ္မတ Mike Pence နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ သီးသန့်တွေ့ဆုံဆွေးနွေးမှုအပေါ်မှာ ဝေဖန်သုံးသပ်ချက် အမျိုးမျိုးရှိနေပေမယ့် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းကတော့ နှစ်နိုင်ငံချစ်ကြည်ရေး အတွက် ပြေပြေလည်လည် ဆွေးနွေးညှိုနှိုင်းအဖြေရှာမှုဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

ရိုဟင်ဂျာအကျပ်အတည်းကြောင့် နိုင်ငံတကာဖိအားပေးမှုတွေ အပြင်းအထန်ခံနေရချိန်မှာ အမေရိကန်နဲ့ဆက်ဆံရေးကောင်းမွန်ရေး မြန်မာဘက်ကလိုလားနေပြီး အခုလို အမေရိကန်အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ကြိုးစား လာတာဖြစ်တယ်လို့ သုံးသပ်ချက်တွေ ရှိနေပါတယ်။

မအင်ကြင်းနိုင်က အကြောင်းစုံကို ဆက်လက်တင်ပြမှာပါ။

အာဆီယံ ခေါင်းဆောင်တွေနဲ့ မိတ်ဖက်နိုင်ငံတွေက ခေါင်းဆောင်တွေ ဆွေးနွေးပွဲပြုလုပ်နေတဲ့ စင်္ကာပူနိုင်ငံမှာ နိုဝင်ဘာလ (၁၄) ရက်နေ့က အမေရိကန်ဒုသမ္မတ Mike Pence နဲ့နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ သီးသန့်တွေ့ဆုံခဲ့ရာမှာ ဒီဆွေးနွေးပွဲဖြစ်ဖို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က စတင်ကမ်းလှမ်းခဲ့တဲ့အတွက် ကျေးဇူးတင်ပါကြောင်း ဒုသမ္မတ Mike Pence က အခုလို ဆွေးနွေးပွဲ အစမှာ ပြောသွားပါတယ်။

“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကို ကျေးဇူးတင်ပါတယ်။ အခုလို တွေ့ဆုံဖို့ ကမ်းလှမ်းခဲ့တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။ အရေးပါလှတဲ့ မြန်မာနဲ့ အမေရိကန် မိတ်ဖက်နှစ်နိုင်ငံကြား ဆက်ဆံရေးနဲ့ ပတ်သက်လို့ တွေ့ဆုံပြောကြားခွင့်ရတာ တကယ့်ကို ကောင်းမွန်ပါတယ်။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်း၊ သာယာဝပြောပြီး အောင်မြင်တဲ့ လူမှုအဖွဲ့အစည်းရှိလာဖို့နဲ့ သတင်းလွတ်လပ်ခွင့် ရှိဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ လိုလားပါတယ်။ မြန်မာ့ ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုမှာ တိုးတက်မှုတွေကို ကြားရဖို့ ကျနော်မျှော်လင့်ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံကို ကိုယ်စားပြုပြိး ကြိုးပမ်းအားထုတ်မှုတွေကိုအမေရိကန်ပြည်ထောင်စုအနေနဲ့ ဘယ်လိုပံ့ပိုးကူညီပေးရမလဲဆိုတာလဲ သိချင်ပါတယ်။”

ဒီမတိုင်ခင်မှာလည်း အမေရိကန်သမ္မတ Donald Trump အစိုးရနဲ့ တခါမှ မတွေ့ရသေးတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုအတွက် သမ္မတ Trump ဒါမှမဟုတ် အစိုးရပိုင်းက အဆင့်မြင့် ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ စိတ်အားထက်သန်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းက အမေရိကန် Fox သတင်းဌာနကို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းက ပြောကြားခဲ့ပါတယ်။ အခုလို စင်္ကာပူနိုင်ငံမှာ ဒုသမ္မတ Mike Pence နဲ့ နိုင်ငံတော်အတိုင်ပင်ခံတို့ တွေ့ဆုံမှုကတော့ နှစ်နိုင်ငံ ဆက်ဆံရေးပြေလည်မှုအထောက်အကူပြုဖို့ အပြန်အလှန်ဆွေးနွေး တာဖြစ်တယ်လို့ သံအမတ်ကြီး ဟောက်ဒိုဆွမ်းက ပြောပါတယ်။

“နှစ်နိုင်ငံမှာတော့ဗျာ။ သူ့စိုးရိမ်ချက်၊ ကိုယ့်စိုးရိမ်ချက်တွေကတော့ ပြောကြတာပေါ့ဗျာ။ ကိုယ့်ဘက်က အခြေအနေတွေရှိသလို၊ သူ့ဘက်ကလည်း သူ့အခြေအနေသူရှိတာပဲ။ ဒါကတော့ နှစ်ဖက် နားထောင်ရမှာပေါ့။ ပြဿနာဆိုတာမရှိဘူးဆိုတဲ့ နိုင်ငံမျိုး မရှိပါဘူး။ ဒီလိုပဲ တယောက်နဲ့ တယောက် ဆွေးနွေးအဖြေရှာကြတာဖြစ်ပါတယ်။ အဓိကကတော့ နှစ်နိုင်ငံ ချစ်ကြည်ရေးမှာ ပြေပြေလည်လည် ဆွေးနွေးညှိုနှိုင်းပြီး ပြောဆိုကြဖို့ အဓိကပါပဲ။”

AI နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးရဲ့ အာရှပစိဖိတ်ဆိုင်ရာ တာဝန်ခံ Francisco Bencosme ကတော့ ခေါင်းဆောင်နှစ်ဦးမှာ အမေရိကန်ဒုသမ္မတရဲ့ ပြောဆိုချက်က အပြုသဘောဆောင်တာတွေ့ရတယ်လို့ အခုလို သုံးသပ်ပါတယ်။

“ဒုသမ္မတ Mike Pence အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး အလေးပေးပြောသွားတဲ့အချက်တွေဟာ သိပ်ကို အပြုသဘောဆောင်ပါတယ်။ တာဝန်ခံမှု အပိုင်းကို အသာပေးပြောဆိုသွားတာ၊ ဒုက္ခသည်တွေနေရပ်ပြန်ပို့ရေး စိုးရိမ်မကင်းဖြစ်မှုနဲ့ အကျဉ်းထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကိစ္စ တွေကို ဒုသမ္မတ အနေနဲ့ အဓိကထား ပြောသွားတာဟာ အပြုသဘောဆောင်တယ်လို့ ကျနော်မြင်ပါတယ်။”

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဘက်က တုန့်ပြန်ပြောဆိုခဲ့တဲ့အချက်တွေကတော့ စိုးရိမ်ဖွယ်ရာကောင်းတယ်လို့ Francisco Bencosme ကမြင်ပါတယ်။

“ဒုသမ္မတရဲ့ စိုးရိမ်မှုတွေကို ဒေါ်အောင်ဆန်းစုကြည်ဘက်က လုံးဝပယ်ချခဲ့ပြီး ကိုယ့်နိုင်ငံရဲ့ ပြဿနာကို အခြားနိုင်ငံတွေထက် ကျမတို့က ပိုပြီးသိပါတယ်လို့ တုန့်ပြန်ပြောသွားပုံမျိုးဟာ တကယ့်ကို စိုးရိမ်မှုတွေ ဖြစ်ပေါ်စေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အကြမ်းဖက်ဖိနှိပ်မှုတွေ ကိုယ်တိုင်ခံခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ တခါမှ တွေ့ဆုံတာမျိုး မရှိခဲ့သလို၊ Cox’s Bazar ဒါမှမဟုတ် ရခိုင်ပြည်နယ်မြောက်ပိုင်းကို သူကိုယ်တိုင် သွားပြီး ဖိနှိပ်မှုတွေ ရင်ဆိုင်ခဲ့ရတဲ့ လူအများအပြား ဒါမှမဟုတ် လူမှုအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ မေးမြန်းပြောဆိုဖို့ မလုပ်ခဲ့ပါဘူး။ ဒါကြောင့်လည်း သူ့နိုင်ငံမှာ ဘာတွေဖြစ်နေသလဲဆိုတာ သူအသေအချာ မသိဘူးဖြစ်နေပါတယ်။”

ဒီအချက်တွေဟာ သူ့ကို ပေးအပ်ချီးမြှင့်ထားတဲ့ AI အဖွဲ့ကြီးရဲ့ အမြင့်ဆုံးလူအခွင့်အရေးဆုဖြစ်တဲ့ နိုင်ငံတကာ ယုံကြည်ချက်ဆိုင်ရာ ဂုဏ်ထူးဆောင် သံတမန်ဆုကို ဒီသတင်းပတ်အစောပိုင်းက ပြန်ပြီးရုပ်သိမ်းခဲ့တဲ့ အကြောင်းအရင်းတွေထဲက တစိတ်တပိုင်းဖြစ်တယ်လို့လည်း Francisco Bencosme ကဆိုပါတယ်။

ဒါပေမယ့်လည်း ဒုသမ္မတ Mike Pence နေထိုင်တဲ့ အင်ဒီယားနားပြည်နယ်က မြန်မာဒုက္ခသည်အရေး ဆောင်ရွက်နေတဲ့ ဒေါက်တာရိုဒင်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တုန့်ပြန်ပြောဆိုမှုမဟာ စစ်တပ်သြဇာရှိတဲ့ မြန်မာနိုင်ငံမှာ အရပ်သားခေါင်းဆောင်တဦးအနေနဲ့ ပြောသင့်ပြောထိုက်တဲ့ စကားဖြစ်တယ်လို့ မြင်မိကြောင်း ဗွီအိုအေကို အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံ အခြေခံဖွဲ့စည်းပုံဥပဒေအရ သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တွေက စစ်တပ်ပေါ်မှာ ဘယ်လိုမှ လွှမ်းမိုးမှုမရှိဘူး။ အမိန့်ပေးပိုင်ခွင့်လည်း မရှိဘူး။ ဒါက စစ်တပ်ရဲ့ လူမဆန်တဲ့ ရက်စက်တဲ့ ပြစ်မှုကျူးလွန်မှုတခုလို့ ကျနော်မြင်တယ်။ အဲဒီအခြေအနေမှာ အမေရိကန်အစိုးရ သဘောထားကို ဒုသမ္မတ Mike Pence ကတင်ပြပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ပြောလိုက်တာပဲဖြစ်တယ်။ အဲဒီကိစ္စမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘာမှ တုန့်ပြန်ဖြေရှင်းနိုင်ဖို့လည်း မရှိဘူးလို့ ကျနော်မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောဆိုခဲ့တဲ့ ဖြေရှင်းပုံ ဖြေရှင်းနည်း တုန့်ပြန်ပုံကတော့ တော်တော်သင့်တော်တယ်လို့ပဲ ကျနော်သုံးသပ်ပါတယ်။”

မနေ့က ခေါင်းဆောင်နှစ်ဦး ဆွေးနွေးပွဲအတွင်းမှာလည်း မြန်မာနိုင်ငံက ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေဟာ လက်သင့်ခံနိုင်ဖွယ်မရှိဘူးလို့ အမေရိကန် ဒုသမ္မတ Mike Pence ကပြင်းပြင်းထန်ထန်ပြောဆိုသွားပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဘက်ကတော့ မြန်မာနိုင်ငံ အနေနဲ့ နိုင်ငံမှာ ဘာတွေ ဖြစ်နေတာလဲ ဆိုတာကို တခြားသူတွေထက် ပိုပြီး နားလည်ကြောင်း တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အစွန်းရောက်အုပ်စုကို လိုက်လံရှင်းလင်းရာမှာ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုပြီး အမေရိကန်နဲ့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက ဝေဖန်ပစ်တင်ထားပြီး၊ ကျုးလွန်သူတွေကို စုံစမ်းဖော်ထုတ်ဖို့လည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG