သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗစ်တိုးရီးယားအမှု အမှန်ပေါ်ပေါက်နိုင်မလား


Victoria
Victoria

ဗစ်တိုးရီးယားအမှု ကိုင်တွယ်နေတဲ့ အစိုးရဥပဒေအရာရှိတွေရဲ့ ဆောင်ရွက်ချက်တွေကိုကြည့်ရင် အမှုမှန် ပေါ်ပေါက်ရေးအတွက် သံသယများစွာဖြစ်စေကြောင်း အမှုဖြစ်စဉ်ကို စောင့်ကြည့် နေတဲ့ မြန်မာ့ ဥပဒေရေးရာ ကျွမ်းကျင်သူတဦးကပြောပါတယ်။နိုင်ငံတဝှမ်း ပြည်သူအများ စိတ်ဝင်တစား စောင့်ကြည့်နေတဲ့ ဗစ်တိုးရီးယားအမှုမှာတရားခံအမှန်ကို ဖေါ်ထုတ်နိုင်မှုမရှိဘူးဆိုရင် သက်ဆိုင် ရာတာဝန်ရှိသူတွေ တာဝန်ခံရမှာဖြစ်တယ်ဆိုတဲ့ သမ္မတရဲ့ ညွန်ကြားချက်ကို မနေ့ သောကြာ နေ့က နေပြည်တော်သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကပြောဆိုခဲ့ပါတယ်။

မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

နေပြည်တော်က မူလတန်းကျောင်း တကျောင်းမှာ အသက် သုံးနှစ်အရွယ် မူကြိုကျောင်းသူ တဦး ကျောင်းတွင်းအဓမ္မပြုကျင့်ခံရတဲ့ အမှုကို မှန်မှန်ကန်ကန် စစ်ဆေးစီရင်နိုင်မှုမရှိရင် သက်ဆိုင်ရာ တာဝန်ရှိသူတွေ တာဝန်ခံရမှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက သြဂုတ်လ

(၁၆) ရက်နေ့ နေပြည်တော် သမ္မတအိမ်တော်မှာ နှစ်ပတ်တကြိမ် ပြုလုပ်တဲ့ သတင်းစာရှင်းလင်း ပွဲ အတွင်း အခုလိုပြောကြားခဲ့ပါတယ်။

“သမ္မတရုံးရဲ့ မူဝါဒ သဘောထားကတော့ အမှုမှန် ဖော်ထုတ်ရေးပေါ့နော်- အဲဒါကို အလေးထားပြီး ဆောင်ရွက်ဖို့ဖြစ်တယ်။ တကယ်လို့ အမှုမှန်၊ တရားခံအမှန် မဖော်ထုတ်နိုင်ဘူးဆိုရင် သက်ဆိုင်တဲ့ တာဝန်ရှိတဲ့လူတွေ တာဝန်ယူမှု တာဝန်ခံမှု ယူရလိမ့်မယ်။ အဲဒါလည်း ကျနော်တို့ ပြတ်ပြတ်သားသား ပြောထားပြီး ဖြစ်တယ်။ နောက် ဒုတိယအချက်ကတော့ ဒီကာလမှာ ဒီကိစ္စက တရားရုံးမှာ စစ်ဆေး စီရင်နေတဲ့ကိစ္စဖြစ်တဲ့အတွက် ကျနော်တို့ အုပ်ချုပ်ရေးအနေနဲ့ တစုံတရာ ပြောစရာမရှိဘူး။ ပြောမှာလည်း မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးကဏ္ဍ သီးခြားစီ အတတ်နိုင်ဆုံး ပိုင်းခြားကျင့်သုံးတာဖြစ်တယ်။ ဖြစ်တဲ့အတွက် တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေအပေါ်မှာ တစုံတရာ လွှမ်းမိုးနိုင်တဲ့ဟာတွေ မရှိအောင် ကျနော်တို့ ဂရုစိုက်ရပါတယ်။ အမှုနဲ့ဆက်နွယ်တဲ့လူတွေ တိမ်းရှောင်တာတို့၊ ထွက်ပြေးတာတို့ မဖြစ်ဖို့ကတော့ ရဲတပ်ဖွဲ့က အာမခံထားပြီး ဖြစ်ပါတယ်။”

အဓ္ဓမပြုကျင့်ခံရသူဟာ သုံးနှစ်အရွယ် ကျောင်းသူလေးဖြစ်နေတဲ့အတွက် သူ့ရဲ့နာမည်ရင်းမသုံးပဲ နာမည်ဝှက်အဖြစ်ပေးထားတဲ့ ဗစ်တိုးရီးယားရဲ့ အမှုကို ကိုင်တွယ်နေတဲ့ အစိုးရရှေ့နေတွေဘက်ကတော့ အမှုမှန် ပေါ်ပေါက်ရေး ကြိုးပမ်းဆောင်ရွက်တာမျိုး မတွေ့ရဘူးလို့ ဟောင်ကောင်အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင်ရဲ့ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

“ဥပဒေအရာရှိဖြစ်တဲ့လူ ကိုယ်တိုင်ကိုက ရှေ့ ပေါ်ပေါက်ချက်တွေအရ ဘယ်လို အရေးယူသင့်တယ်၊ ဘာဖြစ်သင့်တယ်ဆိုတာကို ပြောရမယ့်အစား သက်သေအဖြစ် ထွက်ဆိုတဲ့သူကသာ ပထမ ရုံးချိန်းမှာ နှင်းနုကို နောက်တိုးတရားခံအဖြစ် တင်သွင်းဖို့အတွက် လျှောက်ထားတာ ကျနော်တို့ တွေ့ရတယ်။ အခင်းဖြစ်တဲ့နေရာဒေသကို စစ်ဆေးကြည့်ရှုဖို့အတွက် တင်ပြတာတွေကို ကျနော်တို့ တွေ့ရတယ်။ ဒါတွေက အမှန်ဆိုလို့ရှိရင် ဥပဒေအရာရှိ ကိုယ်တိုင်ကိုက နဂိုတည်းကိုက လုပ်ရမယ့် ကိစ္စဖြစ်တယ်။ နောက်ပြီးတော့ ဒုတိယရုံးချိန်းရောက်တဲ့အခါ ဖခင်ဖြစ်သူက ဗွီဒီယို မှတ်တမ်းယူထားတဲ့ဟာကို သက်သေခံ တင်သွင်းတယ်။ တင်သွင်းတဲ့အခါမှာလည်း ဒီသက်သေခံက တင်သွင်းပြီးသားဖြစ်တဲ့အတွက် လက်မခံသင့်ဘူးဆိုတဲ့ စကားမျိုး ပြောတဲ့အခါကျတော့ ကျနော်တို့ တော်တော် အံ့သြတယ်။ ဒါကြောင့် ဥပဒေအရာရှိတွေကလည်း ဒီအမှုမှာ အတိုင်းအတာ တခုအထိ အမှန်တရား မပေါ်ပေါက်အောင် ဖုံးကွယ်နေတယ်လို့ ကျနော်တို့သံသယရှိတယ်။”

အခုနောက်ဆုံး တရားရုံးချိန်မှာ တရားလိုတွေဘက်က သက်သေအဖြစ် ဖုန်းနဲ့အတူ အဲဒီထဲမှာပါနေတဲ့ ဗီဒီယိုင်ဖိုင်နှစ်ခုကို တင်ပြနိုင်အောင်နဲ့ အစိုးရရှေ့နေဘက်က ကန့်ကွက်မှုရှိနေပေမယ့် တရားသူကြီးဘက်က သက်သေခံ ဖုန်းနဲ့ အဲဒီထဲရှိနေတဲ့ ဗီဒီယိုနှစ်ခုကို လက်ခံအောက် လုပ်နိုင်ခဲ့တဲ့ တရားလို ဗစ်တိုးရီးယားရဲ့ မိဘနှစ်ဦး ရှေ့နေ ဒေါ်ရွက်နုအောင်ရဲ့ ဆောင်ရွက်ချက်ဟာ မှန်ကန်ကြောင်း ဦးမင်းလွင်ဦးကပြောပါတယ်။

“တရားလိုဘက်က လိုက်ပါဆောင်ရွက်တဲ့ ဒေါ်ရွက်နုအောင်ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံ၊ အကြံပေးပုံ၊ တင်ပြပုံ စတာတွေကို တရားလိုရဲ့သက်သေတွေက လိုက်နာဆောင်ရွက်တဲ့အတွက် အခုလိုမျိုး ထင်သာ မြင်သာ ဖြစ်လာတယ်လို့ ကျနော်တို့ကတော့ မြင်ပါတယ်။”

သြဂုတ်လ (၁၄) ရက်နေ့က နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးချိန်းမှာ ဗစ်တိုးရီးယားဖခင်ကိုယ်တိုင် ထွက်ဆိုခဲ့ပြီး သူကိုယ်တိုင် တင်သွင်းခဲ့တဲ့ ဗီဒီယိုဖိုင်တွေဟာ အမှုမှန်ပေါ်ပေါက်ရေးအတွက် ၁၀၀% အရေးပါကြောင်း တရားခံအဖြစ် စွပ်စွဲခံထားရတဲ့ ကျောင်းကားဒရိုင်ဘာ အောင်ကြီးရဲ့ ရှေ့နေ ဒေါ်စုဒါလီအောင်ကလည်း တရားရုံးချိန်းအပြီး သတင်းထောက်တွေကို အခုလိုပြောခဲ့ပါတယ်။

“အမှုမှန် ပေါ်ပေါက်ဖို့လည်း ၁၀၀ % ယုံတယ်။ ပေါ်တော့မယ်လို့ ထင်တယ်။ ဓာတ်ပုံ ၅ ပုံ ချပြတယ်။ တပုံက နှင်းနု၊ တပုံက ကိုကို၊ တပုံက ညီညီ၊ နောက်တပုံက အောင်ကြီး-ပေါ့နော်၊ နောက်တပုံကတော့ ကိုကိုရယ်၊ ညီညီရယ် ပါတဲ့ပုံ။ အကုန်လုံး ၅ ပုံကို ချပြတဲ့အခါ ကလေးက အဲဒီ ၅ ပုံထဲကမှ အောင်ကြီးကို မသိဘူးလို့ ပြောတယ်။ ကိုကိုနဲ့ညီညီကိုတော့ မီးမီးကို ---- ဒီကိုကိုနဲ့ညီညီလ ို့ ပြောတယ်။ သူ့ကို သတ်ပစ်ချင်တယ်- ဘာညာနဲ့ ခဲတံတွေ ဘာတွေနဲ့ထိုးတယ်။ ဖေဖေ ခြေထောက်နဲ့ကန်ပေး-ပေါ့ ဒါမျိုးပြောတယ်။ သူ့ရဲ့ ဗွီဒီယိုဖိုင်ထဲမှာတေ့ာ အဲဒါတွေ တွေ့ရတယ်။”

၂၀၁၉ခုနှစ် မေလ (၁၆)ရက်နေ့က ဗစ်တိုးရီးယားကို သူ့ရဲ့မူကြိုကျောင်းမှာ အတင်းအဓမ္မပြုကျင့်ခဲ့ သူတွေနဲ့ ပတ်သက်လို့ စွပ်စွဲချက်တွေ ကွဲလွဲနေရာမှာ ဖခင်ဖြစ်သူရဲ့ လက်ကိုင်ဖုန်းနဲ့ ရို က်ထားတဲ့ ဗစ်တိုးရီးယားကိုယ်တိုင် ရှင်းရှင်းလင်းလင်း ထွက်ဆိုချက်အရ Wisdom Hill မူကြိုကျောင်းက ကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်ရဲ့ သားနှစ်ဦးဖြစ်တဲ့ (ကိုကို၊ ညီညီ) တို့ဖြစ်တယ်လို့ တရားလိုရှေ့နေတွေက ပြောပါတယ်။ ဒါပေမဲ့လည်း ရဲတပ်ဖွဲ့ ဘက်က အရင်က တရားရုံးကို တင်သွင်းထားတဲ့ စက္ကန့်ပိုင်းလောက်ပဲကြာတဲ့ ဗီဒီယိုထဲမှာတော့ စီစီတီဗီထဲမှာ သဲသဲ ကွဲကွဲမြင်လို့မရတဲ့ ကျောင်းကားဒရိုင်ဘာ အောင်ကြီးရဲ့ပုံကို ဗစ်တိုးရီးယားက လက်ညှိုးထိုး ပြထားတယ်လို့ ဆိုပါတယ်။

လာမယ့် ရုံးချိန်းကိုတော့ သြဂုတ်လ (၂၈) ရက်မှာ ချိန်းဆိုထားပြီး ဗစ်တိုးရီးယားရဲ့ အဘွားနဲ့ မူလတန်း ကျောင်းက စီစီတီဗီမှတ်တမ်းတွေကို ရဲတပ်ဖွဲ့ဆီအပ်နှံခဲ့တဲ့ ကိုရန်နောင်ဌေးတိ့ိုကိုစစ်ဆေးမှာဖြစ် ပါ တယ်။ လက်ရှိ Wisdom Hillကျောင်းကို ခွင့်ပြုချက်မရပဲနဲ့ ဖွင့်ထားတဲ့အတွက် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်မှာ ဖြစ်သလိုကျောင်းလည်း ပိတ်ထားရမှာဖြစ်ကြောင်း သမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးက ဇူလိုင်လ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG