ဗီယက်နမ် ကမ်းလွန်ဒေသက ပိုင်နက် အငြင်းပွါးနေတဲ့ နေရာမှာ တရုတ်က အစိုးရပိုင် ရေနံတူးစင်ကြီးတခု လာရောက် တည်ဆောက်တာကို တရားစွဲဆိုမယ်လို့ ဗီယက်နမ် ဝန်ကြီးချုပ် Nguyen Tan Dung ကခြိမ်းခြောက်လိုက်ပါတယ်။
အခုလို ရေနံတူးစင်လာရောက်ချထားတာကို တုန့်ပြန်တဲ့အနေနဲ့ တရားစွဲဆို အရေးယူတာ အပါအဝင် နယ်မြေ ကာကွယ်ရေး အတွက် နည်းမျိုးစုံသုံးဖို့ စဉ်းစားနေတယ်လို့ ဝန်ကြီးချုပ်က သတင်းထောက်တွေကို အီးမေးလ်နဲ့ ကြေညာချက်ပေးပို့ခဲ့ပါတယ်။ ပင်လယ်နက် ရေနံတူးစင်နားမှာ တရုတ်နဲ့ ဗီယက်နမ်နိုင်ငံတွေက သင်္ဘောတွေချထားပြီး တင်းမာမှုတွေ ဆက်ဖြစ်နေချိန်မှာပဲ အခုလို ကြေငြာချက် ထုတ်ပြန်ခဲ့တာပါ။
သင်္ဘောတွေဟာ တစင်းနဲ့ တစင်း ဝင်တိုက်နေကြသလို တဘက်နဲ့ တဘက် မီးသတ်ပိုက်ကြီးတွေနဲ့ အပြန်အလှန် ပက်ဖြန်းနေကြတာမို့ အခြေနေပိုဆိုးလာမှာကို စိုးရိမ်နေကြပါတယ်။
ဗီယက်နမ်နိုင်ငံဟာ သူ့နယ်မြေ အချုပ်အချာ ပိုင်ဆိုင်မှု အတွက် လုံးဝ ကာကွယ် သွားမှာဖြစ်ကြောင်း မစ္စတာ Dung က အလေးအနက်ထား ပြောဆိုခဲ့ပေမယ့် ခုခံ ကာကွယ်ရေးပဲ လုပ်မှာဖြစ်ပြီး စစ်ပွဲ စတင်ဖို့တော့ သူ မလိုလားကြောင်း ပြော ဆိုခဲ့ပါတယ်။
ဗီယက်နမ်က အထူးစီးပွါးရေးဇုံအဖြစ် သတ်မှတ် ထားတဲ့ တောင်တရုတ် ပင်လယ်ပြင်ထဲက ပါရာစဲလ် (Paracel ) ကျွန်း တွေနားမှာ တရုတ်ဘက်က မေလ တရက်နေ့မှာ ရေနံတူးစင်ကြီးတခု လာရောက် တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။
ဒါကို မကျေနပ်ကြတဲ့ ဗီယက်နမ်နိုင်ငံသားတွေက တရုတ်ဆန့်ကျင်ရေး ကန့်ကွက် ဆန္ဒပြမှုတွေ လုပ်ဆောင်ခဲ့ ရာကနေ ၂ ဦးသေဆုံးပြီး လူပေါင်း ဒါဇင်နဲ့ချီ ဒဏ်ရာတွေ ရခဲ့ကြတာပါ။ ဒါဟာ တောင်တရုတ်ပင်လယ်ပြင်ထဲက နယ်မြေပိုင်ဆိုင်မှုအတွက် အငြင်းပွါးနေတဲ့ ဒေသတွေမှာ တရုတ်က သူပိုင်ဆိုင်ကြောင်း အပြင်းအထန် ပြသလာ တဲ့ နောက်ဆုံး လုပ်ရပ် တခုဖြစ်ပါတယ်။