ဒီကနေ့ မဲပေးခဲ့တဲ့အခြေအနေတရပ်လုံးအပေါ် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့လူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်ကို ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းတဲ့အခါမှာ ကိုမင်းကိုနိုင်က အခုရွေးကောက်ပွဲအပေါ်သူ့ရဲ့သုံးသပ်ချက်ကို အခုလိုစပြီးပြောပါတယ်။
ကိုမင်းကိုနိုင်။ တော်တော်များများက မေးကြတာပဲ၊ ကျနော်က ကျနော်တို့ရုံးမှာထိုင်ပြီးတော့တပြည်လုံးမှာရှိတဲ့ မဲဆန္ဒရှင်တွေရဲ့ တိုင်ကြားချက်တွေကို လက်ခံနားထောင်ပြီးတော့ စာရင်းပြုနေရတာ။ ဆိုတော့ဗျာ အများစုကမေးကြတယ်၊ အေးအေးချမ်းချမ်းဖြစ်ရဲ့လားပေါ့၊ အမှန်တကယ်တေ့ာ ရင်ထဲမှာ သောကတွေ၊ မကျေနပ်မှုတွေ တော်တော် ရှိတယ်၊ လွဲချော်မှုတွေသိပ်များတယ်။ နောက်ဆုံးပြောရရင် မဲမပေးလိုက်ရလို့ ဝမ်းပန်းတနည်း တိုင်ကြားသံတွေကို ကျနော် နားထောင်ခဲ့ရတယ်၊ ပြီးတော့ မလိုအပ်ဘဲ မဲစာရင်းတွေမှားနေတဲ့ အပေါ်မှာ၊ ပြီးတော့ မျက်နှာစိမ်းတွေအများကြီး ရောက်လာတဲ့ တိုင်ကြားချက်တွေလည်း ကျနော်တို့ရတယ်ပေါ့၊ ခြုံပြောရရင်တော့ တော်တော်များများဟာ မတော်တဆဖြစ်တဲ့အလွဲတွေလို့ ကျနော်ကတော့ မထင်ဘူး၊ ရည်ရွယ်ချက်ရှိရှိပါဝင်နေတဲ့ မသမာမှုဆန်တဲ့ ဖြစ်ရပ်တွေကို ကျနော်တွေ့ရတယ်ပေါ့။
ကိုကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့ခင်ဗျ၊ မကြာသေးခင်ကပဲ ကိုမင်းကိုနိုင် ရန်ကုန်တိုင်း NLD ရုံးချုပ်ရှေ့ကိုလည်း သွားခဲ့တယ်ဆိုတော့ အဲဒီမှာ ရှိနေတဲ့ လူထုရဲ့အသွင်အပြင် အနေအထား ခံစားချက်တွေကိုရော ဘယ်လိုလေ့လာခဲ့မိပါလဲ ခင်ဗျ။
ကိုမင်းကိုနိုင်။ ။ လူတွေကတော့ ဗျာ၊ တသက်မှာတခါလောက်တော့ ခေါင်းမော့ချင်ကြတာပေါ့။ ကျနော်တို့ပြည်သူတွေက အမြဲတမ်း အနှိမ်ခံ၊ အဖိနှိပ်ခံ ဘဝနဲ့နေလာရတော့လေ၊ သူတို့ တကယ်လည်း အစိုးရအဖွဲ့အပြောင်းအလဲဖြစ်ချင်တယ်၊ တတ်နိုင်ရင် စနစ်ကြီးပါပြောင်းလိုက်ချင်တယ်။ အဲဒီတော့ သိပ်ပြီးတော့ အင်အားတွေနဲ့ကို လာနေကြတာပေါ့၊ ဒါပေမယ့် ဒီချိန်ထိကတော့ အကုန်လုံးက တစွန်းတစပဲကြားနေရတဲ့ အတွက်ကြောင့် တော်တော်လေးကို လူတွေ ဆုတောင်းနေကြတာနဲ့ အချင်းချင်းပူပန်မှုတွေနဲ့တော့ သတင်းတွေနားစွင့်နေကြရတာပေါ့ဗျာ။
ကိုကျော်ကျော်သိန်း။ ။ ဟုတ်ကဲ့၊ ကိုမင်းကိုနိုင်ရဲ့ ခံစားချက်၊ မြှော်လင့်ချက်ကရော ဘယ်လိုများ ရှိထားပါလဲ။
ကိုမင်းကိုနိုင်။ ။ ကျနော် ဒီပွဲတခုဟာ ဘယ်လောက်သန့်ရှင်းသလဲ၊ တရားမျှတသလဲဆိုတာကိုပဲ ကျနော်ကြည့်တယ်၊ ပြောချင်တာကတော့ အစတည်းကဗျာ၊ ကြည့်ပါ။ ဒီနေ့ဆိုရင် ပြည်သူတွေများစွာဟာ မဲမပေးလိုက်ရလို့ တော်တော် ကြေကြေကွဲကွဲခံစား… တစ်ယောက်ဟာ မဲပေးဖို့အတွက် မရေမရာရှိနေတဲ့အချိန်မှာ ဟော ခင်ဗျား စစ်ဗိုလ်ဖြစ်တဲ့လူတွေကျတော့ မဲပေးဖို့ မကဘူး။ အမတ်ကို ဖြစ်နိုင်တဲ့အခွင့်အရေးမျိုးကို အခြေခံဥပဒေမှာ ပေးထားတယ်ဗျာ။ အဲဒီထဲကမှာ ထပ်ပြီး သန့်ရှင်းသလား မရှင်းသလား ဆိုတာတော့တပြည်လုံး ကြားသိရမှာ ပါ၊ အဲဒါတော့ ကျနော်အထူးအထွေ မပြောလိုတော့ဘူး၊ ဒါပေမယ့် ဒီကြားထဲကပဲ ကျနော်တို့ပြည်သူတွေ မဲဆန္ဒရှင်တွေဟာ အပင်ပန်းခံပြီးတော့ မြှော်လင့်တကြီးနဲ့ ယုံကြည်စွာနဲ့ မဲရုံတွေကိုရောက်လာကြတယ်။ တချို့နေရာတွေဆို သိပ်ပြီး နေပူတယ်ဗျာ။ ပင်ပန်းတယ်ဗျာ၊ ဒါပေမယ့် သူတို့ရအောင် တာဝန်ကျေအောင် ကြိုးစားခဲ့ ကြတယ်၊ တာဝန်လည်းကျေခဲ့ကြပါတယ်။