သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအပေါ် ဦးကျော်သူရဲ့ အမြင်


ဦးကျော်သူနဲ့ ဇနီး ဒေါ်မြင့်မြင့်ခင်ဖေတို့ မဲရုံအတွင်းသို့ ဝင်ရောက်စဉ်။ (နိုဝင်ဘာ ၈၊ ၂၀၁၅/ ဓာတ်ပုံ ဦးကျော်သူ fb)
ဦးကျော်သူနဲ့ ဇနီး ဒေါ်မြင့်မြင့်ခင်ဖေတို့ မဲရုံအတွင်းသို့ ဝင်ရောက်စဉ်။ (နိုဝင်ဘာ ၈၊ ၂၀၁၅/ ဓာတ်ပုံ ဦးကျော်သူ fb)

ရန်ကုန် မရမ်းကုန်းမြို့နယ် မဲရံုံအမှတ် (၁) မှာ မဲပေးခဲ့တဲ့ နာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးကျော်သူကတော့ မနေ့ကကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ စောင့်ကြည့်သူတွေရှိနေတာမို့ မဲပေးတဲ့အခါ အဆင်ပြေတယ်လို့ ပြောပါတယ်။ ဒါပေမယ့် နောက်ဆုံးမဲရလဒ် ထုတ်ပြန်နိုင်တဲ့ အခြေနေအထိ ဆက်ပြီး အဆင်ပြေစေဖို့ စောင့်ကြည့်သူတွေကို ပန်ကြားလိုက်ပါတယ်။ တနင်္ဂနွေနေ့ မဲပေးခဲ့တဲ့ အခြေအနေတွေကို သိရအောင် ဦးကျော်သူကို ဒေါ်ခင်မျိုးသက်က ဆက်သွယ်မေးမြန်းရာမှာ အခုလို စပြောပါတယ်။

ဦးကျော်သူ။ ။ မဲရုံကို (၅) နာရီအရောက်သွားခဲ့တာ။ သွားတဲ့အချိန် ကျနော့်ရဲ့ရှေ့မှာ (၁၂) ယောက်၊ (၁၅) ယောက်လောက်ရှိနေပြီ။ …………။

ဒေါ်ခင်မျိုးသက်။ ။ ကိုကျော်သူ့အနေနဲ့ မဲပေးတာ ဘယ်နှစ်ကြိမ်ရှိပါပြီလဲ။

နာရေးကူညီမှုအသင်းဥက္ကဋ္ဌဦးကျော်သူနဲ့ဇနီး မြင့်မြင့်ခင်ဖေတို့ မဲပေးရန် တန်းစီစောင့်ဆိုင်းနေစဉ်။ (ဓာတ်ပုံ-ဦးကျော်သူ FB)
နာရေးကူညီမှုအသင်းဥက္ကဋ္ဌဦးကျော်သူနဲ့ဇနီး မြင့်မြင့်ခင်ဖေတို့ မဲပေးရန် တန်းစီစောင့်ဆိုင်းနေစဉ်။ (ဓာတ်ပုံ-ဦးကျော်သူ FB)

ဦးကျော်သူ။ ။ ကျနော်တို့ငယ်ငယ်တုန်းက မဲရုံ…မဲရုံကိုလား-ဆိုတဲ့ သီချင်းနဲ့ အဲဒီတုန်းက တစ်ခါပေးဖူးတယ်။ အဲဒီက နောက်ထပ် (၂) ခါပေါ့လေ။ ဒါဆိုရင်တော့ (၃) ကြိမ်မြောက်ပေါ့။

ဒေါ်ခင်မျိုးသက်။ ။ မဲပေးရတဲ့ (၃) ကြိမ်ထဲမှာ ဘာတွေထူးခြားလဲ၊ ပြောပြပါအုံး၊ ဒီတစ်ကြိမ် မဲပေးရတာကို။

ဦးကျော်သူ။ ။ ဒီတစ်ကြိမ်ကတော့ ကျနော်မြင်တာကတော့ မဲမပေးခင်တုန်းကတော့ သိပ်ပြီးတော့ အခြေအနေကို သုံးသပ်ရတာခက်တယ်။ ဒါပေမယ့် မဲပေးတဲ့နေ့၊ ဒီနေ့ဆိုရင် ဒါ တတိုင်းပြည်လုံး၊ ပြည်သူပြည်သားအားလုံးက တကယ် အသက်ကြီးငယ်မရွေး - မကျန်းမာတဲ့သူတွေ ဆိုလည်း Wheel chair တွေဘာတွေနဲ့ လာပြီးတော့ကို မဲပေးတာတွေရှိတယ်။ ဒါ ကျနော်တို့ နာရေးကူညီမှုအသင်းကလည်း မသန်စွမ်းတဲ့၊ အသက်ကြီးတဲ့အဖိုးအဖွားတွေကို မဲရုံကို ambulance ကားတွေနဲ့ လိုက်ပို့တာတွေ ဒါတွေ ကျနော်တို့လုပ်ပါတယ်။ ဒီနှစ်ကတော့ ပိုပြီးတော့ ပြည်သူပြည်သားအားလုံးက တက်တက်ကြွကြွနဲ့တခဲနက် ဆန္ဒပြုကြတာကို ကျနော်တွေ့တယ်။

ဒေါ်ခင်မျိုးသက်။ ။ ဒီတစ်ခေါက် မဲပေးတဲ့အခါမှာ လွတ်လွတ်လပ်လပ်နဲ့မဲပေးခွင့်ရှိရဲ့လား၊ အခြေအနေ ဘယ်လိုရှိလဲ။ ပြောပြပေးပါအုံး။

ဦးကျော်သူ။ ။ မဲပေးတဲ့နေရာတော့ လွတ်လွတ်လပ်လပ်ပါပဲ။ သူတို့ သတ်မှတ်ထားတဲ့စည်းကမ်းအတိုင်းပေါ့လေ၊ လွတ်လွတ်လပ်လပ် ပေးလို့ရတယ်။ ဒါပေမယ့် ကျနော်တို့ မရမ်းကုန်းမှာ ကျနော်တို့ရောက်သွားတဲ့အချိန်မှာ မီးပြတ်နေတယ်။ ၈ နာရီ ၁၅ လောက်မှ မီးက ပြန်လာတယ်။ ၆ နာရီအတိမှာ ကျနော်တို့ စပေးခွင့်တော့ မရခဲ့ဘူးပေါ့လေ။

ဒေါ်ခင်မျိုးသက်။ ။ မဲပေးရတဲ့အတိုင်းအတာအတွင်းမှာ အချိန် လုံလောက်မှုရှိရဲ့လား၊ မဲပေးရတဲ့လူတွေနဲ့ မဲပေးရတဲ့စနစ် လုပ်ထားတာလေ။ မဲကလည်း သုံးခု ပေးရတယ်ဆိုတော့-

ဦးကျော်သူ။ ။ ကျနော်တို့ မြို့နယ်အနေနဲ့ကတော့ ဒါ အဆင်ပြေတယ်။ ဒါပေမယ့် တချို့မြို့နယ်တွေ၊ တချို့မြို့တွေမှာဆိုရင် လူအုပ်တွေ တော်တော်များတယ်။ အကြာကြီးကို တန်းစီနေရတဲ့အနေအထားမျိုးတွေ၊ မဲဆန္ဒပေးတဲ့လူတွေ၊ မဲရုံမှာစောင့်တဲ့ဝန်ထမ်းတွေရော စောင့်ကြည့်တဲ့အဖွဲ့တွေဆိုလည်း တချို့ဆို ထမင်းကို တော်တော်နောက်ကျမှ စားရတဲ့အနေအထားတွေ၊ ဒါတွေတော့ မြင်တွေ့ရတယ်။

ဒေါ်ခင်မျိုးသက်။ ။ အခု မဲပေးခဲ့ရတာအတွက် ကျေနပ်မှုရှိရဲ့လား၊ မဲရဲ့ရလဒ်ဟာ တရားမျှတမှု ရှိမယ်လို့ရော ယုံကြည်ပါလား။

ဦးကျော်သူ။ ။ မဲပေးခဲ့တာတော့ ကျနော်တို့အနေနဲ့ ကျေနပ်တယ်။ ရလဒ်ကတော့ အခုအချိန်အထိကတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်နေတဲ့သဘောမျိုး။ ဒါ ပြည်သူတွေရဲ့ဆန္ဒအတိုင်းဖြစ်…..အဆုံးသတ်မှာ ဘယ်လိုဖြစ်မလဲဆိုတာကို ဒါကိုတော့ စောင့်ကြည့်ရအုံးမှာပေါ့။

ဒေါ်ခင်မျိုးသက်။ ။ ဟုတ်ပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်က နှစ်ပတ်အတွင်း ကြေညာမယ်တော့ ပြောပါတယ်။ ဒီနှစ်ပတ်အတွင်းမှာ ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာတော့ စောင့်ကြည့်ရမှာပေါ့လေ။

ဦးကျော်သူ။ ။ ဒီတစ်ခေါက်ကကျတော့ နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေ တော်တော်များတယ်။ ဒီလို စောင့်ကြည့်ရေးအဖွဲ့တွေ ရှိနေတဲ့အတွက် ရဲရဲဝံ့ဝံ့ပေးနိုင်ခဲ့တယ်ပေါ့လေ။ အဲဒီတော့ မဲ နောက်ဆုံးရလဒ်ကိုလည်း စောင့်ကြည့်ရေးအဖွဲ့တွေကနေပြီးတော့ သေချာ စနစ်တကျနဲ့ တကယ်ကို စောင့်ကြည့်ပေးကြပါလို့ပဲ ကျနော် မေတ္တာရပ်ခံချင်ပါတယ်။

XS
SM
MD
LG