သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားလွှတ်ရေး လူ့အခွင့်ရေးအထူးကိုယ်စားလှယ် ထပ်ဆင့်ထောက်ခံ


နိုင်ငံရေးအကျဉ်းသားလွှတ်ရေး လူ့အခွင့်ရေးအထူးကိုယ်စားလှယ် ထပ်ဆင့်ထောက်ခံ
နိုင်ငံရေးအကျဉ်းသားလွှတ်ရေး လူ့အခွင့်ရေးအထူးကိုယ်စားလှယ် ထပ်ဆင့်ထောက်ခံ

မြန်မာစစ်အစိုးရရဲ့ ဖိတ်ကြားချက်နဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ ကိုယ်စားလှယ် မစ္စတာ ဗီဂျေး နမ်ဘီးယား (Mr. Vijay Nambiar) ဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲ ပြီးဆုံးချိန်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်ပြီး လွတ်မြောက်လာချိန်မှာ ရောက်လာတာ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ မြန်မာနိုင်ငံက ပြန်ပြီး မထွက်ခွာခင်မှာ ကြေညာချက်တစောင် ထုတ်ပြန်ပြီး နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့အတွက် တောင်းဆိုခဲ့ပါတယ်။ ဒီတောင်းဆိုမှုအတွက် မြန်မာနိုင်ငံ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးရဲ့ အမြင် ဘယ်လိုရှိတယ်ဆိုတာ ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ၂ ရက်ကြာ လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း (Mr. Ban Ki-moon) ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေး နမ်ဘီးယားက မြန်မာနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေနဲ့အတူ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အရေးပါတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်ပြီး လွှတ်ပေးဖို့ တောင်းဆိုချက်အတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ သောမတ်စ် အိုဟေး ကင်တားနား (Mr. Thomas Ojea Quintana) က ထောက်ခံလိုက်ပါတယ်။

မစ္စတာ နမ်ဘီးယားဟာ တနင်္ဂနွေနေ့ မြန်မာနိုင်ငံက ပြန်လည် မထွက်ခွာခင် ကြေညာချက် တစောင်ကို ထုတ်ပြန်ပြီး မြန်မာအာဏာပိုင်တွေဘက်က ရွေးကောက်ပွဲလွန် ကာလမှာ ပါဝင် အရွေးခံခဲ့သူတွေနဲ့ရော မပါဝင်သေးသူတွေပါ သက်ဆိုင်ရာ အဖွဲ့အစည်း အသီးသီးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲတွေ လုပ်ပေးဖို့ လိုအပ်ကြောင်းနဲ့ ဒီလို လုပ်ဆောင်နိုင်ဖို့အတွက် နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်ပြီး လွှတ်ပေးဖို့ လိုအပ်ကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

မစ္စတာ နမ်ဘီးယားရဲ့ ပြောဆိုချက်တွေအတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ ကင်တားနားက ထောက်ခံတယ်လို့ ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။

“ဒီအချိန်မှာ မြန်မာစစ်အစိုးရဘက်က မဖြစ်မနေ ဆောင်ရွက်ပေးရမှာက တိုင်းပြည်မှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အားလုံးကို လွှတ်ပေးဖို့ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတာက အင်မတန် ကောင်းမွန်တဲ့ လက္ခဏာပါ။ ဒါပေမဲ့ ဒီလောက်နဲ့ မလုံလောက်ပါဘူး။ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ကို အခုချက်ချင်း လွှတ်ပေးပါ။ ရှေ့နှစ် ပါလီမန်လွှတ်တော် မခေါ်ယူခင် ဒီလိုအကျဉ်းသားတွေကို လွှတ်ပေးပါလို့ ကျနော် ပြောချင်ပါတယ်။

“ဒါကို မစ္စတာ နမ်ဘီးယားလည်း တောင်းဆိုခဲ့မှာပါ။ ဒီတောင်းဆိုချက်က ကျနော့် တောင်းဆိုချက်လည်း ဖြစ်ပါတယ်။ အာဆီယံ နိုင်ငံတွေကလည်း ဒါကိုပဲ တောင်းဆိုနေတာပါ။ ဒါ့ကြောင့် မြန်မာစစ်အစိုးရဘက်က ဒီလို နိုင်ငံရေး အကျဉ်းသားတွေ လွှွတ်ပေးရေးကို အလေးအနက်ထားပြီး စဉ်းစား ဆုံးဖြတ်ဖို့ လိုအပ်ပါတယ်။”

မစ္စတာ ကင်တားနားဟာ ဖေဖော်ဝါရီလထဲမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့စဉ်က အင်းစိန် အကျဉ်းထောင်နဲ့ စစ်တွေ အပါအဝင် အကျဉ်းထောင်တွေကို သွားရောက် စစ်ဆေးခဲ့ပြီး နိုင်ငံရေး အကျဉ်းသား တချို့နဲ့ ကိုယ်တိုင် တွေ့ဆုံခွင့် ရခဲ့ပါတယ်။ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ရှိနေပြီး ဒီနိုင်ငံရေး အကျဉ်းသားတွေဟာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတာမို့ သူတို့ကို အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ နိုင်ငံ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းတွေမှာ ပါဝင်ခွင့် ပေးသင့်တယ်လို့လည်း ပြောပါတယ်။

“ပိုပြီးတော့ အရေးကြီးတာက ဒီလူတွေဟာ မြန်မာပြည် လွတ်မြောက်ရေးနဲ့ ဒီမိုကရေစီရေးအတွက် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ရုန်းကန် ကြိုးစားနေကြသူတွေပါ။ လူတန်းစားမျိုးစုံ ပါပါတယ်။ သံဃာတော်တွေ၊ ပညာရေးဌာနက ဝန်ထမ်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေ မျိုးစုံ ပါပါတယ်။ သူတို့ဟာ မကြာသေးခင်တုန်းက ချမှတ်ခဲ့တဲ့ စစ်အစိုးရရဲ့ စည်းမျဉ်း မူဝါဒတွေ အရရော၊ လွတ်လပ်မှု မရှိတဲ့အပြင် ဘက်လိုက်တဲ့ တရားရေးစနစ်နဲ့ အရေးယူ အပြစ်ပေး ထောင်ချတာတွေကို ခံခဲ့ရပါတယ်။ စစ်အစိုးရဘက်က လူ့အခွင့်အရေးအတွက် ဘယ်လိုမှ အာမခံချက် မပေးဘဲ ဒီလူတွေကို ရုံးတင် စစ်ဆေး ထောင်ချခဲ့တာပါ။ ပြင်းထန်တဲ့ ဥပဒေတွေနဲ့ အရေးယူခဲ့တာပါ။ သူတို့ကို ချက်ချင်း လွှတ်ပေးသင့်ပါတယ်။”

မစ္စတာ ကင်တားနား အနေနဲ့ မြန်မာနိုင်ငံကို ဒီဇင်ဘာလထဲမှာ နောက်ထပ် သွားရောက်ဖို့ တောင်းခံခဲ့ပေမဲ့ အခုထိ မြန်မာအာဏာပိုင်တွေဘက်က အကြောင်းမပြန်သေးဘူးလို့လည်း ပြောပါတယ်။ တကယ်လို့ ဒီဇင်ဘာလထဲမှာ သွားရောက်ခွင့် မရခဲ့ရင် နောက်နှစ်မှာ သွားရောက်နိုင်ဖို့အတွက် ထပ်ပြီး ကြိုးစားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG