သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA ၇၅ နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားမှာ ကန်သံအမတ်ကြီး မိန့်ခွန်းပြော


VOA ၇၅ နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားမှာ ကန်သံအမတ်ကြီး မိန့်ခွန်းပြောနေစဉ်။
VOA ၇၅ နှစ်ပြည့်နှစ်ပတ်လည် အခမ်းအနားမှာ ကန်သံအမတ်ကြီး မိန့်ခွန်းပြောနေစဉ်။

ဗွီအိုအေ မြန်မာပိုင်း သတင်းဌာနရဲ့ အသံလွှင့်သက်တမ်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်ပွဲ ဆင်နွဲနေကြတဲ့အခြေအနေကို မြန်မာနိုင်ငံတဝှမ်းကသာမက တကမ္ဘာလုံးမှာရှိနေတဲ့ VOA ရဲ့အမာခံ သောတရှင်တွေလည်း သိရအောင် ပွဲကျင်းပရာ White Rice စားသောက်ဆိုင်မှာကျင်းပနေတဲ့ ဒီအခမ်းအနားကို ကိုယ်တိုင် တက်ရောက် နေတဲ့ ကိုကျော်ကျော်သိန်းကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းထားပါတယ်။

မခင်ဖြူထွေး။ ။ ကိုကျော်ကျော်သိန်းရေ အခုမြန်မာနိုင်ငံမှာ ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်ရဲ့ ၇၅ နှစ်ပြည့်အခမ်းအနားကို ကျင်းပနေတယ်ဆိုတော့လေ အခုကတော့ အစောပိုင်းအခမ်းအနားအစီအစဉ်တွေပြီးလို့ ဧည့်ခံပွဲကျင်းပနေတယ်ထင်ပါတယ်။ ဆိုတော့ အခမ်အနားအစီအစဉ်မှာ ဘယ်သူတွေတက်ရောက်ပြီးတော့ အမှာစကားပြောကြားသွားသလဲဆိုတာလေးကို အရင်ဦးဆုံးပြောပြပေးပါ။

ကိုကျော်ကျော်သိန်း။ ။ကျနော်တို့ အခု မခင်ဖြူထွေးပြောတဲ့အတိုင်းပါပဲ။ အခမ်းအနား အစီအစဉ်ပြီး သွားတဲ့နောက်တော့ ကျနော်တို့ ဧည့်သည်၊ ဧည့်ပရိတ်သတ်တွေကို ဧည့်ခံပွဲအစီအစဉ် စတင်နေပါပြီ။ ကျနော့်အနောက်မှာ တေးဂီတဝိုင်းအသံလည်းကြားရမယ်ထင်ပါတယ်။ ကျနော်တို့ဒီကနေ့အခမ်းအနားမှာမြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel တက်ရောက်ပြီးတော့ စကားပြောပါတယ်။ VOA အခန်းကဏ္ဍ နောက်ပြီး မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာ လွတ်လပ်ခွင့် တွေနဲ့ ပတ်သက်ပြီးတော့ သံအမတ်ကြီးက အထူးအလေးထားပြီးတော့ ပြောသွားပါတယ်။ နောက်တခါ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ဒုတိယဥက္ကဋ္ဌဖြစ်တဲ့ ဦးအောင်လှထွန်းကလည်း ကျနော်တို့ VOA မြန်မာဌာနနဲ့ ပတ်သက်ပြီးတော့ မြန်မာဌာနရဲ့လုပ်ဆောင်ချက်တွေ ပြီးတော့ မြန်မာနိုင်ငံ သတင်းမီဒီယာလောကရဲ့အခြေအနေ စသည်ဖြင့် ပြောသွားပါတယ်။ တခါ ကျနော်တို့ VOA မြန်မာပိုင်းကနေပြီးတော့ အစဉ်မပျက်တွေ့ဆုံမေးမြန်းတာတွေ ၊ VOA မြန်မာဌာနရဲ့ ဆွေးနွေးခန်းတွေမှာ ပါဝင်ပြီးတော့ ပင်တိုင်ဆွေးနွေးပေးနေတဲ့ မြန်မာ့နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိန်း လည်း အမှတ်တရစကားပြောပါတယ်။ တခါ ကျနော်တို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးကိုကိုကြီးကလည်း တက်ရောက် အမှာစကားပြောပါတယ်။ အားလုံးကတော့ ကျနော်တို့ VOA မြန်မာဌာနရဲ့ ၇၅ နှစ်ပြည့် သက်တမ်းကနေပြီးတော့ နောက်ထပ် နှစ်ပေါင်းများစွာဆက်ပြီး မြန်မာနိုင်ငံမှာ သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် မြန်မာလူထုအတွက်၊ သိသင့်သိထိုက်တဲ့ သတင်းတွေကို ဆက်ပြီးတော့ ပေးနိုင်အောင် ထုတ်လွှင့်နိုင်အောင် ဆုတောင်းပေးသွားကြတာကို ကျနော် မှတ်သားမိပါတယ်ခင်ဗျ။

မခင်ဖြူထွေး။ ။ဟုတ်ကဲ့ရှင့် ဒီလိုမျိုးအမှာစကားပြောကြားတဲ့လူတွေအပြင် တခြား ထူးထူးခြားခြားရော ဘာအစီအစဉ်တွေ ပါပါသေးလဲရှင့်။

ကိုကျော်ကျော်သိန်း။ ။ဒီကနေ့ အခမ်းအနားအစီအစဉ်မှာတော့VOA သက်တမ်းတလျှောက်နဲ့ ပတ်သက်တဲ့ မှတ်တမ်း ဗွီဒီယို ကျနော်တို့ပြပါတယ်။ ပြီးတော့ VOA ဝါရှင်တန် ရုံးချုပ်မှာလုပ်ခဲ့တဲ့ ၇၅ နှစ်ပြည့်အထိမ်းအမှတ်ပွဲနဲ့ ပတ်သက်တဲ့ မှတ်တမ်း ဗွီဒီယိုကို ကျနော်တို့ ပြပါတယ်။ မြန်မာဌာနက ဒီပွဲနဲ့ ပတ်သက်ပြီးတော့ သတင်းတင်ဆက်ခဲ့တာ၊ နောက်ပြီးတော့ ကျနော်တို့ VOA ကနေပြီးတော့ အငြိမ်းစားယူသွားတဲ့ ဝန်ထမ်းဟောင်းကြီးတွေရဲ့ အမှာစကားပြောကြားထားတဲ့ မှတ်တမ်းဗွီဒီယိုကလည်း ပြပါတယ်။ ပြီးတဲ့အခါကျတော့ VOA မြန်မာဌာနရဲ့ သမိုင်းမှတ်တိုင်တွေပေါ့နော် VOA မြန်မာဌာနရဲ့စွမ်းဆောင်ချက်တွေနဲ့ ပတ်သက်တဲ့ မှတ်တမ်းဗွီဒီယိုတခုကိုလည်း ပြသခဲ့ပါတယ်ခင်ဗျ။

မခင်ဖြူထွေး။ ။ဟုတ်ကဲ့ ဧည့်သည်တွေလည်း အတော်လေးစုံပါတယ်လို့ ထင်ပါတယ် ဆိုတော့ ဒီနေ့အခမ်းအနားမှာ ဘယ်သူတွေ တက်ရောက်ခဲ့တယ်ဆိုတာလေးလည်းပြောပြပါရှင့်။

ကိုကျော်ကျော်သိန်း။ ။ ကျနော်တို့ ဒီကနေ့အခမ်းအနားကို အရင်တုန်းက ပြည်ထောင်စုဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးအောင်မင်း၊ ဦးစိုးသိန်းတို့ တက်ရောက်ပါတယ်။ ကျန်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ရှိသူ နောက် မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက တာဝန်ရှိသူတွေတက်ရောက်ပါတယ်။ နောက်တခါ VOA မြန်မာဌာနနဲ့ ဆက်စပ်ပြီးတော့ ပြည်တွင်းမှာ ရုပ်သံနဲ့ ရေဒီယိုအစီအစဉ်တွေကို ထုတ်လွှင့်ပေးနေတဲ့ ကျနော်တို့ မိတ်ဖက်အဖွဲ့အစည်းတွေ လည်း တက်ရောက်တာကိုတွေ့ရပါတယ်။ ကျနော်တို့လည်း ဒီအဖွဲ့အစည်းတွေကို ကျေးဇူးတင်စကားပြောတယ်၊ လက်ဆောင်ပစ္စည်း ပေးအပ်တဲ့ အခမ်းအနားလေးလည်း လုပ်ခဲ့ပါတယ်ခင်ဗျ။

ဗွီအိုအေ မြန်မာပိုင်း သတင်းဌာနရဲ့ အသံလွှင့်သက်တမ်း ၇၅ နှစ်ပြည့်အထိမ်းအမှတ်ပွဲ ကျင်းပနေတဲ့ ဒီအခမ်းအနားကို ကိုယ်တိုင် တက်ရောက် နေတဲ့ ကိုကျော်ကျော်သိန်းကို မခင်ဖြူထွေးက ဆက်သွယ်မေးမြန်းခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG