သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့အာရှအတွက် VOA အသုံးစရိတ် တိုးမြှင့်လျာထား


ဗွီအိုအေ အမေရိကန်အသံကို ကြီးကြပ်ရတဲ့ အမေရိကန် အစိုးရလက်အောက်ခံ အသံလွှင့်လုပ်ငန်း အုပ်ချုပ်ရေးဘုတ်အဖွဲ့ (BBG) ရဲ့ ၂၀၁၅ ခုနှစ်အတွက် ဘဏ္ဍာရေး လျာထားချက်မှာ မြန်မာနိုင်ငံ အပါအဝင် အာရှဒေသနဲ့ အာဖရိကမှာ ပိုမိုသုံးစွဲသွားဖို့ အဆိုပြုထားပါတယ်။

ဘဏ္ဍာရေး လျာထားချက် အသေးစိတ် ထုတ်ပြန်မှာတော့ ဘော်လကန်ဒေသ ဘာသာစကားနဲ့ ထုတ်လွှင့်မှုတွေမှာ အသုံးစရိတ်တွေ ဖြတ်တောက်ဖို့လည်း စီစဉ်ထားတာပါ။

လက်ရှိ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၇၃၁ သန်း သုံးစွဲနေရာက လာမယ့်နှစ်မှာတော့ ၁၀ သန်း လျှော့ပြီး ၇၂၁ သန်း သတ်မှတ်ပေးဖို့ BBG က လွှတ်တော်ကို အဆိုပြုနေတာလည်း ဖြစ်ပါတယ်။

ဘဏ္ဍာရေး အစီအစဉ်သစ်မှာ ကမ္ဘာတဝှမ်းက သောတရှင်တွေနဲ့ ပရိတ်သတ်တွေကြားမှာ တွင်ကျယ်လာနေတဲ့ မီဒီယာတွေကတဆင့် မျိုးဆက်သစ်တွေကို လက်လှမ်းမီအောင် ဆောင်ရွက်ဖို့ ရည်မှန်းထားကြောင်းလည်း တာဝန်ရှိသူတွေက ပြောခဲ့ကြတာပါ။

၂၀၁၅ ခုနှစ် ဘဏ္ဍာရေး အစီအစဉ်မှာတော့ မြန်မာ၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် နိုင်ငံတွေက လူငယ်တွေအတွက် ရုပ်သံနဲ့ ဒဂျစ်တယ် မီဒီယာလုပ်ငန်းတွေမှာ သုံးစွဲဖို့လည်း အဆိုပြုထားပါတယ်။ တရုတ်နိုင်ငံအတွက်ကတော့ ဆင်ဆာ ဖြတ်တောက်မှုတွေကို တိုက်ဖျက်နိုင်ဖို့ ရည်ရွယ်ပြီး လူမှုကွန်ယက်တွေနဲ့ တခြားမီဒီယာအစီအစဉ်တွေမှာ ပိုမိုသုံးစွဲသွားဖို့ BBG က ရည်မှန်းထားတာပါ။

တချိန်တည်းမှာပဲ အာဖရိက Sahel ဒေသအတွက် ဂြိုဟ်တုရုပ်သံလိုင်းသစ် တခုနဲ့ FM ရေဒီယိုတွေ တိုးချဲ့မှာဖြစ်သလို၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှာ ဒေသခံဘာသာစကားသစ်နဲ့ ထုတ်လွှင့်ဖို့လည်း စီစဉ်ထားပါတယ်။ အလားတူ ဗွီအိုအေရဲ့ အင်္ဂလိပ်စာ သင်ခန်းစာ အစီအစဉ်တွေကိုလည်း တိုးချဲ့သွားမှာ ဖြစ်ပါတယ်။
XS
SM
MD
LG