ဒေသတွင်း ပြဿနာတရပ် ဖြစ်လာနေတဲ့ လှေစီးဒုက္ခသည်တွေကိစ္စ အနီးကပ်လေ့လာ သတင်းယူနိုင်ဖို့အတွက် ရခိုင်ပြည်နယ်ကို ရောက်နေတဲ့ ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်းနဲ့ အဖွဲ့ဟာ ဒီကနေ့မှာတော့ မူဆလင်ရွာတွေ အများစုရှိတဲ့ မောင်တောမြို့ကို ရောက်နေပါတယ်။
အဲဒီမှာတော့ မကြာသေးခင်တုန်းက ဖမ်းဆီးမိထားတဲ့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေကိုလည်း တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပါတယ်။ ဒီကနေ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းရာမှာ ဦးသန်းလွင်ထွန်း က အခုလို စတင် ဖြေကြားထားပါတယ်။
ဖြေ။ ။ “ဟုတ်ကဲ့၊ ကျနော် အခု တကယ်တမ်းရောက်နေတဲ့ နေရာကတော့ ရခိုင်ပြည်နယ်ရဲ့ နယ်စပ်၊ ပြောရမယ်ဆိုလို့ရှိရင် နောက်ထပ် ၁၅ လှမ်းလောက် လှမ်းလိုက်မယ်ဆိုရင်ပဲ ဘင်္ဂလားဒေ့ရှ် နယ်ထဲကို ၀င်သွားတဲ့ တံတားပေါ်ကို ရောက်ပါတယ်။ နေရာကို ပြောရမယ်ဆိုရင်တော့ တောင်ပြိုလက်ဝဲမြို့လို့ခေါ်တဲ့ နယ်စပ်မြို့လေးကို ရောက်နေတာပါ။ မောင်တောကနေပြီးတော့ ၃၄ မိုင် သွားရတယ်ဆိုပေမဲ့ လမ်းတော်တော်လေး ကြမ်းတာကြောင့် စုစုပေါင်း ၂ နာရီခွဲ ၃ နာရီလောက် ကားမောင်းလာရပါတယ်။ အဲဒီမှာ ကျနော်တို့ ပြီးခဲ့တဲ့ ၂၁ ရက်နေ့တုန်းက ပင်လယ်ပြင်မှာ တွေ့ရှိပြီးတော့ ထိန်းသိမ်းထားတဲ့ လှေစီးပြေး ၂၀၀ က ဘင်္ဂလားဒေ့ရှ် နိုင်ငံသားလို့ ဆိုတဲ့အတွက် သူတို့ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့ပေးရေး လက်ခံထားရှိတဲ့ နေရာဖြစ်ပါတယ်။”
မေး။ ။ သူတို့ရဲ့ ကျန်းမာရေး အနေအထား၊ လူမှုစောင့်ရှောက်ရေး အနေအထား၊ အဲဒီမှာ ဘယ်လိုမြင်ရပါသလဲ။
ဖြေ။ ။ သူတို့ စုစုပေါင်း ၂၀၀ လောက်ကို အဆောင် ၂ ခုနဲ့ ခွဲထားပြီးတော့၊ သူတို့ရဲ့ ပြောကြားချက်အရကတော့ သူတို့ကို ဒီဘက်မှာ ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပါတယ်။ မြန်မာအာဏာပိုင်တွေကို ကျေးဇူးတင်ပါတယ်လို့ သူတို့ပြောပါတယ်။ သူတို့အနေနဲ့လည်း ကျနော်တို့လာပြီး သူတို့ကိုတွေ့တဲ့အတွက် တော်တော်လေး ၀မ်းသာသွားတယ်။ ၀မ်းသာတဲ့အပြင်ကို မီဒီယာကနေတဆင့် သူတို့က တကယ်တမ်းဆိုလို့ရှိရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာတာပါ။ သူတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို အမြန်ပြန်ပို့ပေးရေး၊ အမြန်ပြန်ရောက်ရေးပဲ ကူညီကြပါဆိုပြီး တချို့ဆိုရင်လည်း ငိုယိုပြီး ပြောတာတွေတောင် ရှိပါတယ်။
မေး။ ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်ပို့မယ်ဆိုတဲ့ အနေအထားမှာ ညှိနှိုင်းမှုအရရော ဘယ်လိုများရှိပါသလဲခင်ဗျ။
ဖြေ။ ။ “ကျနော်သိသလောက်ကတော့ ပြီးခဲ့တဲ့ ၂၆ ရက်နေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ကောင်စစ်ဝန်တွေ သူတို့ကို လာကြည့်တယ်။ ကျနော်တို့ မေးတဲ့အခါမှာ အများစုကလည်း သူတို့ရဲ့နာမည်၊ သူတို့ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလိပ်စာ၊ ဒါတွေကို သူတို့ ပြောကြားသွားတယ်ဆိုတော့ ဟိုဘက်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ဒီအချက်အလက်တွေကို စိစစ်ရဦးမယ်လို့ ယူဆရပါတယ်။ အဲဒါမျိုးတွေ အကုန်လုံး မှန်ကန်ကြောင်း သေချာပြီဆိုလို့ရှိရင်တော့ အမြန်ပြန်ပို့ဖို့ပဲ လုပ်ကြမှာပါ။
မေး။ ။ အခုထားတာက ဒုက္ခသည်စခန်းလား၊ ဘယ်လိုပုံစံမျိုး ထားတာလဲခင်ဗျ။
ဖြေ။ ။ “ဒုက္ခသည်စခန်း မဟုတ်ဘူးခင်ဗျ။ တောင်ပြိုလက်ဝဲမြို့မှာရှိတဲ့ အဆောက်အအုံလေးပေါ့နော်။ အဲဒီမှာ ၂ ခုခွဲပြီး သူတို့ကို ထားတာပါ။ အဲဒါကို ဒေသမှာရှိနေတဲ့ ဘင်္ဂါလီမူဆလင် ကျေးရွာတွေကနေပြီးတော့ တချို့ကလည်း ကျွေးမွေး စောင့်ရှောက်ထားပါတယ်။ သူတို့ အစာရေစာပို့တယ်၊ အကုန်လုံး အကူအညီ ပေးနေကြတာတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူတို့က အပြင်ထွက်ခွင့်တော့ မရှိဘူး။”
မေး။ ။ ကိုသန်းလွင်ထွန်း အခုသွားတဲ့ လမ်းခရီးတလျှောက် တွေ့ရတဲ့အနေအထား၊ ရွာတွေရဲ့ အနေအထား နောက်ပြီး ဘယ်လိုလူမျိုးတွေနေလဲ၊ ရှင်းပြပါဦး။
ဖြေ။ ။ “စစ်တွေမှာကတော့ တကယ်တမ်းကတော့ အများစုကတော့ မြို့ထဲမှာက ရခိုင်လူမျိုးတွေပဲ များပါတယ်။ ဒါပေမဲ့ မနေ့က ကျနော်တို့သွားခဲ့တဲ့ အောင်မင်္ဂလာရပ်ကွက်လေးမှာတော့ အရင်သူတို့အခေါ်တော့ဗျာ၊ နှုတ်ကျိုးနေတဲ့ အခေါ်ကတော့ အောင်မင်္ဂလာရပ်ကွက်က ကုလားရပ်ကွက်ပေါ့၊ မူဆလင်တွေပါတဲ့ အများစုကတော့။ ဒီဘက်မှာတော့ အစိုးရကတော့ ဘင်္ဂါလီလို့ခေါ်တယ်။ အဲဒီထဲမှာ ကျနော်တို့ စကားပြောခဲ့တဲ့ သူတွေကတော့ ရိုဟင်ဂျာဆိုပြီးတော့ သူတို့ပြောပါတယ်။ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ကတော့ ကျနော့်အနေနဲ့ကတော့ အခုလောလောဆယ်က မူဆလင်တွေရွာ၊ ရခိုင်တွေရွာလို့ပဲ သုံးချင်ပါတယ်၊ ဒီအခြေအနေမှာတော့။
အဲဒီကနေပြီးတော့ ကျနော်တို့ သင်္ဘောနဲ့ ထွက်လာခဲ့တဲ့ လမ်းတလျှောက်မှာ မောင်တောကို သင်္ဘောနဲ့ စုစုပေါင်း အမြန်သင်္ဘောနဲ့ ၃ နာရီလောက် မောင်းရပါတယ်။ လမ်းတလျှောက်မှာတော့ များသောအားဖြင့် မူဆလင်ရွာတွေ အများဆုံးရှိတာ တွေ့ရပါတယ်။ အလားတူပဲ ဘူးသီးတောင်မှာ ဆိုက်တော့လည်း ဘူးသီးတောင်မြို့မှာတော့ ရခိုင်လူမျိုး၊ ရခိုင်တိုင်းရင်းသားကတော့ ၃၀ ရာခိုင်နှုန်းလောက်ရှိတယ်။ ၇၀ ရာခိုင်နှုန်းလောက်က မူဆလင်တွေ ဖြစ်တယ်လို့ ပြောပါတယ်။”
မေး။ ။ အခုအသုံးအနှုန်းအရ သူတို့ ဘင်္ဂါလီလို့၊ ရိုဟင်ဂျာလို့ သုံးနေတာရှိတော့၊ ဒီအသိုင်းအ၀ိုင်း တခုနဲ့တခုရော ဘယ်လိုခေါ်ကြလဲ၊ ဘယ်လိုသတ်မှတ်နေကြလဲခင်ဗျ။
ဖြေ။ ။ “ဟုတ်ကဲ့၊ ဒီပြဿနာက တော်တော်ကြီးပါတယ်။ ဒီကိစ္စမှာက တချို့တွေကလည်း သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ပြောတယ်။ ရခိုင်တိုင်းရင်းသားတွေရော၊ မြန်မာအစိုးရကရော ရိုဟင်ဂျာဆိုတာမရှိဘူး၊ ရိုဟင်ဂျာဆိုပြီးတော့ လက်မခံကြဘူး၊ သူတို့ကို မူဆလင်တွေ၊ သူတို့ကို ဘင်္ဂလားဒေ့ရှ်ဘက်ကလာတဲ့ ဘင်္ဂါလီတွေလို့ပဲ ရည်ညွှန်းလိုပါတယ်။ အရင်တုန်းကဆိုရင်တော့ အသုံးအနှုန်းအရဆိုရင် ကုလားတွေလို့ ခေါ်ကြတာပေါ့နော်။ ကုလားဆိုတဲ့ အသုံးအနှုန်းကတော့ ရိုင်းစိုင်းတယ် ဆိုပြီးတော့ မသုံးကြတော့ပါဘူး။
အဲဒီတော့ ဒီနေရာမှာ ကျနော်တို့ အနေနဲ့လည်း ဒီလောက်ကြီးကို နိုင်ငံရေးအရ အကြိတ်အနယ် အငြင်းအခုန် ဖြစ်နေတဲ့နေရာမှာ ကျနော်တို့ သတင်းထောက်တွေအနေနဲ့ ကိုယ့်ရှိထားတဲ့၊ ကိုယ်သိထားတဲ့၊ အကန့်အသတ်နဲ့ပဲရှိတဲ့ ဗဟုသုတလေးနဲ့ ၀င်ပြီးတော့ ကြားထဲကနေ တဘက်အသုံးအနှုန်းတခုကို ၀င်ပြီးသုံးစွဲပေးစရာ အကြောင်းမရှိဘူးပေါ့လေ။ အဲဒီတော့ လောလောဆယ် အားဖြင့်ကတော့ မူဆလင်ကျေးရွာတွေ၊ ဒီဘက်မှာရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်ဘက်က လာတဲ့လူတွေ၊ ဒါမှမဟုတ်လို့ရှိရင်လည်း ရခိုင်ကျေးရွာတွေ၊ ဒီလိုအသုံးအနှုန်းတွေနဲ့ပဲ ကျနော့်အနေနဲ့ သင့်လျော်သလို သုံးသွားဖို့ပဲ ရှိပါတယ်။ ဒီကိစ္စကိုလည်း ကျနော်တို့ နောက်ပိုင်းကျရင်တော့ ခြေခြေမြစ်မြစ် သတင်းပေးပို့နိုင်မယ်လို့ ယူဆပါတယ်ခင်ဗျ။”