သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA နဲ့ တွေ့ဆုံမေးမြန်းစဉ်အဖမ်းခံရတဲ့ အငြိမ်းစားတရုတ်ပါမောက္ခပြန်လည်လွှတ်မြောက်


လွန်ခဲ့တဲ့ သီတင်း ၂ ပတ်နီးပါးက ဗွီအိုအေ Mandarin ဌာန ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တခုမှာ တွေ့ဆုံမေးမြန်းနေတဲ့အချိန် တရုတ်အာဏာပိုင်တွေက ဖမ်းဆီး ခေါ်ဆောင်တာခံခဲ့ရတဲ့ အငြိမ်းစား တရုတ် ပါမောက္ခကို အခု အိမ်ပြန်ခွင့် ပေးလိုက်ပါပြီ။

ဒါပေမဲ့လည်း သူ့ကို လုံခြုံရေး တင်းတင်းကျပ်ကျပ် ချပြီး စောင့်ကြည့်နေတဲ့အကြောင်း သူနဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေက ဗွီအိုအေကို ဒီကနေ့ ပြောပါတယ်။ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ ပါမောက္ခဟောင်း Sun Wenguang က သူ ဘေးမသီရန်မခ အိမ်ပြန်ရောက်နေပါပြီ ဆိုတာကို ဗွီအိုအေကို ဆက်သွယ် အသိပေး ပေးဖို့ သူ့ရဲ့ မိတ်ဆွေတွေကို ပြောခဲ့တာပါ။

လုံခြုံရေးအရာရှိတွေက သူ့အိမ်ကို ရှာဖွေပြီး လက်ကိုင် မိုဘိုင်းဖုန်းတွေ၊ အိမ်ဖုန်းနဲ့ ကွန်ပျူတာတွေကိုပါ သိမ်းဆည်းသွားခဲ့တဲ့ အကြောင်းတွေကိုလည်း ဝမ်ဂွမ်းက သူ့မိတ်ဆွေတွေကို ပြန်ပြောပြခဲ့ ပါတယ်။ သူ့ရဲ့ လူမှုကွန်ရက် အကောင့်တွေကိုလည်း ပိတ်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ပတ်သက်လို့ တရုတ်အာဏာပိုင်တွေကတော့ တစုံတရာ မှတ်ချက်ပေး ပြောဆိုဖို့ ငြင်းဆိုထားပါတယ်။

ဝမ်ဂွမ်းဟာ တရုတ်အစိုးရရဲ့ နိုင်ငံရပ်ခြား အကူအညီတွေနဲ့ အာဖရိကဒေသတွင်း တရုတ်နိုင်ငံရဲ့ သံတမန်ရေးရာ နည်းဗျူဟာတွေကို ဝေဖန်ခဲ့သူဖြစ်သလို၊ ဗွီအိုအေ Mandarin ရုပ်သံရဲ့ Issues & Opinions အစီအစဉ်မှာ တယ်လီဖုန်းကနေတဆင့် တိုက်ရိုက် တွေ့ဆုံမေးမြန်းနေတဲ့အချိန် အာဏာပိုင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ။ သူ့ကို ဘေးဒုက္ခမပေးဘဲ ပြန်လွှတ်ပေးဖို့ ဆယ်စုနှစ်တွေနဲ့ချီ သူ စာသင်ကြားပို့ချခဲ့တဲ့ တရုတ် Shandong တက္ကသိုလ်က ကျောင်းသားဟောင်း ၁၅၀ ကျော်က တာဝန်ရှိသူတွေထံကို အိမ်ဖွင့်ပေးစာ ပေးပို့ တောင်းဆိုခဲ့ပြီးတဲ့နောက် ပါမောက္ခဟောင်း ဆွန်း ဝမ်ဂွမ်း ပြန်လွတ်လာခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG