သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ကိုယ်စားလှယ် အဖြစ် လူငယ်တွေ ပိုပါဝင်လာ


၂၀၁၀ ရွေးကောက်ပွဲနေ့ မဲဆန္ဒရှင်များ။
၂၀၁၀ ရွေးကောက်ပွဲနေ့ မဲဆန္ဒရှင်များ။

လာမယ့် လွှတ်တော်အမတ် ရွေးကောက်ပွဲမှာ လူငယ် မျိုးဆက်သစ် နိုင်ငံရေး သမားတွေ အများအပြား ပါဝင်လာတဲ့ အပေါ်မှာ မြန်မာ့နိုင်ငံရေး လောက အခင်းအကျင်း သစ် အဖြစ် လေ့လာသူတို့က ကြိုဆိုကြပေမယ့် နိုင်ငံရေး အတွေ့အကြုံ နည်းတဲ့ လူငယ်နိုင်ငံရေးသမားတွေ အတွက် ပြတ်သားတဲ့ ပါတီ မူဝါဒကောင်းတွေ လိုအပ်တယ်လို့လည်း ထောက်ပြ ပြောဆိုကြပါတယ်။ ဒါ့အပြင် သမ္ဘာရင့်တဲ့ နိုင်ငံရေးသမားကြီးတွေရဲ့ သြဇာ လွှမ်းမိုးမှုကို ရှောင်ရှားနိုင်ဖို့နဲ့ မဲဆန္ဒရှင်တို့ ရဲ့ မျှော်လင့်ချက်တွေကို ဘယ်လောက် ဖြည့်ဆည်းပေးနိုင်ကြမလဲ ဆိုတာကိုတော့ မသိင်္ဂ ီထိုက် စုစည်းတင်ပြထားပါတယ်။

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော် အမတ် ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်းတွေထဲမှာ အမျိုးသမီးတွေ အပါအဝင် အလွှာပေါင်းစုံက လူငယ် ကိုယ်စားလှယ်လောင်းတွေ အင်တိုက်အားတိုက် ပါဝင်လာခဲ့ပါတယ်။ အများစု ကတော့ အဓိက အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီထဲက ဖြစ်ပြီး တိုင်းရင်းသားပါတီတွေထဲမှာလည်း လူငယ်မျိုးဆက်သစ်တွေ ပါဝင်လာခဲ့တာပါ။ စာရေးဆရာ ညီပုလေးကတော့ လူငယ်တွေနိုင်ငံရေး လောကမှာ ပါဝင်လာတဲ့ အပေါ် ကြိုဆိုထောက်ခံသူပါ။

"လူငယ်ဆိုရင် ယုံတယ်။ သူတို့မှာ ဖြူစင်မှု ရှိတယ်။ လုံ့လ ဝီရိယ ရှိတယ်။ ကျနော် တခုတော့ ရှိပါတယ်။ အဲ့တာတော့ အတွေ့အကြုံပေါ့နော်။ အတွေ့အကြုံကလည်း ပါတီရဲ့ ချမှတ်တဲ့ မူဝါဒ အပေါ်မှာ တည်ပါတယ်။ အဲ့ဒီ့အပေါ်မှာ ဆုပ်ယူပြီးတော့ ရှေ့လျောက် ဒီမူဝါဒနဲ့အညီ ပြည်သူက တောင်းဆိုတဲ့ ပါတီက ချမှတ်တဲ့ မူဝါဒကို ဘယ်လောက် ဖြည့်စည်းနိုင်မလဲဆိုတာ တဦးချင်းအပေါ်မှာလည်း မူတည်ပါတယ်။ လူငယ်ဆိုတာ တက်တက်ကြွကြွနဲ့ ဝီရိယရှိရှိ ဇွဲကပ်ပြီး လုပ်မယ်လို့ထင်တယ်။ ရှေ့မှာ အစဉ်အလာရှိတဲ့ ပုဂ္ဂိုလ်တွေကို သူတို့ ပစ်ပယ်ဖို့မကောင်းဘူး။ ဒီလူတွေကို ချဉ်းကပ်ခြင်းအားဖြင့် သူတို့ကို အသိအမှတ်ပြု ခြင်းအားဖြင့် လူကြီးတွေရဲ့ အတွေ့အကြုံရယ် သူတို့ရဲ့ နုပျိုမှု တက်ကြွမှု အားသာမှုတွေနဲ့ပေါင်းစပ်ရင် လူငယ်တွေ လွှတ်တော်ထဲ ရောက် လာတာ ကောင်းတဲ့ လက္ခဏာပါ။ Positive sign ပါ။ ကျနော်တို့ ကြိုဆိုရမှာပါ။ ကျနော်တို့ တိုင်းပြည်မှာ မမျှော်လင့်တဲ့ စိန်ခေါ်မှုတွေလည်း လာနိုင်သေးတယ်။ အဲ့ဒီ့ဟာတွေအပေါ်မှာ ကလေးတွေ လူငယ်ပီပီ ဘယ်လိုရင်ဆိုင်မလဲ။ ဘယ်လိုကျော်လွှားမလဲဆိုတာ ကျနော်တို့ စိတ်လှုပ်ရှားပြီး စောင့်ကြည့်ရမှာပဲ။ "

နိုင်ငံရေး အခင်းအကျင်းသစ်မှာ အတွေ့အကြုံနုတဲ့ လူငယ်မျိုးဆက်သစ်အနေနဲ့ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု၊ သြဇာလွှမ်းမိုးခံရမှုတို့လည်း တဖြည်းဖြည်း လျော့ပါး သွားဖို့ လိုအပ်ပြီး မဲဆန္ဒရှင်တို့ရဲ့ မျှော်လင့်ချက်ကို အကောင်အထည် ဖော်နိုင်မယ့် ပါတီ မူဝါဒကောင်းတွေ ရှိဖို့လည်း လိုအပ်တယ်လို့ စာရေးဆရာ ညီပုလေး က ထောက်ပြပြောဆိုပါတယ်။

လူငယ် ကိုယ်စားလှယ်လောင်း တဦးဖြစ်သူ ကိုနေဘုန်းလတ်ကတော့ နိုင်ငံရေး သမား တဦး အနေနဲ့ ပါတီ တရပ် အနေနဲ့ လူထုထောက်ခံမှုကို ရေရှည် ရရှိထားဖို့ အတွက် မဲဆန္ဒရှင် ပြည်သူတွေရဲ့ မျှော်လင့်ချက်ကို အတိုင်းအတာ တခု အထိ ဖြည့်ဆည်းဆောင်ရွက်နိုင်ဖို့ အရေးကြီးတယ်လို့ ပြောပါတယ်။

"ကျနော်တို့တိုင်းပြည်မှာ People's Expectation ပေါ့နော် ပြည်သူလူထု ရဲ့ မျော်လင့်ချက်က အရမ်းကြီးတယ်။ တောက်လျောက်မျှော်လင့်ခဲ့တယ်။ စကားရှိပါတယ်။ အကောင်းဆုံးကို မျှော်လင့်ပါ။ အဆိုးဆုံးကို ပြင်ဆင်ပါဆိုတာလေ။ ဒါပေမဲ့ ကျနော်တို့ ပြည်သူလူထုအနေနဲ့ ပြောမယ်ဆိုရင်တော့ ဘယ်တုန်းကမှ အကောင်းဆုံးကို မျှော်တောင် မမျှော်လင့်ရဲခဲ့တဲ့ အနေအထားမျိုးပေါ့နော်။ တောက်လျောက် အဆိုးတွေ နဲ့ပဲ ကြုံရတာမျိုးပဲ ဖြစ်တယ်။ အဲ့တာကြောင့် ပြည်သူလူထုရဲ့ မျှော်လင့်ချက်က အရမ်းကြီးတယ်။ အဲ့ဒီ့မျှော်လင့်ချက်တွေကို အပြည့်အဝ မဟုတ်ရင်တောင်မှ အထိုက်အလျောက် ထိမိအောင်တော့ ကျနော်တို့ ကြိုးစားပြဖို့ လိုလိမ့်မယ်။ အဲ့လိုမှသာ မကြိုးစားနိုင်ရင် ပြည်သူလူထုရဲ့ မျှော်လင့်ချက်တွေဟာ ခုန ယုံကြည်မှုအဆင့်ကို ပြောင်းမသွားဘူးဆိုရင် ကျနော်တို့ ရှေ့ဆက်ပြီး အလားအလာ ဘယ် နိုင်ငံရေးသမားအတွက်ဖြစ်ဖြစ်ပါ အဲ့လိုမျိုး ပြည်သူလူထုရဲ့ ယုံကြည်မှုမရဘူးဆိုရင် ရှေ့ဆက် အလားအလာ မကောင်းနိုင်ဘူးဗျ။"

တိုင်းရင်းသား အားလုံးတန်းတူညီမျှမှုကို အာမခံပေးနိုင်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တရပ်ကို အကောင်အထည်ဖော်နိုင်ဖို့ တိုင်းဒေသကြီး၊ ပြည်နယ် လွှတ်တော်တွေရဲ့ အသက်ဝင်မှုကလည်း သိပ်ကို အရေးကြီးတယ်ဆိုတဲ့ ခံယူချက်နဲ့ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော် အမတ်နေရာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဆုံးဖြတ် တာ ဖြစ်တယ်လို့လည်း ကိုနေဘုန်းလတ်က ပြောပါတယ်။

လက်ရှိ လွှတ်တော်တွင်းမှာတော့ အရွေးခံစရာ မလိုတဲ့ စစ်သား လွှတ်တော်အမတ် ၂၅ ရာခိုင်နှုန်း ရှိနေတဲ့ လွှတ်တော်တွင်းမှာ စစ်တပ်အကြီးအကဲဟောင်းတွေ၊ အရင် စစ်အစိုးရမှာ တာဝန်ယူခဲ့ကြသူတွေက ရွေးကောက်ခံ လွှတ်တော် အမတ်နေရာတွေ ကို ရယူထားတဲ့ အခြေအနေမှာလူငယ်မျိုးဆက်တို့ ဝင်ရောက်ယှဉ်ပြိုင် လာတာ ကိုနိုင်ငံရေး မျိုးဆက်သစ် တရပ် ပေါ်ထွန်းလာဖို့ အခွင့်အလမ်း ဖြစ်တယ် လို့လည်း အများက ရှုမြင်နေကြတာပါ။

ဒါပေမယ့်လည်း စစ်အုပ်ချုပ်ရေးက လွတ်မြောက်လာခဲ့တာ နှစ်ပိုင်းလောက်ဘဲ ရှိသေးတဲ့ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ကာလမှာ ထင်မှတ်မထားတဲ့ စိန်ခေါ်မှုတွေလည်း ပေါ်ပေါက်လာနိုင်တာမို့ မျိုးဆက်သစ် လူငယ် နိုင်ငံရေး သမားတို့ကို အတွေ့အကြုံရင့် နိုင်ငံရေး သမားတို့နဲ့ ပူးပေါင်းထားရမှာ လည်း ဖြစ်တယ်လို့လည်း ရှုမြင်ကြပါတယ်။

XS
SM
MD
LG