သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲပေးခွင့် အတွက် စိတ်မပူဖို့ ကော်မရှင်ပြောကြား


မဲစာရင်းကြည့်နေသူများ (စက်တင်ဘာ ၁၄၊ ၂၀၁၅)
မဲစာရင်းကြည့်နေသူများ (စက်တင်ဘာ ၁၄၊ ၂၀၁၅)

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ မဲစာရင်းမှာ အမှားအယွင်းတွေ ရှိနေဆဲဖြစ်ပေ မယ့် မဲပေးခွင့် မရကြမှာကို ပူစရာမလိုဘူး လို့ ရွေးကောက်ပွဲ ကော်မရှင် က ပြောဆိုလိုက်ပါတယ်။ ရွေးကောက်ပွဲနေ့ မရောက်ခင် တပတ် အလိုမှာ မဲဆန္ဒရှင် သက်သေခံ လက်မှတ်တွေကို ကြိုတင် ထုတ်ပေး သွားမှာ ဖြစ်တယ် လို့လည်း ရွေးကောက်ပွဲကော်မရှင် က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီအကြောင်းကို ကိုဉာဏ်ဝင်းအောင်က စုံစမ်းတင်ပြထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ပထမတကြိမ် ထုတ်ပြန်တဲ့ မဲစာရင်းဟာ အိမ်ထောင်စု ဇယားပေါ် အခြေခံတဲ့ မဲစာရင်းဖြစ်ပေမယ့် ဒုတိယတကြိမ် ထုတ်ပြန်တဲ့ အခါမှာတော့ အက္ခရာ စဉ်လိုက် ဖြစ်သွားတာကြောင့် မဲစာရင်းမှာ ကိုယ့်နာမည်ပါမပါ ရှာဖွေစစ်ဆေးဖို့ကိုတောင် အခက်အခဲ ဖြစ်သွားစေတယ်လို့ NLD ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးထွန်းထွန်းဟိန်က ပြောပါတယ်။

" ကျနော်တို့က ဘာဖြစ်လဲ ဆိုရင် ပထမအကြိမ် မဲစာရင်း ကပ်တုန်းက အိမ်ထောင်စု စာရင်းအရ ထွက်တာပေါ့ဗျာ။ အခုတခါကျတော့ Alpha Vertical ပေါ့ အက္ခရာစဉ်လိုက် ထွက်တယ်လို့ ဒီလိုလုပ်တော့ ကျနော်တို့က ပြန် Check လုပ်ဖို့တောင် အတော်ခက်တယ်။ မခက်ခဲတဲ့ဥစ္စာ ခက်ခဲအောင် လုပ်နေတယ်လို့ ဒီလိုမြင်တာပေါ့ဗျာ။"

ဒီလို အက္ခရာစဉ်လိုက် ဖြစ်သွားရတာဟာ ၂၀၁၅ ရွေးကောက်ပွဲအတွက် အကူအညီပေးနေတဲ့ ရွေးကောက်ပွဲဆိုင်ရာ နိုင်ငံတကာဖေါင်ဒေးရှင်း IFES (International Foundation for Electoral Systems) ရဲ့ကွန်ပျူတာဆော့ဖ်ဝဲ အပြောင်းအလဲတွေကြောင့် ဖြစ်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ညွှန်ကြားရေးမှူး ဦးသိန်းဦးက VOA ကို ရှင်းပြပါတယ်။

"Software ပြောင်းလိုက်တဲ့အခါကျတော့ အဲ့လိုတွေဖြစ်သွားတာပါ။ Software ကဗျာ ကျနော်တို့ ဒီ မဲစာရင်း လုပ်တဲ့အခါမှာ IFES ကနေ ဝိုင်းကူတယ်လေ။ သူတို့က Software ကို Update လုပ်လိုက်တော့ အဲ့လို နည်းနည်း အပြောင်းအလဲလေးတွေ အက္ခရာစဉ် လိုက် ဖြစ်သွားတဲ့အခါကျတော့ နည်းနည်းလေး ရှာရတာလေး ခက်သွားတာပေါ့။ "

မဲစာရင်း အမှားတွေကြောင့် မဲပေးခွင့်ရှိတဲ့ အသက် ၁၈ ပြည့်ပြီးသူတိုင်း မဲ မပေးလိုက်ရတဲ့ နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးသွားမှာကို စိုးရိမ် နေကြတာပါ။ ဒါနဲ့ပတ်သက်လို့ NLD ပြောခွင့်ရ ဦးထွန်းထွန်းဟိန် ပြောတာက -

"မဲပေးလို့ရဖို့က မဲစာရင်းထဲ ပါဖို့ လိုတာကိုး။ ဒီအချက်အလက်မှားနေတာကို သူတို့က ဘာပြောနေလဲဆိုတော့ ကော်လံ ကိုးခုရှိတယ်ဗျာ။ ကော်လံကိုးခု လုံးမှန်ဖို့ ဒါ အခက်အခဲ အများကြီးရှိတာပဲ။ အဲ့ဒီ့မဲပေးပိုင်ခွင့်ရှိတယ်။ မဲပေးပိုင်ခွင့် မရှိဘူးဆိုတာ မဲရုံမှူုးက ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်ဗျာ။ သဘောက မဲရုံမှူး သဘောတူရင် ပေးဖို့ က ဖြစ်နိုင်တယ်ဗျာ။ မဲရုံမှူးက သဘောမတူဘူးဆိုရင် ပေးဖို့က မဖြစ်နိုင်ဘူးဗျာ။ အဲ့လို မှတ်ပုံတင် နံပတ် မှားတာတို့ ဘာတို့က မဲရုံမှူးရဲ့ဆုံးဖြတ်ချက်ပေါ် မူတည်တယ်ဗျာ။ အဲ့တော့ အဲ့တာတွေ ပြန်ကြည့်လိုက်မယ်ဆိုရင် နိုင်ငံသားတယောက်ရဲ့ အခွင့်အရေးတွေက အဲ့ဒီ့တခုတည်းအပေါ် သွားပြီးတော့ မူတည်နေတယ်ဗျာ။ "

ရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင် သက်သေခံကဒ်ပြားတွေကို ကြိုတင် ထုတ်ပေးသွားမှာ ဖြစ်တဲ့အတွက် မဲပေးခွင့် ဆုံးရှုံးမှာကို ပူစရာ မလို ဘူးလို့ ရွေးကောက်ပွဲကော်မရှင် ညွှန်မှူး ဦးသိန်းဦးကပြောပါတယ်။

" အခု ကျနော်တို့က မဲဆန္ဒရှင် သက်သေခံလက်မှတ်လည်းပဲ ထုတ်ပေးဦးမယ်။ အကုန်လုံးကို ထုတ်ပေးဦးမယ်ဗျ။ အဲ့ဒီ့အထဲမှာ မဲစာရင်းနံပတ် ပါမှာဖြစ်တဲ့အတွက် လျှင်မြန်လွယ်ကူစေဖို့ရယ် အဲ့နောက်တချက်က အခုရေဘေး ဒုက္ခရောက်တဲ့ ဒေသတွေမှာ မှတ်ပုံတင်တို့ တခြား သက်သေခံ ကဒ်တွေ ပျောက်သွားတယ်ဆိုလို့ရင် မဲပေးလို့ရအောင် နောက် တတိယ အချက်ကတော့ အဲ့ဒီ့ မဲဆန္ဒရှင် သက်သေခံလက်မှတ်မှာ မဲစာရင်းထဲမှာပါတဲ့ အချက်အလက်အတိုင်း ထည့်ပြီးတော့ ပေးလိုက်မှာ။

တကယ်လို့ မှားတယ်ဆိုပြီး ပြန်ပြင်ပြီးတော့ ပေးရင် ကျနော်တို့က နောင်ရွေးကောက်ပွဲ အတွက်ကို ရအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးကောက်ပွဲနေ့မတိုင်ခင် တပတ်အလိုလောက်မှာ ကျနော်တို့က အဲ့ဒီ့သက်သေခံလက်မှတ်တွေကို ထုတ်ပေးမှာပါ။ အဲ့လိုပေးမှာဖြစ်တဲ့အတွက် မဲပေးခွင့် ဆုံးရှုံးဖို့တော့ ပူစရာမလိုဘူးလို့ထင်ပါတယ်။"

မဲစာရင်းတွေ အခုချိန်ထိမှားနေရတာဟာ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတာကြောင့် ဖြစ်တယ်လို့ ရွေးကောက်ပွဲ ညွှန်မှူး ဦးသိန်းဦး က ထောက်ပြပါတယ်။

"သူတို့ အားလုံး ပြည်သူလူထု အားလုံးကသာ ပူးပေါင်းဆောင်ရွက်ခဲ့မယ်ဆိုရင် ဒီဥစ္စာ မှန်ကန်တဲ့ မဲစာရင်းတခုကို ကျနော်တို့ ရရှိခဲ့မှာဖြစ်ပါတယ်။ အဲ့တော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကနေပြီးတော့ ၁၈ နှစ်ပြည့်ပြီးတဲ့သူတွေကို ကူးယူတဲ့အခါမှာ ဒီဟာတွေဟာ Update မဖြစ်ခဲ့ကြတဲ့ အတွက်ကြောင့်မို့လို့ မှားတာတွေလည်းရှိမယ်။ တချို့ကျတော့လည်းပဲ မွေးသက္ကရာဇ်အပိုင်းမှာဆိုရင် ရက်စွဲအတိအကျ လအတိအကျ မသိပဲနဲ့ ဘယ်နှစ်ခုနှစ်လောက်က မွေးတယ်ဆိုပြီး စာရင်းဖြည့်ထားတဲ့ဟာတွေလည်းပဲ ရှိတယ်။

အဲ့တော့ ဒီဟာတွေကို ကျနော်တို့က ပြုစုတဲ့အခါမှာ ကွန်ပျူတာထဲ သွင်းတဲ့အဖွဲ့တွေအနေနဲ့ ဘေးက တယောက်က ခေါ်ပေးတဲ့အခါမှာ သူ့ရဲ့ အသံထွက်ကို တဖက်က လူက နားကြားလွဲပြီး စာလုံးပေါင်းတွေမှားတာ ဥပမာ မောင်နဲ့ အောင်နဲ့ မှားတာတို့ ဒါမျိုးလေးတွေလည်း မှားတာလေးတွေ ရှိတာပေါ့။

ဒါပေမဲ့ အဲ့ဒီ့ဥစ္စာတွေ အားလုံးကို မှားတယ် မှားတယ်ပဲ ဒါကိုပဲ ပြောနေတဲ့ အခါကျတော့ ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ အားနည်းသွားတယ်။ ဒါကို ပြင်ဆင်ဖို့ လာတင်တာ ၃၀% လောက်ပဲတင်ခဲ့တယ်ဗျ။ ၃၀% လောက်ပဲ တင်ခဲ့တော့ ၃၀% လောက်ပဲ ကျနော်တို့က ပြင်နိုင်တယ်။ ကျန်တဲ့ ၇၀% က လာကြည့်တယ် မကြည့်ဘူး မှန်တယ် မှားတယ်လို့ ဘယ်လိုမှ သုံးသပ်လို့မရဘူး။

အဲ့တော့ ကျနော်တို့ ကော်မရှင် အနေနဲ့ကတော့ မဲပေးပိုင်ခွင့် ရှိတဲ့သူအားလုံးကို မဲပေးခွင့်ရရှိရေးအတွက်ကို ရည်ရွယ်ပြီး မဲစာရင်းကို မှန်အောင်ဆိုပြီး အခြေခံမဲစာရင်းကို ကြိုတင်ပြုစုခဲ့တာပါ။"

စက်တင်ဘာ ၁၄ ရက်နေ့က ဒုတိယအကြိမ် ထုတ်ပြန်လိုက်တဲ့ မဲစာရင်းမှာ အမှားအယွင်းတွေ တွေ့ခဲ့မယ်ဆိုရင် စက်တင်ဘာ ၂၇ ရက် နောက်ဆုံးထားပြီး လာရောက်ပြင်ဆင်ကြဖို့ ရွေးကောက်ပွဲကော်မရှင်က ကြေညာထားပါတယ်။

XS
SM
MD
LG